Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အက်ဖ်အီးစီကို တန်ဖိုးညီငွေ ပြန်အမ်းပြီး ဖျက်သိမ်းမည်
  2. ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို လွှတ်တော်တွင် ဆွေးနွေးရန် ဆိုင်းငံ့ထား
  3. ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ်သစ်ချုပ်ဆိုမည်
  4. ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ထိရောက်စွာ အရေးယူရန် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

အက်ဖ်အီးစီကို တန်ဖိုးညီငွေ ပြန်အမ်းပြီး ဖျက်သိမ်းမည်

မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှစတင်ပြီး နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေ သုံးစွဲလျက်ရှိသည့်  ပြည်သူတို့လက်ဝယ်ရှိ နိုင်ငံခြားငွေလဲလှယ်မှုလက်မှတ် အက်ဖ်အီးစီများကို တန်းဖိုးညီမျှသော အမေရိကန်ဒေါ်လာ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် ပြန်လည်လဲလှယ်ပေးပြီး ပြန်လည်ရွေးနုတ် ယူသင့်ကြောင်းနှင့် ထို့သို့ရွေးနုတ်ယူခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် ဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းလျက် စနစ်တကျဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာကို မတ်လ ၂၀ ရက် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းအပြီး၌ ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူကြသဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အက်ဖ်အီးစီများအား တန်ဖိုးညီဒေါ်လာ၊ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် လဲလှယ်ပေးမည့် ကာလ၊ သို့မဟုတ် လဲလှယ် ခွင့်ပြုမည့် ကန့်သတ်ကာလနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ၌အသေးစိတ် မဖော်ပြထားသော်လည်း ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိသဘောတူ အတည်ပြုခဲ့ကြောင်း သိရသည်။

အက်ဖ်အီးစီကို ဒေါ်လာနှင့်ပြန်လည် လဲလှယ်၍ရသကဲ့သို့ ဘဏ်များတွင်လည်း ပြန်လည်အပ်နှံ၍ရပြီး ယခုအခါ မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားငွေကို တရားဝင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း ငွေစာရင်းကော်မတီအဖွဲ့ဝင် ဦးစိုင်းသီဟကျော်က ပြောကြားခဲ့သည်။

ဘဏ်များနှင့်တရားဝင် ငွေလဲကောင်တာများတွင် အက်ဖ်အီးစီနှင့် ဒေါ်လာဈေးမှာ ညီမျှသော်လည်း မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် အမေရိကန်ဒေါ်လာမှာ ကျပ် ၈၈၀ - ၈၈၈ ရှိချိန်တွင် အက်ဖ်အီးစီမှာ ကျပ် ၈၇၅ - ၈၈၀ သာ ရှိတော့ ကြောင်း သိရှိရသည်။

YC


ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို လွှတ်တော်တွင် ဆွေးနွေးရန် ဆိုင်းငံ့ထား

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို မတ်လ ၁၈ ရက်နေ့တွင် လွှတ်တော်၌ဆွေးနွေးရန် သတ်မှတ်ထား သော်လည်း လွှတ်တော်က ထုတ်ပြန်သည့် အစည်းအဝေးတွင် ပါဝင်ခြင်းမရှိတော့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင် ကိုဇော်သက်ထွေး ကပြောကြားခဲ့သည်။

ထိုဥပဒေကြမ်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့် ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များအား အကြုံပြုဆွေးနွေးနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ယာယီစာနယ်ဇင်းကောင်စီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားသောကြောင့် လွှတ်တော်တွင်ဆွေးနွေးမည့် ဥပဒေမူကြမ်း အတည်ပြုမည့်အစီစဉ်ကို ဆိုင်းငံလိုက်ခြင်း ဖြစ်ကြောင်း ကိုဇော်သက်ထွေးက ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသည့် အဆိုပါဥပဒေကြမ်း ထွက်ပေါ်လာပြီးနောက် မတ်လ ၁၂ ရက်နေ့တွင် သတင်းလွတ်လပ်ခွင့် ကော်မတီမှဦးစီးကာ “ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းကို ပြင်းထန်စွာ ကန့်ကွက်သည့် သဘောထားတောင်းခံသော မျက်နှာစုံညီဆွေးနွေးပွဲ”ကိုကျင်းပခဲ့ပြီး တက်ရောက်လာသူများက ဥပဒေကြမ်းကို ပြန်လည်ရုတ်သိမ်း ပေးရန် တောင်းဆိုသည့် သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

လက်ရှိသဘောထား တောင်းခံထားသော ဥပဒေကြမ်းတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့် မကိုက်ညီသော အချက်များ ပါဝင်နေပြီး မှတ်ပုံတင်ရုံးကိုပေးအပ်ထားသော အခွင့်အာဏာသည် စာပေစိစစ်ရေးအား ပေးအပ်ထားသော အခွင့်အာဏာ ထက်ပိုနေခြင်းမှာ မဖြစ်သင့်ကြောင်း စာရေးဆရာ၊ သတင်းစာဆရာ ဦးစိုးသိမ်း(မောင်ဝံသ)က ၎င်း၏အမြင်ကို ပြောကြား ခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အပြင် မြန်မာနိုင်ငံစာနယ်ဇင်းအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာများ သမဂ္ဂနှင့် မြန်မာဂျာနယ်လစ် ကွန်ရက်တို့ကလည်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ဥပဒေကြမ်းကိုလက်မခံသော သဘောထားကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့ကြောင်း သိရ သည်။

YC


ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ်သစ်ချုပ်ဆိုမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဆားလင်းကြီးဒေသ၌ မြန်မာစီးပွားရေးဦးပိုင်လီမီတက်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များအတိုင်း ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ်သစ်ချုပ်ဆို၍ စီမံကိန်းဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စာချုပ်သစ်ချုပ်ဆိုရခြင်းမှာ နိုင်ငံအကျိုး ဖြစ်ထွန်းစေရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်မှုများအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဦးပိုင်ကုမ္ပဏီ လီမီတက်အနေဖြင့် ဒေသခံများအလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ သိမ်းယူခဲ့သော လယ်မြေများအတွက် ကာလတန်ဖိုးနှင့် ညီမျှသောလျော်ကြေးများ ပေးလျော်ခြင်းနှင့် ကြေးနီစီမံကိန်းကို နိုင်ငံတကာ စံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဦးပိုင်ကုမ္ပဏီမှ သိမ်းယူခဲ့သော လယ်မြေများအတွက် လျော်ကြေးပေးရာတွင် စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းများရှိလယ်မြေများ အတွက်ပါ လျော်ကြေးပေးချေရန်နှင့် ဒေသခံများ၌ လယ်မြေပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်၊ စာတမ်းမရှိပါက လူသက်သေရှိရုံဖြင့် လျော်ကြေးပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါဒေသများသို့ သွားရောက် ညှိနှိုင်းမှုများ ပြုလုပ်သော်လည်း ဒေသခံများက လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည် နှင့် ကော်မရှင်အား ဆက်လက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

                YC


 

ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ထိရောက်စွာ အရေးယူရန် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လက်ရှိ ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများမှာ ပိုမိုမြင့်မားလျက်ရှိသည့်အပြင် ဘိန်းစိုက်ပျိုးမှုများတွင်လည်း ကလေးငယ်များအား အသုံးပြုလျက်ရှိသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါဘိန်းစိုက်ပျိုးမှုများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်း ချင်းအမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇိုဇမ်က မတ်လ ၁၄ ရက်နေ့ တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံဘက်မှ  ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ လာရောက်ပြုလုပ်ခဲ့မှုအား ၂၀၀၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရထံသို့ တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိခဲ့သည့်အပြင် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်နယ်စပ်မြို့များတွင် ဘိန်းစိုက်ပျိုးမှုနှင့် သုံးစွဲမှုများမှာ ပိုမိုမြင့်တက်လာခဲ့ပြီး ဘိန်းစိုက်ပျိုးသူ ကလေးငယ်များမှာ လည်း ဘိန်းပင်မှထွက်သော အစေးများကို လျှာဖြင့်လျှက်၍ ဘိန်းစွဲလျက်ရှိကြောင်း သိရသည်။

ထိုသို့ ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုနှင့်သုံးစွဲမှု မြင့်တက်လျက်ရှိသည့်အတွက် အိန္ဒိယနိုင်ငံဘက်မှ ဘိန်း စိုက်ပျိုးရန် ဝင်ရောက်သူများနှင့် ဘိန်းစိုက်ခင်းများတွင် ကလေးငယ်များ ဝင်ရောက်လုပ်ကိုင်ရန် တိုက်တွန်းခဲ့သူများကို အစိုးရ မှ ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

              လက်ရှိအချိန်တွင် ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများကို ဖျက်ဆီးရာတွင် ပင်မမှခုတ်ထွင် လိုက်သော်လည်း လအနည်းငယ်ကြာသည့်အချိန်တွင် အဆိုပါခုတ်ထွင်လိုက်သည့် နေရာတွင် နှစ်ပင်ပြန်ထွက်ခြင်းမျိုး ဖြစ်လျက်ရှိသည့်အတွက် ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုအား အမြစ်ပြတ်ခုတ်ထွင်ရှင်းလင်းနိုင်ရန် မလွယ်ကူကြောင်း သိရသည်။

YC


              

              

 

 

 

   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment