Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၁.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတံခါးအပွင့်မှာ ထိုင်းကုမ္ပဏီတွေတန်းစီ

(Citywire WeathManager News မှ 20 February 2013 ရက်စွဲပါ “The Thai firms capitalizing on Burma’s open door” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. သေဆုံးသူများကို ပင်လယ်ထဲသို့ ပစ်ချခဲ့ရသည်ဟု အသက်ရှင်ကျန်ရစ်သော လှေစီးဒုက္ခသည်များ ပြောကြား

(Reuters News မှ 20 February 2013 ရက်စွဲပါ “Myanmar migrant survivors tells of throwing dead overboard” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. ၂၂ နိုင်ငံမှ ခရီးသွားဧည့်သည်များကို ဆိုက်ရောက်ဗီဇာ မြန်မာထုတ်ပေး

(Xinhua News မှ 18 feb 2013 ရက်စွဲပါ “Myanmar grants visa-on-arrival for visitors from 22 more countries” သတင်းကို ဘာသာပြန်ဆိုပါသည်)    

  1. သြစတြေးလျ အတွက် ပွင့်လန်းနေသော မြန်မာနိုင်ငံမှ စားနပ်ရိက္ခာ ကုန်သွယ်မှု အခွင့်အလမ်း

(February 13 ရက်စွဲ နှင့် ausfoodnews.com ပါ Kate Carey ၏ "Myanmar opens up for food trade opportunities" ကို ဘာသာပြန်ဆိုပါသည်။)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတံခါးအပွင့်မှာ ထိုင်းကုမ္ပဏီတွေတန်းစီ

(Citywire WeathManager News မှ 20 February 2013 ရက်စွဲပါ “The Thai firms capitalizing on Burma’s open door” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံ၏ တံခါးအပွင့်တွင် အမျှော်အမြင်ရှိသော ကုမ္ပဏီငယ်များက ရင်းနှီးမြှုပ်နှံနေကြပြီဟု Aberdeen New Thai ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ အေဒီသက်ဗာနာဘရီရှာ က ပြောကြားလိုက်ပါသည်။

Siam Cement ကဲ့သို့ ကုမ္ပဏီများက မြန်မာနိုင်ငံတွင်လုပ်ငန်းထူထောင်ရန် သဘောတူညီချက်များရရှိနေခြင်းနှင့်အတူ မြန်မာဈေးကွက်သို့ဝင်ရန် ထိုင်းကုမ္ပဏီများ ခြေသွက်နေကြသည်ဟု ဗာနာဘရီရှာ က ဆိုသည်။

“ဒီ အတွက် အခုကုမ္ပဏီတွေထောင်ကြတယ်။ ထုတ်ကုန်တွေရောင်းကြတယ်။ အဲဒီမှာ ရင်းနှီးမြှုပ်နှံနေ ကြတယ်။ လမ်းကြောင်းတွေ အားလုံးဟာ အခုမြန်မာနိုင်ငံကိုပဲ ဦးတည်နေကြပြီ” ဟု ဗာနာဘရီရှာက ပြောကြားပါသည်။

Siam Cement ကဲ့သို့ပင် ထိုင်းနိုင်ငံပိုင် PTTEP ရေနံဓါတ်ငွေ့လုပ်ငန်းသည်လည်း စတုရန်းကီလိုမီတာ ၁၃၀၀၀ ခန့်ကျယ်ဝန်းသော မြန်မာကမ်းလွန် လုပ်ကွက်နှစ်ခုတွင် ရေနံနှင့် ဓါတ်ငွေ့ ရှာဖွေရန် မနှစ်က သဘောတူညီမှုရရှိခဲ့သည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံးစွမ်းအင် ကုမ္ပဏီ PTTEP သည် မြန်မာ့သဘာဝ သယံဇာတနယ်ပယ်တွင် ရင်းနှီး မြှုပ်နှံရန် စိတ်အားထက်သန်နေသော ကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး၊ မကြာသေးမှီကပင် ၎င်း၏ရင်းနှီးမြှုပ်နှံသူများအား “မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ စွမ်းအင် ရှာဖွေထုတ်လုပ်ရေး ကြိုးပမ်းမှုများ၏ အဓိကဗဟိုချက်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် PTTEP သည် ထားဝယ်စက်မှုဇုန်ရှိ ဓါတ်အားပေးစက်ရုံတွင် ရင်းနှီးမြှုပ်နှံရမလားဆိုသည်ကို လည်း လေ့လာလျက်ရှိသည်။

စွမ်းအင်စီမံကိန်း

ထိုင်းကုမ္ပဏီမျိုးစုံသည် ထိုင်းနိုင်ငံသို့ ဓါတ်ငွေ့ပို့လွှတ်မည့် ပိုက်လိုင်းများ တပ်ဆင်သွယ်တန်းမှုနှင့် လုံးလုံးလျားလျား ပတ်သက်မှုရှိသော ထားဝယ်ဒေသမှ အကြီးစားစွမ်းအင်ထုတ်လုပ်ရေးစီမံကိန်းကို ဦးတည် လှုပ်ရှားနေကြသည်။

မြန်မာနိုင်ငံ၏ သယံဇာတကြွယ်ဝမှုသည် လူမသိသော လျှို့ဝှက်ချက် မဟုတ်ပါ။ ကုန်းတွင်းရေနံ ထုတ်လုပ်မှု တစ်နေ့လျှင် စည်ပေါင်း ၉၃၀၀ နှင့် စုစုပေါင်း သဘာဝဓါတ်ငွေ့ ၁၇.၄ ထရီလီယံကုဗပေ ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနကခန့်မှန်းချက်ပေးထားသော မြန်မာနိုင်ငံတွင် ပြည်တွင်းရေနံကုမ္ပဏီ Myanmar Petroleum Resources တစ်ခုသာရှိသည်။

Aberdeen New Thai မှ ဗာနာဘရီရှာ က ခရစ္စမတ်မတိုင်မှီ ထိုင်းနိုင်ငံတွင် ကြေညာခဲ့သော အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်း၊ အထူးသဖြင့် တစ်ဦးချင်းဝင်ငွေခွန်လျှော့ပေးကာ အခွန်အစီအစဉ်သစ်များကို မိတ်ဆက်ပေးမည့် ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆို လိုက်ပါသည်။

၂၀၁၃ နှစ်စတွင် အာဏာစတင် သက်ရောက်သော အခွန်ဥပဒေသည် အခွန်ထမ်းပြည်သူ နှစ်သန်းခန့်ကို အကျိုးဖြစ်ထွန်းစေခဲ့ပြီး ကော်ပိုရိတ်ဝင်ငွေခွန် ၃ ရာခိုင်နှုန်း လျှော့ချမှုနှင့်လည်း တိုက်ဆိုင်ခဲ့သည်ဟု သိရှိရသည်။

ရလာဒ်အားဖြင့် စိတ်ဓါတ်ကို မြှင့်တင်ပေးခဲ့ပြီး ဒီဇင်ဘာလတွင် ထိုင်းစတော့ဈေးကွက်၌ ခိုင်မာသော အသီးအပွင့်များဆွတ်ခူးပြီးသည့်တိုင်အောင် အဆိုပါပြုပြင်ပြောင်းလဲမှုများ၏ အကျိုးအမြတ်များကို ကုမ္ပဏီများ နှင့် ရင်းနှီးမြှုပ်နှံသူများ ရရှိနိုင်ဦးမည်ဟု Aberceen New Thai မန်နေဂျာ ဗာနာဘရီရှာ ကယုံကြည်ထားသည်။

ထိုင်းနိုင်ငံ၏ အကြီးမားဆုံးအန္တရာယ်

သို့ရာတွင် ဖွံ့ဖြိုးမှုကို မြှင့်တင်ရန်ရည်ရွယ်သော ယခုဆောင်ရွက်ချက်များသည် အပြုသဘောဆောင်သော်ငြားလည်း ထိုင်းနိုင်ငံ၏ အခက်အခဲများမှာ တစ်မျှော်တစ်ခေါ်ရှိနေသည်ဟု ဗာနာဘရီရှာက သတိပေးသည်။ ထိုင်းနိုင်ငံရေးအခင်းကျင်းသည် အန္တရာယ်ရှိနေဆဲ ဖြစ်ပြီး၊ မနှစ်က  အစိုးရအပြောင်းအလဲကြောင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် အကောင်းဆုံးတုန့်ပြန်မှုများရရှိခဲ့သော်လည်း အစိုးရအဖွဲ့အတွင်းမတည်ငြိမ်မှုက စီးပွားရေး ဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နေဆဲဟု ဗာနာဘရီရှာက ယုံကြည်နေသည်။

“အစိုးရသက်တမ်းက ၄ နှစ်ဆိုပေမယ့် မကြာခဏအစိုးရပြောင်းလွန်းတော့ အရာရာကိုထိခိုက်နိုင်ပါတယ်။ ဒီမှာ (ထိုင်းမှာ) အဓိကအန္တရာယ်က နိုင်ငံရေးလို့ ကျွန်တော်ထင်ပါတယ်။” ဟု သူက ဆိုပါသည်။

ထိုင်းနိုင်ငံတွင် ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရသော ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် သြဇာကြီးနေဆဲဖြစ်သော်လည်း အမြင်ကွဲလွဲမှုဖြစ်စေသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ထိုအချက်သည် ထိုင်းခေါင်းဆောင်ပိုင်းကို အနှောင့်အယှက်ဖြစ်စေသည်ဟု ဗာနာဘရီရှာ က ဆက်လက်ပြောကြားသည်။

ပြဿနာအကြောင်းကို ရှာဖွေရှင်းလင်းကာ အကောင်းဆုံးဖြစ်အောင် ကြိုးစားတက်သော ရင်းနှီးမြှုပ်နှံသူ ဗာနာဘရီရှာက သူနှင့် Aberdeen New Thai အဖွဲ့သည် ဤတင်းမာမှုများကို တစ်ဖက်သို့ တွန်းပို့ကာ ဤစိန်ခေါ်မှုများကို ကုမ္ပဏီများ ကျော်လွှားနိုင်ကြလိမ့်မည်ဟု ယုံကြည်စိတ်ချမှုရှိကြောင်း ပြောကြား ပါသည်။

“ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အာဏာသိမ်းမှု၊ ရှပ်နီ-ရှပ်ဝါ ပြဿနာစတဲ့ ပြဿနာ အကြီးစားတွေ တစ်ပုံတစ်ခေါင်းရှိခဲ့ပြီး တကယ့်ကို အရှုပ်ထုပ်ကြီး ဖြစ်ခဲ့ပါတယ်။ အခုတော့ ပြန်လည်တည်ငြိမ် စ ပြုနေပါပြီ” ဟု သူက ဆိုပါသည်။

“စတော့ရှယ်ယာအဆင့်မှာတော့ တကယ်ကောင်းတဲ့ အချိန်တွေရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ကုမ္ပဏီတွေက တကယ်ကိုကောင်းပါတယ်။ ကောင်းကောင်းလည်းလုပ်ကြပါတယ်။ ပထဝီအနေအထား အရလည်း နေရာကောင်းရထားပါတယ်။ နာရီအနည်းငယ် လေယာဉ်စီးလိုက်တာနဲ့ ထိုင်း နိုင်ငံဟာ လူဦးရေနှစ်ဘီလီယံကနေ သုံးဘီလီယံ ကြားရှိတဲ့ ဒေသတွင်းမှာ ရောက်နေပါပြီ” ဟု ဗာနာဘရီရှာ ကရှင်းလင်းပြောဆိုခဲ့သည်။

---------------------------------------------------------------------------------------------------

သေဆုံးသူများကို ပင်လယ်ထဲသို့ ပစ်ချခဲ့ရသည်ဟု အသက်ရှင်ကျန်ရစ်သော လှေစီးဒုက္ခသည်များ ပြောကြား

(Reuters News မှ 20 February 2013 ရက်စွဲပါ “Myanmar migrant survivors tells of throwing dead overboard” သတင်းကို ဘာသာပြန်ဆိုပါသည်)

photo credit - Reuters

သီရီလင်္ကာရေတပ်က ကယ်ဆယ်ခဲ့ရသော နစ်မြှုပ်သွားသော စက်လှေမှ ရိုဟင်ဂျာမွတ်ဆလင်များက ၎င်းတို့၏ ပင်လယ်ခရီးတွင် အစာနှင့်ရေ ပြတ်လပ်မှုကြောင့် သေဆုံးသွားသူ ၉၈ ဦးကို ပင်လယ်ထဲသို့ ပစ်ချခဲ့ရသည်ဟု ပြန်ပြောပြခဲ့ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က တနလာင်္နေ့တွင် ပြောကြားလိုက်ပါသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သီရီလင်္ကာအရှေ့တောင်ဖက်ကမ်းရိုးတန်းမှ ရေမိုင် ၂၅၀ အကွာတွင် စက်ပျက်နေသော စက်လှေတစ်ဆင်း နစ်မြှုပ်နေစဉ် ၎င်းစက်လှေပေါ်မှ လူကြီး ၃၁ ဦးနှင့် ကလေးတစ်ဦးကို ကယ်ဆယ်ခဲ့သည်ဟု သီရိလင်္ကာရေတပ်က ၎င်း၏ဝက်ဘ်ဆိုက်တွက် သတင်းထုတ်ပြန်ထားပါသည်။

သီရိလင်္ကာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပရီရှန်သာဂျာယာကိုဒီ က “စက်လှေစီး ဒုက္ခသည်များသည် တစ်လစာ ရေနှင့်ရိက္ခာကို သယ်ယူလာခဲ့ကြသော်လည်း စက်လှေအင်ဂျင်ပျက်သွားပြီးနောက် ပင်လယ်ထဲတွင် နှစ်လခန့် မျောပါနေခဲ့ကြကြောင်း၊ ရေယာဉ်မာလိန်မှူးနှင့် အခြား ၉၇ ဦးတို့မှာ အစာနှင့်ရေငတ်ကာ သေဆုံးသွားခဲ့ကြကြောင်း၊ ထို့ကြောင့် သူတို့၏ အလောင်းများကို ပင်လယ်ထဲသို့ပစ်ချခဲ့ရကြောင်း၊ ပြန်ပြောပြခဲ့ကြသည်။” ဟု ဝိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

အသက်ရှင်ကျန်ရစ်သူများက ၎င်းတို့သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြားရှိ နယ်စပ်ကျေးရွာမှ မွတ်ဆလင်များဖြစ်ပြီး အင်ဒိုနီးရှားနှင့် သြစတြေးလျနိုင်ငံများတွင် ခိုလှုံနေထိုင်ဖို့ ကြိုးစားရန်ကြံရွယ် ထားကြသည်ဟု ပြောဆိုကြကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂျာယာကိုဒီက သတင်း ထုတ်ပြန်သော်လည်း အသေးစိတ်ရှင်းလင်းပြောကြားခြင်း မပြုပါ။

-----------------------------------------------------------------------------------------------------

၂၂ နိုင်ငံမှ ခရီးသွားဧည့်သည်များကို ဆိုက်ရောက်ဗီဇာ မြန်မာထုတ်ပေး

(Xinhua News မှ 18 feb 2013 ရက်စွဲပါ “Myanmar grants visa-on-arrival for visitors from 22 more countries” သတင်းကို ဘာသာပြန်ဆိုပါသည်)

credit - online

မြန်မာအာဏာပိုင်များသည် နောက်ထပ် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ခရီးသည်များ (အထူးသဖြင့် ဥရောပမှ) ကို မန္တလေး နိုင်ငံတကာလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးရန် တိုးချဲ့စီစဉ်ခဲ့ပြီး ယခုလအတွင်း စတင်နေသည်ဟု ပြည်တွင်းမီဒီယာက တနလာင်္နေ့တွင် သတင်းဖော်ပြသည်။

ယခု ဆောင်ရွက်ချက်ကြောင့် ဆိုက်ရောက်ဗီဇာထုတ်ပေးရန် အကြုံးဝင်သော နိုင်ငံ ၄၈ နိုင်ငံ အထိရှိလာပြီ ဖြစ်သည်။

ယခု အစီအစဉ်ကြောင့် မြန်မာသံရုံးတွင် ဗီဇာလျှောက်ရန် အချိန်မရသော ခရီးသွားဧည့်သည်များကို အဆင်ပြေစေလိမ့်မည်ဟု ဆိုသည်။

ဒေါ်လာ ၅၀ ပေးဆောင်ရသော စီးပွားရေးလုပ်ငန်းဗီဇာအတွက် ရက်ပေါင်း ၇၀၊ ဒေါ်လာ ၄၀ ပေးဆောင်ရသော တိုးရစ်ဗီဇာအတွက် ၂၈ ရက်ခွင့်ပြုထားပြီး ၂၄ နာရီ ခရီးတစ်ထောက်နား ထရန်စစ်ဗီဇာအတွက် ဒေါ်လာ ၂၀ ပေးဆောင်ရသည်ဟု သိရှိရသည်။

ရန်ကုန်နိုင်ငံတကာလေဆိပ်တွင်မူ ၂၀၁၂ ဇွန်လမှ စ၍ အာရှ၊ အာဆီယံ၊ ဥရောပ အပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ခရီးသည်များကို ဆိုက်ရောက်ဗီဇာထုတ်ပေးခဲ့ပြီး တရုတ်၊ ဟောင်ကောင်၊ မက္ကာအို နှင့် ထိုင်ဝမ် တို့လည်း အကြုံးဝင်သည်ဟု ဆိုပါသည်။

မန္တလေးနိုင်ငံတကာလေဆိပ်တွင်မူ ယင်းကဲ့သို့ ဆိုက်ရောက်ဗီဇာပေးခြင်းကို ၂၀၁၂ နိုဝင်ဘာ ၁ ရက် နောက်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်လွှားမှ ခရီးသွားဧည့်သည် တစ်သန်းကျော်ကို ဆွဲဆောင်ခဲ့သည်ဟု ခန့်မှန်းရပြီး၊ တစ်နှစ်အတွင်း သိသာသော အပြောင်းအလဲများကြောင်း ၂၀၁၁ ခုနှစ်ကထက် မည်သည့်အရေအတွက် နှစ်သိန်းခန့်ပိုမိုဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြန်မာအစိုးရသည် အာဏာရလာပြီး နောက်ပိုင်းနိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို ဆက်တိုက်ပြုလုပ်လျက်ရှိသော်လည်း ပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်နှင့် စားဝတ်နေရေးမှာ ခက်ခဲနေဆဲပင် ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လွန်စွာအရေးပါသော လူလတ်တန်းစားအလွှာမှာ ဆိုးဆိုးဝါးဝါး ဆုတ်ယုတ်နေသည်ဟု ပြည်တွင်းမှ အကဲခတ်လေ့လာသူများက သုံးသပ်ပြောဆိုထားသည်။

-----------------------------------------------------------------------------------------------------

သြစတြေးလျ အတွက် ပွင့်လန်းနေသော မြန်မာနိုင်ငံမှ စားနပ်ရိက္ခာ ကုန်သွယ်မှု အခွင့်အလမ်း

(February 13 ရက်စွဲ နှင့် ausfoodnews.com ပါ Kate Carey ၏ "Myanmar opens up for food trade opportunities" ကို ဘာသာပြန်ဆိုပါသည်။)

သြစတြေးလျအစိုးရသည်  အာရှ၏ ဖွံ့ဖြိုးလာသော စီးပွားရေးဈေးကွက်သစ်များတွင် စီးပွားရေးအခွင့်အလမ်းများ ပေါ်ထွန်းလာအောင် ကူညီသည့်အနေဖြင့် ယခုနှစ်တွင် မြန်မာနိုင်ငံ၌ သြစတြေးလျ ကုန်သွယ်ရေးရုံးတစ်ခု ဖွင့်လှစ်မည်ဖြစ်သည်။

ဤအချိန်တွင်ပင် "Stanton Emms Strategy Consultants" အဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် တစ်နှစ်လျှင် စိုက်ပျိုးရေးထွက်ကုန် ရိက္ခာ မီလီယံတန် ၅၅ မှ ၆၀ အထိ ထုတ်လုပ်နေပြီး ကမ္ဘာတွင် စားနပ်ရိက္ခာပိုလျှံသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် အခြေခံစားသောက်ကုန်များ စိုက်ပျိုးထုတ်လုပ်မှု ပိုလျှံသော်လည်း စားသောက်ကုန် ပြုပြင်ထုတ်လုပ်မှုအဆင့်ဆင့်၌ အားနည်းမှုများ ရှိနေကြောင်း အဆိုပါ အစီရင်ခံစာက အသားပေး ဖော်ပြထားသည်။

အစီရင်ခံစာအရ ၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံ၏ သွင်းကုန်ပမာဏ၏ ၅၀ ရာခိုင်နှုန်းမှာ ပြုပြင်ထုတ်လုပ်ထားသော စားသောက်ကုန်နှင့် အဖျော်ယမကာများ ဖြစ်သည်။ ဤပမာဏမှာ ၂၀၀၅ ခုနှစ်ကတည်းက တိုးမြင့်လာခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရှိ စားသောက်ကုန် ထုတ်လုပ်သော လုပ်ငန်းများသည် တိုးမြင့်လာသော ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်သူများ၏ လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်သည့် စွမ်းဆောင်ရည် မရှိခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။

သြစတြေးလျကုန်သွယ်ဝန်ကြီး ဒေါက်တာ ခရေခ်ျအီမာဆင် (Dr Craig Emerson)က ရန်ကုန်တွင် သြစတြေးလျ ကုန်သွယ်မှုရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားသည်။ ကုန်သွယ်မှုရုံးဖွင့်ရန် အဆင်သင့်ဖြစ်ပါက မြန်မာပြည်ဒေသခံ စီးပွားရေးဖွံ့ဖြိုးမှု မန်နေဂျာများနှင့်အတူ သြစတြေးလျ ကုန်သွယ်ရေး ကော်မရှင်နာတစ်ဦးကို ခန့်အပ်သွားမည်ဟု ဆိုသည်။

ဖွံ့ဖြိုးလာသော အာရှစီးပွားရေး၏ အခွင့်အလမ်းသစ်များကို သိမြင်တုံ့ပြန်လာခြင်းသည် သြစတြေးလျ၏ Asian Century White Paper အစီအစဉ်ကို အမှန်တကယ် အကောင်အထည်ဖော်ခြင်းကို ဗဟိုပြုသည်ဟု ဒေါက်တာအီမာဆင်က ပြောခဲ့ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အပြုသဘောတုံ့ပြန်သည့်အနေဖြင့် ယမန်နှစ်က ခရီးသွားလာခွင့် နှင့် ငွေရေးကြေးရေးဆိုင်ရာ ပိတ်ပင်ကန့်သတ်မှုများကို ဖြေလျှော့ပေးခဲ့သည်။

သြစတြေးလျကုန်သွယ်ရေးရုံး မြန်မာပြည်တွင် တည်ရှိခြင်းက သြစတြေးလျကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြချိန်တွင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အပံ့ပြုနိုင်လိမ့်မည်ဟု ဒေါက်တာအီမာဆင်က ပြောပါသည်။

"မြန်မာနိုင်ငံဟာ အိန္ဒိယ၊တရုတ်နှင့် ထိုင်းနိုင်တို့လို ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေအကြားမှာ မဟာဗျူဟာကျစွာ တည်ရှိပြီးတော့ အရှေ့တောင်အာရှရဲ့ အကြီးဆုံး ကုန်းမြေဧရိယာရှိတဲ့ နိုင်ငံတစ်ခုဖြစ်တယ်၊ ပြီးတော့ သဘာဝဓါတ်ငွေ့၊ လောင်စာဆီ စတဲ့ သဘာဝသယံဇာတတွေ ပေါကြွယ်ဝပြီး လူဦးရေလည်း တိုးတက်နေတဲ့ နိုင်ငံတစ်နိုင်ငံပါ" ဟု ဒေါက်တာ အီမာဆင်က ပြောကြားသည်။

သြစတြေးလျအစိုးရက White Paper တွင် အာဆီယံတွင် ခန့်အပ်မည့် သံအမတ်ကို ဂျကာတာတွင် ထားရှိရန် ပြောကြားခဲ့သည်။ ယင်း White Paper တွင် ယမန်နှစ်က သြစတြေးလျ ကုန်သွယ်ရေးရုံး၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသည့် ကောင်စစ်ဝန်ရုံးကို မွန်ဂိုလီးယားမြို့တော် အူလန်ဘတာ (Ulaanbaatar) မြို့တွင် ထားရှိရန်နှင့် ကောင်စစ်ဝန်ရုံးသစ်ကို တရုတ်ရှိ ချန်ဒူ(Chengdu) မြို့တွင် ထပ်မံဖွင့်လှစ်ရန် ကြေညာထားသည်။

ရန်ကုန်တွင် ဖွင့်လှစ်မည့် သြစတြေးလျ ကုန်သွယ်ရေးရုံးသည် ၂၀၁၃ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၆ ရာခိုင်နှုန်း ရှိလိမ့်မည်ဟုခန့်မှန်းသော၊ အလားအလာကောင်းများနှင့်အတူ စိန်ခေါ်မှုများလည်း ရှိနေသော မြန်မာ့ဈေးကွက်တွင် သြစတြေးလျကုမ္ပဏီများကို ကူညီမှုများ ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေပေသည်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment