Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို ထိုင်းနိုင်ငံအကူအညီပေးခြင်းမရှိဟု HRW ပြောကြား

(UPI သတင်းဌာနမှ 14 March 2013 ရက်စွဲပါ HRW: Thailand not helping Myanmar Reforms ကိုဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာများကို ထိုင်းရေတပ်က ပစ်ခတ်မှုအပေါ် ကုလသမဂ္ဂ စိုးရိမ်ပူပန်

(ပါကစ္စတန်သတင်းစာ The Nation မှ 16 March 2013 ရက်စွဲပါ UN concerned over shooting at Rohingyas ကိုဘာသာပြန်ဆိုသည်)

  1. ဂူဂဲလ်ဥက္ကဋ္ဌ အီရစ်ရှမစ် မြန်မာနိုင်ငံသို့သွားရန်စီစဉ်နေ

(San Francisco Business Times မှ 15 Mar 2013 ရက်စွဲပါ “Google Chairman Eric Schmidt to visit Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. အငြင်းပွားဖွယ်အခြေခံဥပဒေကို မြန်မာ့လွှတ်တော် ပြန်လည်သုံးသပ်တော့မည်

(Reuters News မှ 15 Mar 2013 ရက်စွဲပါ “Myanmar parliament to review controversial constitution” သတင်းကို ဘာသာပြန်ဆိုသည်။)


မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို ထိုင်းနိုင်ငံအကူအညီပေးခြင်းမရှိဟု HRW ပြောကြား

(UPI သတင်းဌာနမှ 14 March 2013 ရက်စွဲပါ HRW: Thailand not helping Myanmar Reforms ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာသော ရိုဟင်ဂျာဒုက္ခသည်များကို ပစ်ခတ်မှုများမပြုလုပ်ဘဲ လက်သင့်ခံ ခွင့်ပြုထားရှိရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့HRW က ထိုင်းအစိုးရကိုတိုက်တွန်းလိုက်ကြောင်း သိရသည်။

HRW ၏ အဆိုအရ ထိုင်းရေတပ်မှ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူမျိုး အနည်းဆုံးနှစ်ဦး ခန့်သေဆုံးခဲ့ရကြောင်း၊ ခိုလှုံခွင့်ရရှိရန် ကြိုးပမ်းသူ ၂၀ ခန့်မှာ မြန်မာနိုင်ငံမှ မလေးရှားသို့ စက်လှေဖြင့်ထွက်ပြေးကြစဉ် ဆီကုန်သွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းသိရသည်။

HRW ၏ အာရှအစီအစဉ်ဆိုင်ရာ ဒါရိုက်တာ Brad Adams က ထိုင်းအစိုးရအနေဖြင့် ခိုလှုံခွင့်ရရှိရန် ကြိုးပမ်းနေသူများအပေါ် စစ်ရေးအရ တုံ့ပြန်နေမှုများကို ထိုင်းအစိုးရအနေဖြင့် အသေအချာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။

“မြန်မာနိုင်ငံကလာတဲ့ ဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုးတွေကို ထိုင်းအစိုးရက ကူညီမှုပြုလုပ်သင့်ပါတယ်။ သူတို့ရဲ့ ပြဿနာတွေကို ပိုမိုဆိုးရွားအောင်မလုပ်သင့်ပါဘူး။ ထို့ပြင် ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေအားလုံးကို ကူညီ စောင့်ရှောက်နိုင်မယ့် ကုလသမဂ္ဂအေဂျင်စီတွေကို ထိုင်းအစိုးရက ထားရှိခွင့်ပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်းစတင်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ကချင်နှင့် ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများက လောင်းရိပ်ကျစေသလိုဖြစ်နေသည်။

ရိုဟင်ဂျာလူ့အခွင့်အရေးအသင်းမှ အတွင်းရေးမှူး မိုဟာမက်နာဆင်က ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ သတင်းဌာဖြစ်သော IRIN သို့ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပြောကြားရာတွင် “နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး အောက်ခြေမှာ ပကတိဖြစ်ပျက်နေတာတွေကို လက်ဦးမှုရယူဖြေရှင်းဖို့ ကျွန်တော်ပန်ကြားလိုပါတယ်” ဟု ပြောသည်။


ရိုဟင်ဂျာများကို ထိုင်းရေတပ်က ပစ်ခတ်မှုအပေါ် ကုလသမဂ္ဂ စိုးရိမ်ပူပန်

(ပါကစ္စတန်သတင်းစာ The Nation မှ 16 March 2013 ရက်စွဲပါ UN concerned over shooting at Rohingyas ကိုဘာသာပြန်ဆိုသည်)

photo credit - The Nation

အခြားနိုင်ငံတွင် ခိုလှုံခွင့်ရရှိနိုင်ရေးတွက် မြန်မာနိုင်ငံမှ စက်လှေဖြင့် ထွက်ပြေးလာသူ ရိုဟင်ဂျာဒုက္ခသည်များကို ထိုင်းရေတပ်က ပစ်ခတ်ခဲ့ရာ အနည်းဆုံး ၂ ဦးသေဆုံးသွားခဲ့ရသည်ဟူသည့် သတင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့် အရေးရုံးက စိုးရိမ်ပူပန်မိကြောင်း မတ်လ ၁၅ ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး အဆိုအရ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ရိုဟင်ဂျာဒုက္ခသည် ၁၃၀ ခန့်လှေငယ်များဖြင့် ရောက်ရှိလာစဉ် ထိုင်းရေတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထိုသို့ ပစ်ခတ်သည်ဟု စွပ်စွဲပြောဆိုချက်များကို ချက်ချင်းလက်ငင်း ဘက်လိုက်မှုကင်းစွာဖြင့် စုံစမ်းစစ်ဆေးမှု အခိုင်အမာပြုလုပ်ရန် ထိုင်းအစိုးရကို ကျွန်ုပ်တို့ အထူးတိုက်တွန်းပါသည်။ အဆိုပါ ရာဇဝတ်မှုကို ပါဝင်ကျူးလွန်သူမည်သူမဆို တရားစီရင်ခံရရေးအတွက်လည်း တိုက်တွန်းအပ်သည်” ဟု မဟာမင်းကြီးရုံးကထုတ်ပြန်သော ကြေညာချက်ကဆိုသည်။

“ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းအခြားနိုင်ငံများအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များ ပင်လယ်ပြင်တွင်း သေဆုံးမှုကို ဖြေရှင်းနိုင်မည့် မူဝါဒများ၊ နိုင်ငံခိုလှုံခွင့်ရရှိရန်ကြိုးပမ်းသူများအတွက် အထောက်အပံ့ဖြစ်စေမည့် မူဝါဒများအတွက် အလေး အနက်ထားစဉ်းစားကြရန်လည်း တိုက်တွန်းသည်။ ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် တာဝန်ဝတ္တရားများနှင့် တစ်သားတည်းဖြစ်ရန်လည်း လိုအပ်ပါသည်” ဟု ဖော်ပြပါရှိသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်း ယမန်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် အကြမ်းဖက်မှု များကြောင့် မွတ်စလင် ၁၁၅၀၀၀ ခန့်ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး အနည်းဆုံး ၁၀၀ ခန့်သေဆုံးသွားသည်။ OHCHR အဖွဲ့ကလည်း မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင်း ခွဲခြားဆက်ဆံမှု၊ ဆူပူအကြမ်းဖက်မှု အစရှိသည့် ပြဿနာများ၏ အဓိကဇစ်မြစ်ကို ထုတ်ဖော်ဖြေရှင်းရန် တိုက်တွန်းထားသည်။

UNHCR အဖွဲ့ကလည်း ထိုင်းအစိုးရအနေဖြင့် ရေတပ်ကပစ်ခတ်သည်ဟူသော သတင်းကို အသေအချာ စုံစမ်းအတည်ပြုရန် တိုက်တွန်းသည်။ “လုံခြုံမှု ရရှိရေးအတွက် ထွက်ပြေးလာသူများအနေဖြင့် ပိုမိုဆိုးရွားသည့် အခြေအနေနှင့်ရင်ဆိုင်ရမည့် အနေအထားမျိုးရှိနေမှုအပေါ် များစွာစိုးရိမ်ရသည်” ဟု UNHCR ကဆိုသည်။ UNHCR မှ ပြောခွင့်ရပုဂ္ဂိုလ် Fatoumata Lejeune Kaba အဆိုအရ ရခိုင်ပြည်နယ်မှ ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည် ဒေသတွင်း တည်ငြိမ်မှုနှင့် လုံခြုံမှုရှိသော အရပ်ဒေသများသို့ မှောင်ခိုစက်လှေများဖြင့် ထွက်ပြေးသွားလျက်ရှိသည်ဟု သိရသည်။

“ယခုနှစ် ပထမ ၂ လတာအတွင်းမှာပင် ရိုဟင်ဂျာဒုက္ခသည် ၇၀၀၀ ခန့်ဟာ အန္တရာယ်များလှတဲ့ စက်လှေတွေကို စီးပြီးထွက်ပြေးခဲ့ကြပါတယ်” ဟု ၎င်းကဆိုသည်။ သို့အတွက်ကြောင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အဆိုပါ စက်လှေများဖြင့် ထွက်ပြေးလာသူများအတွက် ဝင်ရောက်ခွင့်ပြုပေးရန် UNHCR က ပန်ကြားထားသည်။


ဂူဂဲလ်ဥက္ကဋ္ဌ အီရစ်ရှမစ် မြန်မာနိုင်ငံသို့သွားရန်စီစဉ်နေ

(San Francisco Business Times မှ 15 Mar 2013 ရက်စွဲပါ “Google Chairman Eric Schmidt to visit Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

Photo: ANDREW CROWLEY

ကမ္ဘာကျော် Google Inc ၏ အမှုဆောင်ဥက္ကဋ္ဌ အီရစ်ရှမစ်သည် မတ်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ရာ အမေရိကန်ထိပ်တန်းနည်းပညာကုမ္ပဏီအကြီးအကဲ၏ ပထမဆုံးမြန်မာခရီးစဉ် ဖြစ်လာမည်ဟု Wall Street Journal က သတင်းဖော်ပြသည်။

နှစ်ပေါင်းနှစ်ဆယ်ကြာ တင်းကြပ်သော အနောက်အုပ်စုပိတ်ဆို့မှု sanction များအောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ခေါင်းပြူလာသည့်အလျှောက် ပေါ်ထွက်လာသော Google အကြီးအကဲ၏ ခရီးစဉ်သည် မြန်မာနိုင်ငံက အမေရိကန်နည်းပညာကုမ္ပဏီများကို ဆွဲဆောင်သည့် လက္ခဏာ ပေါ်လွင်နေပါသည်။

ယခင်ကမူ လူဦးရေ သန်း ၆၀ ရှိသော မြန်မာ့ဈေးကွက်တွင် အမေရိကန်ကုမ္ပဏီများ စီးပွားမရှာရန် အမေရိကန်ပြည်ထောင်စုဥပဒေက တားမြစ်ထားခဲ့သည်။

လွတ်လပ်၍ ပွင့်လင်းသော အင်တာနက်အကြောင်း ဆွေးနွေးပြောဆိုသည့် ကိုယ်ရေးကိုယ်တာခရီးစဉ်ဖြစ်သည်ဟု ဆိုသော ဇန်နဝါရီလ မြောက်ကိုရီးယားခရီးစဉ်အပြီးတွင် ယခုမြန်မာခရီးသည် ဂူးဂဲလ်ဥက္ကဋ္ဌ၏ ယခုနှစ်အတွင်း ဒုတိယမြောက် ခရီးစဉ်ဖြစ်လာလိမ့်မည်။

ဂူးဂဲလ်အကြီးအကဲ ရှမစ်သည် နေပြည်တော်၌ မြန်မာအစိုးရအကြီးတန်းတာဝန်ရှိသူများနှင့် သွားရောက်မတွေ့ဆုံမီ မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန် ICT park ၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်ဟု သိရှိရသည်။


အငြင်းပွားဖွယ်အခြေခံဥပဒေကို မြန်မာ့လွှတ်တော် ပြန်လည်သုံးသပ်တော့မည်

(Reuters News မှ 15 Mar 2013 ရက်စွဲပါ “Myanmar parliament to review controversial constitution” သတင်းကို ဘာသာပြန်ဆိုသည်။)

photo credit - internet

မြန်မာ့လွှတ်တော်သည် ယခင်တပ်မတော်အစိုးရလက်ထက်က ရေးဆွဲခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းစာရင်းမဝင်နိုင်အောင် ပိတ်ပင်ထားသော အခြေခံဥပဒေအား ဖြစ်နိုင်ခြေပြင်ဆင်မှုများ ပြုလုပ်ရန် သောကြာနေ့က ပထမဆုံးခြေလှမ်းကို စလိုက်ပြီဖြစ်သည်။

အငြင်းပွားဖွယ် ၂၀၀၈ ဆန္ဒခံယူပွဲဖြင့် အတည်ပြုဋ္ဌာန်းခဲ့ပြီး ဒီမိုကရေစီနည်းမကျဟု အများစုက သတ်မှတ်ထားကြ သော အခြေခံဥပဒေအရ မိသားစုဝင်ထဲတွင် ပြည်ပနိုင်ငံသား ခံယူထားသူရှိသောသူသည် သမ္မတလောင်းနှင့် ဒုတိယသမ္မတ လောင်း လျာထားရန် အရည်အချင်းမပြည့်မှီဟု ဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးနှင့် ကွယ်လွန်သူ ခင်ပွန်း ပါမောက္ခ မိုက်ကယ်အဲရစ် တို့မှာ ဗြိတိသျှနိုင်ငံသားများ ဖြစ်ကြသည်။

ထို့အပြင် ၎င်းအခြေခံဥပဒေသည် ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်သော တပ်မတော်သား ကိုယ်စားလှယ်များ အတွက် လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို သီးသန့်ဖယ်ထားပေးသည်။

ထိုအခြေခံဥပဒေပြင်ဆင်ရေးအဆိုကို ဗိုလ်ချုပ်ဟောင်းများဖြစ်ကြသော ပြည်ခိုင်ဖြိုးအမတ် သူရဦးအေးမြင့်နှင့် ဦးသိန်းဇော်တို့က တင်သွင်းခဲံခြင်းဖြစ်သည်ဟု NLD ပါတီဝင် ဦးအုန်းကြိုင်က ပြောကြားသည်။

တပ်မတော်သားကိုယ်စားလှယ်များကလည်း ယင်းအဆိုကိုထောက်ခံခဲ့ကြသည်ဟု သိရှိရသည်။

“စစ်မှန်တဲ့ဒီမိုကရေစီကို တည်ဆောက်ဖို့အတွက် လက်ရှိအခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ရမယ်ဆိုတာကို သူတို့နားလည်သိရှိကြပုံရပါတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိပြီးနောက် ၂၀၁၁ မတ်လတွင် တပ်မတော်အစိုးရ အာဏာစွန့် ကာ သမ္မတဦးသိန်းစိန်ကို အာဏာလွှဲပေးခဲ့သည်။ ဦးသိန်းစိန်အာဏာရပြီး ၃ လ ကျော်အကြာတွင် နိုင်ငံတံခါးဖွင့်ကာ နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများ စတင်ပြုလုပ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲကိုမူ သူမနှင့်အတူ NLD ကိုယ်စားလှယ် ၄၂ ဦး အနိုင်ရကာ လွှတ်တော်တွင်းသို့ရောက်ရှိလာခဲ့သည်။ အခြေခံဥပဒေပြင်ဆင်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် သူမက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်မှုသည် NLD အနိုင်ရမည်ဟု မျှော်လင့်ရသော ၂၀၁၅ ရွေးကောက်ပွဲများ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ရန် အလားအလာရှိသော အပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်ပါသည်။

အခြေခံဥပဒေပြန်လည်သုံးသပ်ရေးကော်မတီတွင် နိုင်ငံရေးပါတီများစွာမှ အဖွဲ့ဝင်များနှင့် ပြင်ပကျွမ်းကျင်သူများ ပါဝင်ကြလိမ့်မည်ဟု လွှတ်တော်အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်မည့်လမ်းကြောင်း အတားအဆီးများကို ဖယ်ရှားပေးဖွယ်ရှိသည့် အခြေ ခံဥပဒေပြင်ဆင်မှုကို ကြိုဆိုသည်ဟု အမည်မဖော်လိုသူ တပ်မတော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

‘ပုဂ္ဂလိကအမြင်ကိုပြောရရင် သူမဟာ စွမ်းရည်ရှိတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် လုပ်နိုင်မယ်လို့ ကျွန်တော် သေချာပေါက် ယုံကြည်ပါတယ်’ဟု ၎င်းကမှတ်ချက်ပေးသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment