Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အခွန်ကောက်ခံမှုအားလုံးကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနတစ်ခုတည်းကိုသာ တာဝန်ပေးသင့်
  2. ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်သည့် ဥပဒေများကို ကော်မတီဖွဲ့ ဆောင်ရွက်မည်
  3. ရွာသစ်ရေကာတာစီမံကိန်းနှင့်ပတ်သက်၍ Social Impact များကို နိုင်ငံတကာလေ့လာ စောင့်ကြည့် ရေးအဖွဲ့များဖြင့် စီစစ်မည်
  4. စစ်ခုံရုံးဖြင့် ချမှတ်ခဲ့သောအမိန့်များအပေါ် ပြန်လည်သုံးသပ်ရန် အကြောင်းမရှိ

အခွန်ကောက်ခံမှုအားလုံးကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတစ်ခုတည်းကိုသာ တာဝန်ပေး သင့်

ဌာနဆိုင်ရာအသီးသီးက မိမိတို့ဌာနအတွက် အခွန်ကောက်ခံနေမည့်အစား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန တစ်ခုတည်းကိုသာ တာဝန်ပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်၏ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွဲ့ဖြိုးတိုးတက်ရေးကော်မတီမှ  အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော်သို့တင်သွင်းထားသည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အခွန်ကောက်ခံ ရရှိမှု စာရင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ကောက်ခံရရှိသည့် အခွန်စာရင်းများ မပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်၏ ရငွေတိုးတက်ရရှိစေရန် အခွန်ကောက်ခံမှုများအား အလေအလွင့်မရှိစေရအောင် ကောက်ခံရ မည့်အပြင် ကောက်ခံရရှိသည့် အခွန်ငွေများကိုလည်း အမှန်တကယ်လိုအပ်သည့်နေရာများတွင် စနစ်တကျသုံးစွဲရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၁၂ ရက်နေ့ကပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် ပြောကြားထားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အခွန်ကောက်ခံရရှိမှုမှာ ကျပ် ၁၉၁၈ ဒဿမ ၉၇၆ ဘီလီယံရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ရသုံးမှန်းခြေငွေစာရင်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ရေးဆွဲပြီး မတ်လ ၁၂ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုသဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားခဲ့သည်။

YC


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်သည့် ဥပဒေများကို ကော်မတီဖွဲ့ ဆောင်ရွက်မည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော ခေတ်အခြေအနေနှင့် အံဝင်ခွင်ကျမရှိဖြစ်နေသည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်နိုင်ရန်အတွက် လေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ရေး အဆိုကို ပြည်သူ့လွှတ်တော်၌ အတည်ပြုလိုက်ပြီး ပြည်ထောင်စုလွှတ်တော်နာယကအား သဝဏ်လွှာ ပေးပို့ထားသည်ဟု သိရသည်။

ယင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က တင်သွင်းခြင်းဖြစ်ပြီး နိုင်ငံရေးပြုပြင် ပြောင်းလဲမှု အရှိန်အဟုန် မြင့်မားသောကြောင့် ခေတ်နှင့်မလျှော်ညီ အံမဝင်ခွင်မကျသော ဥပဒေများအား လိုက်လျောညီထွေဖြစ်စေရန် ပြန်လည် လေ့လာသုံးသပ်သင့်သည်ဟု အခိုင်အမာယုံကြည် ပါကြောင်း ထည့်သွင်းဆွေးနွေး သွားခဲ့ပါသည်။

ယင်းကော်မတီအား ဖွဲ့စည်းရာတွင် တိုင်းရင်းသားကိုယ်စားလှယ်များအပါအဝင် ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ် များပါဝင်၍ စနစ်တကျဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် ဖြည့်စွက် ဆွေးနွေးသွားခဲ့သည်။

YC


ရွာသစ်ရေကာတာစီမံကိန်းနှင့်ပတ်သက်၍ Social Impact များကို နိုင်ငံတကာလေ့လာ စောင့်ကြည့်ရေး အဖွဲ့များဖြင့် စီစစ်မည်

ကယားပြည်နယ် ဘောလခဲခရိုင်အတွင်း သံလွင်မြစ်မအား ပိတ်ဆို့ပြီး မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ရွာသစ် ရေကာတာစီမံကိန်းနှင့် ပက်သက်ပြီး Social Impact အတွက် နိုင်ငံတကာလေ့လာစောင့်ကြည့်ရေး အဖွဲ့များ ဖြင့် ဆန်းစစ်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်၍ ပိုလျှံပါက အိမ်နီးချင်းနိုင်ငံများအား ရောင်းချသွား ရန်ရှိကြောင်း မတ်လ ၁၅ ရက်တွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။

တရုတ်ကုမ္ပဏီဖြစ်သည့် ဒါးတန်းမှ တာဝန်ယူတည်ဆောက်မည့် ရွာသစ်ရေကာတာစီမံကိန်းမှာ လက်ရှိတွင် မြေသားတိုင်းတာမှုများသာ ပြုလုပ်လျက်ရှိသေးကြောင်း နောင်နှစ်ခန့်တွင်သာ စတင်ဆောက်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရန်အတွက် သဘာဝပတ်ဝန်းကျင်အား ထိခိုက်နိုင်မည့်အပေါ် နော်ဝေ၊ ဆွီိဒင် နိုင်ငံများမှ အဖွဲ့အစည်းများနှင့် လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အကောင်အထည်ဖော်မည်ဖြစ်သော ရွာသစ်ရေကာတာစီမံကိန်းနှင့် ပတ်သက်ပြီး လျှပ်စစ် စွမ်းအားဝန်ကြီးဌာနကသာ လုံခြုံရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်နေပြီး ပြည်နယ်အစိုးရအနေဖြင့် ၀င်ရောက် စွက်ဖက်ပိုင်ခွင့် မရှိသေးဟု သိရသည်။

YC


စစ်ခုံရုံးဖြင့် ချမှတ်ခဲ့သောအမိန့်များအပေါ် ပြန်လည်သုံးသပ်ရန် အကြောင်းမရှိ

ယခင်အစိုးရလက်ထက်က စစ်ခုံရုံးတွင် စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ်ခဲ့သော အမှုများအပေါ် ယခုအခါတွင်မှ ပြန်လည်သုံးသပ်ရန် အကြောင်းမရှိပါဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဦးစိုးညွန့်က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ တာဝန်ယူချိန်က တည်ဆဲဥပဒေများအား ဖောက်ဖျက်ကျူးလွန် သောအမှုများကို စစ်ဆေးစီရင်ရာတွင် တပ်မတော်အရာရှိများနှင့် ဖွဲ့စည်းထားသောစစ်ခုံရုံးများဖြင့် စစ်ဆေးစီရင်ခဲ့သည့် အမှုပေါင်း ၃၁၄ မှုရှိသည်ဟုသိရသည်။

စစ်ခုံရုံးများကို စတင်ဖွဲ့စည်းခဲ့သည်မှာ ၁၉၈၉ ခုနှစ်ဖြစ်ပြီး ယခုအခါ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်ကြောင်း၊ ယခုအချိန် တွင်လည်း နိုင်ငံတော်အစိုးရက ပြစ်ဒဏ်ကျခံနေသူများအား လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်ပေါင်းများစွာက ချမှတ်ခဲ့သောအမိန့်များအပေါ် ယခုအခါ ပြန်လည်သုံးသပ်ရန် အကြောင်းမရှိကြောင်း ဦးစိုးညွန့်က ဖြေကြားခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

အထူးတရားရုံးများနှင့် စစ်ဆေးသောအမှုများတွင် အမှုသည်များ၊ တရားခံများအား ဥပဒေ၏ အကာအကွယ်ကို တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးအပ်ထားပြီး အမှုသည်များ တရားခံများသည် ရှေ့နေငှားရမ်းခွင့်ရှိသော်လည်း တရားခံများက ၎င်းတို့ဆန္ဒအရ ရှေ့နေမငှားသောအမှုများသာ ရှိပါကြောင်း ဦးစိုးညွန့်က ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment