Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၀.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မကုန်မီ မွေးမြူရေးလုပ်ငန်းရှင်များ အကြွေးဆပ်ရမည်
  2. ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲရန် ဒေသခံသဘောထား စစ်တမ်းကောက်ယူ
  3. ကုလသမဂ္ဂအထောက်အပံ့ပစ္စည်းများ ကချင်သို့ ရောက်ရှိ
  4. မန္တလေးတွင်  ဥပဒေနှင့်အညီ မှတ်ပုံတင်ကိုင်ဆောင်မှု ရှိ၊ မရှိ စစ်ဆေး

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မကုန်မီ မွေးမြူရေးလုပ်ငန်းရှင်များ အကြွေးဆပ်ရမည်

နိုင်ငံတော်ထံမှ ကျပ်ငွေသန်းပေါင်း လေးသောင်းကျော် ချေးယူထားသည့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မကုန်မီကာလအတွင်း အဆိုပါအကြွေးများကိုပေးဆပ်ရန်နှင့် ဘဏ္ဍာနှစ်ကုန်သည်အထိ ပေးဆပ်နိုင်ခြင်းမရှိပါက ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးက ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်များ အကြွေးတင်ရခြင်းမှာ ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်အရေးအခင်းကြောင့် ပြည်ပဝယ်လက်ကျဆင်းခြင်း၊ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရခြင်းနှင့် ၂၀၁၀ ခုနှစ်မှစတင်၍ တစ်စတစ်စ ကျဆင်းလျက်ရှိသည့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားများကြောင့် ပြန်လည်နလံမထူနိုင်ဘဲ အရှုံးပေါ်၍ အကြွေးတင်ခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်များမှာ နိုင်ငံတော်သို့ပြန်လည် ဆပ်ရမည့်ကြွေးမြီများအပြင် ပြည်ပချေးငွေစုစုပေါင်း ကျပ်သန်းပေါင်း တစ်သိန်းကျော် အကြွေးတင်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မွေးမြူရေးလုပ်ငန်းများတွင် လုပ်ငန်းရှင်ကြီးတစ်ဦးတည်းမှ လက်ဝါးကြီးအုပ်လွှမ်းမိုးမှု၊ ဈေးကွက်ချုပ်ကိုင်မှု မဖြစ်ပွားနိုင်စေရန်နှင့် ယှဉ်ပြိုင်မှုပိုမိုအားကောင်းလာနိုင်စေရန် မွေးမြူရေးအများပိုင်ကုမ္ပဏီ ကို မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်မှ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------

ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲရန် ဒေသခံသဘောထား စစ်တမ်းကောက်ယူ

photo credit - internet

မဟာရန်ကုန်ဖွံ့ဖြိုးမှု စီမံကိန်းကို ရေးဆွဲရာတွင် မြို့နယ် အတိုးအလျှော့များပြုလုပ်နိုင်ရန် ဒေသခံ နေထိုင်သူများ၏ သဘောထားနှင့် လူနေမှုပုံစံ၊ စီးပွားရေး စသည့်အခြေအနေများကို လေ့လာ စစ်တမ်းကောက်မှု အကြိမ်ကြိမ်ပြုလုပ်၍ ပြည်သူတို့၏ အကျိုးစီးပွားထိခိုက်မှုမရှိနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဋ္ဌာန၊ ရန်ကုန်မြို့တော် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးအဖွဲ့နှင့် မြို့ပြပညာရှင်များမှ ပူးပေါင်း၍ အဆိုပါစီမံကိန်းကို ၂၀၁၃ နှစ်ကုန်ပိုင်းအပြီး ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲနိုင်ရေးအတွက် နယ်မြေအတိုးအလျှော့ပြုလုပ်ရန် အဆိုပြုထားသည့် မြို့နယ်များမှာ သန်လျင် ကျောက်တန်း၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်၊ တွံတေးတို့ဖြစ်ပြီး အဆိုပါဒေသများတွင် နယ်မြေအတိုးအလျှော့ များစွာရှိနိုင်ကြောင်း သိရသည်။ စီမံကိန်းရေးဆွဲ နေစဉ်ကာလ အတွင်း နယ်မြေအတိုးအချဲ့လုပ်မှုများကို အသိပေးသွားမည်မပာုတ်ဘဲ  ဒီဇင်ဘာလကုန်မှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ပြည်သူများနေထိုင်နိုင်ရန် နှစ်စဉ်အိမ်ခန်းပေါင်း သုံးသောင်းကျော်လိုအပ်လျှက်ရှိသော်လည်း အမှန်တကယ် တည်ဆောက် ဖြည့်ဆည်းပေးနိုင်မှုမှာ အိမ်ရာအခန်းပေါင်း ၇၀၀၀ ကျော်သာရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဋ္ဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

မဟာရန်ကုန် မြို့ပြစီမံကိန်းဆောင်ရွက်စဉ်ကာလ ငါးနှစ်အတွင်း ဒေါ်လာ သန်း ၂၂၀၀ ကျော် ကုန်ကျမည်ဖြစ်ပြီး လက်ရှိရန်ကုန်မြို့တော်၏ အကျယ်အဝန်းမှာ ၃၀၆ စတုရန်းမိုင်ရှိပြီး လူဦးရေ ၆ သန်းကျော် နေထိုင်လျှက်ရှိသည်။

YC

----------------------------------------------------------------------------------------------------------

ကုလသမဂ္ဂအထောက်အပံ့ပစ္စည်းများ ကချင်သို့ ရောက်ရှိ

ကချင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်များအတွက် အကူအညီများပေးအပ်နိုင်ရန် ကုလသမဂ္ဂအဖွဲ့(EU)၏ ပထမဆုံး စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၆ စီးသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် ဖားကန့်ဒေသသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖားကန့်ဒေသတွင် ဒုက္ခသည်စခန်းပေါင်း ၃၆ ခုရှိပြီး အဆိုပါ ဒုက္ခသည်စခန်းများရှိ ဒေသခံပြည်သူများအား ပြည်တွင်း NGO များနှင့် အလှူရှင်များက ကူညီထောက်ပံ့လျှက်ရှိသော်လည်း ဒုက္ခသည်ပေါင်းတစ်သိန်းခန့်အတွက် အကူအညီများ လိုအပ်လျက်ပင် ရှိနေသေးသည့်အတွက် ယခုကဲ့သို့ ကုလသမဂ္ဂနှင့် INGO များမှ ဆက်လက်ကူညီ ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် ကေအိုင်အိုတို့က ကချင်ပြည်နယ်တွင်းရှိ စစ်ဘေးဒုက္ခသည်များအတွက် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကိုလက်ခံရန် မကြာမီကမှ ဆုံးဖြတ်ခဲ့ကြပြီး အစိုးရထိန်းချုပ်နယ်မြေများသို့ ယခုကဲ့သို့ ပထမဆုံးအကြိမ် ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိလာခြင်း ဖြစ်သည်။

အစိုးရထိန်းချုပ်နယ်မြေများအပြင် ကေအိုင်အို ထိန်းချုပ်နယ်မြေများဆီသို့လည်း မကြာခင်တွင်ပင် အကူအညီများ ပေးပို့နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ရက်စွဲပါ ကြေညာချက်တွင် ထည့်သွင်းပြောကြားထားသည်။

ယခု ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာသော ကုလသမဂ္ဂအကူအညီပစ္စည်းများ တင်ဆောင်လာသောယာဉ်တန်းတွင် ပစ္စည်းတင်ကား ၆ စီး၊ ကုလသမဂ္ဂ ရုံးကား ၅ စီး ပါရှိပြီး ကုလနှင့် INGO မှ ဝန်ထမ်းများ လိုက်ပါလာကြောင်း သိရသည်။

YC

------------------------------------------------------------------------------------------------------

မန္တလေးတွင်  ဥပဒေနှင့်အညီ မှတ်ပုံတင်ကိုင်ဆောင်မှု ရှိ၊ မရှိ စစ်ဆေး

photo credit - internet

တိုင်းရင်းသားမပာုတ်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) ကိုင်ဆောင်သူများအနေဖြင့် ဥပဒေနှင့်ညီညွှတ်မှု ရှိ၊ မရှိကို မန္တလေးတိုင်းဒေသကြီး၌ စတင်စီစစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဌေးက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ရက်မြောက်နေ့တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းရာတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ မှတ်ပုံတင်များအား စိစစ်ရာတွင် အိမ်ထောင်စု လူဦးရေစာရင်းများ တရားဝင်ထုတ်ပေးထားခြင်း ဟုတ်မဟုတ်၊ ထုတ်ပေးထားမှု မှန်ကန်ခြင်း ရှိမရှိ၊ အိမ်ထောင်စုစာရင်းဖြင့် မဟုတ်ဘဲ ဧည့်စာရင်းဖြင့်နေထိုင်သူ သို့မဟုတ် တရားဝင်နေထိုင်သူ ဟုတ်မဟုတ် စသည့်အချက်တို့ကို မိမိတို့ ရုံးလက်ခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေး၍ ဥပဒေနှင့် ညီညွတ်မှုခြင်းမရှိပါက တရားမဝင်မှတ်ပုံတင် ကိုင်ဆောင်သူကိုသာမက တရားမဝင်ထုတ်ပေးသူ ဝန်ထမ်းများကိုပါ ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်ရာတွင် ဧည့်နိုင်ငံသားစိစစ်ရေးကတ်ပြား သာမက ယခင် တိုင်းရင်းသားမဟုတ်သူများအား ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံသားခွင့်ပြု စိစစ်ရေးကတ်ပြား၊ အမျိုးသားမှတ်ပုံတင် ကတ်ပြားများကိုပါ ဥပဒေနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ၂၀၁၂ သြဂုတ်လ ၁ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဥပဒေနှင့်ညီညွှတ်မှုမရှိဘဲ ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေး(မှတ်ပုံတင်)ကတ်ပြားများကိုလည်း ပြန်လည်သိမ်းဆည်း ပယ်ဖျက်သွားမည်ဖြစ်သည့်အပြင် လိမ်လည်လျှောက်ထားခဲ့သူများကိုလည်း တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဦးကျော်ကျော်ဝင်းက ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။

YC

************************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment