Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၎.၃.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ဝန်ကြီးများနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့နှင့် နီးစပ်သည့်ကုမ္ပဏီများသာ အခွင့်အရေးပိုမိုရ
  2. လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်အား ဒေသခံများမှတရားစွဲဆိုမည်
  3. တပ်မတော်ကဏ္ဍကို တစ်ဆင့်ချင်းသာ လျော့ချမည်
  4. ရခိုင်ရှိ ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရာတွင် နိုင်ငံသားဖြစ်ခွင့်စိစစ်ပြီးမှ ခွင့်ပြုသင့်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ 

ဝန်ကြီးများနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့နှင့် နီးစပ်သည့်ကုမ္ပဏီများသာ အခွင့်အရေးပိုမိုရ

ပြည်ထောင်စုဝန်ကြီးများ၊ ကုန်သည်စက်မှုအသင်းချုပ်တို့နှင့် နီးစပ်ပတ်သက်လျက်ရှိသည့် ကုမ္ပဏီများသာ အခွင့်အရေးပိုမိုရရှိလျက်ရှိသည့် အတွက် အများပိုင်ကုမ္ပဏီအများစု ရပ်တည်နိုင်ရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကလုပ်ငန်းရှင်အားလုံး ပါဝင်ဆောင်ရွက်နိုင်သည့် အရင်းအနှီးဈေးကွက်တစ်ခု ဖြစ်ပေါ်လာနိုင်စေရေးအတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ အများပိုင်ကုမ္ပဏီများဖွဲ့စည်းရန်တိုက်တွန်းခဲ့သော်လည်း အခွင့်အရေးပိုမိုရလျက်ရှိသည့် ကုမ္ပဏီများကြောင့် အများပိုင် ကုမ္ပဏီများမှာ ယိုင်နဲ့လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အများပိုင်ကုမ္ပဏီအချင်းအချင်းအကြား ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ပုဂ္ဂလိကပိုင်းကို ဦးစားပေးခြင်းနှင့် ဥပဒေအတိအကျ ထွက်ရှိခြင်းမရှိ သေးသည့်အတွက် အများပိုင်ကုမ္ပဏီတည်ထောင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၂ နိုဝင်ဘာလ ၂ ရက်နေ့တွင် နိုင်ငံခြားရင်းနှိးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးဖြစ်သည့်အတွက် မကြာမီ ကာလအတွင်း ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုးဝင်ရောက် လာတော့မည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ သည့်အချိန် တွင် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းများခိုင်မာနေစေရန် အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ရခြင်းဖြစ်ကြောင်း သိရသည်။

YC

***************************************************

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်အား ဒေသခံများမှတရားစွဲဆိုမည်

တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် စီးပွားရေးဦးပိုင်လီမီတက်တို့မှ ဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအား ရပ်တန့်ရေးဆန္ဒ ထုတ်ဖော်ခဲ့သည့် ဒေသခံများအား အစိုးရအာဏာပိုင်တပ်ဖွဲ့များမှ အကြမ်းဖက်ဖြိုခွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်အား လက်ပံတောင်း ဒေသခံများမှ ဆားလင်းကြီးမြို့နယ်တရားရုံးမှ စတင်၍ တရားစွဲဆိုတော့မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအား တရားစွဲဆိုရာတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်း လုပ်ထုံးလုပ်နည်းညီညွှတ်ခြင်းမရှိသည့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့်ကိစ္စရပ်အား ဦးစွာတရားစွဲဆိုသွားမည်ဖြစ်ပြီး သပိတ်စခန်းများအား မီးလောင်ဗုံးအသုံးပြု၍ ဖြိုခွင်းခဲ့သည့်ကိစ္စရပ်ဖြင့် နိုင်ငံတော်သမ္မတ အား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေများကွန်ယက်နှင့် အမေရိကန်အခြေစိုက် Justics Trust တို့၏ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွင် လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းရာတွင် အသုံးပြုခဲ့သည့် လက်နက်များမှာ စစ်မြေပြင်များတွင် အသုံးပြု လေ့ရှိသည့် မီးစုန်းငွေ့လက်ပစ်ဗုံးများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ၂၀၁၂ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း ဦးပိုင်နှင့် တရုတ်ကုမ္ပဏီတစ်ခုတို့မှ တည်ဆောက် လျက်ရှိသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်ရေး ဆန္ဒပြလျက်ရှိသည့် သပိတ်ခန်းများအား အစိုးရအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များက မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးနှင့် မီးလောင်ဗုံးတို့အသုံးပြု၍ ဖြိုခွင်းခဲ့သည့်အတွက် သံဃာတော် အပါး ၇၀ ကျော် နှင့် လူပုဂ္ဂိုလ် ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

YC

***************************************************

 

တပ်မတော်ကဏ္ဍကို တစ်ဆင့်ချင်းသာ လျော့ချမည်

မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် တပ်မတော်ပါဝင်မှုအခန်းကဏ္ဍကို တစ်ဖြည်းဖြည်းချင်း လျှော့ချသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ မတ်လ ၁ ရက်နေ့က ဖင်လန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အနာဂါတ်ကိုပုံဖော်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍမှာ အရေးပါနေသေးသည့်အတွက် လွှတ်တော်တွင် ပါဝင်နေသော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တဖြည်းဖြည်းချင်းသာ လျှော့ချသွားမည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အချိန်ထိ တိုင် လျှော့ချရန် မသေချာသေးကြောင်း  ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါရှင်းလင်းပွဲတွင် ဖင်လန်နိုင်ငံက မြန်မာနိုင်ငံအတွက် ထောက်ပံ့ငွေ ယူရို ၆.၄ သန်းကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ အထိကူညီသွားမည်ဟု ဖင်လန်နိုင်ငံသမ္မတ ဆော်လီနီနစ်စတိုနှင့် သဘောတူညီခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ၎င်း၏ ဥရောပခရီးစဉ်တွင် ဒုတိယမြောက်နိုင်ငံအဖြစ် ဖင်လန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဖင်လန်နိုင်ငံမြို့တော် ဟယ်ဆင်ကီတွင် ဖင်လန်နိုင်ငံသမ္မ ဆော်လီနီနစ်စတို အပြင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖင်လန်နိုင်ငံသမ္မတဟောင်း မာတီအတစ်ဆာရီ နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

YC

***************************************************

ရခိုင်ရှိ ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရာတွင် နိုင်ငံသားဖြစ်ခွင့်စိစစ်ပြီးမှ ခွင့်ပြုသင့်

ရခိုင်ပြည်နယ်တွင်  ဖြစ်ပွားခဲ့သော လူမျိုးစုပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ဒုက္ခသည်များကို နေအိမ်များ ပြန်လည်နေရာ ချထား ပေးရာတွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ သေချာစွာစိစစ်ပြီးမှသာ နိုင်ငံသားအဖြစ်လက်ခံသင့်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားခဲ့သည့်အတိုင်း ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို အတည် ပြုချက်မရှိသေးဘဲ ဘင်္ဂါလီလူမျိုးများကို နေရာချထားပေးပါက ၎င်းတို့ကို မြန်မာနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်ပေးသကဲ့သို့ ဖြစ်လာနိုင်သည့်အတွက် ဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့်ကိုဆောင်ရွက်ပြီးမှသာ နေရာချထားသင့်သည်ဟု ဆွေးနွေးတင်ပြခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဘင်္ဂါလီလူမျိုးများနေထိုင်ရန်အတွက် ငွေကျပ်သိန်း ၂၀ တန်ဖိုးရှိသည့် နေအိမ်အလုံး ၄၉၀၀ ကျော်ကို OIC ( Organization of the Islamic Conference)အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် တူရကီနိုင်ငံမှ တာဝန်ယူဆောက်လုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လနှင့် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့ရသူ ဒုက္ခသည် တစ်သိန်းကျော်ခန့်ရှိပြီး ၎င်းတို့သည် လက်ရှိအချိန်ထိတိုင် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

 

YC

*******************************************************************

 

 

 

 

 

 

 

 

 

                        

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment