Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ အထည်ချုပ်စက်ရုံ(၅၀၀)ခန့် လာရောက်တည်ဆောက်မည်
  2. တပ်မတော်မှ SSA မြောက်ပိုင်းတပ်စခန်း ၂ ခုအား ခေတ္တရှောင်ခိုင်းသော်လည်း SSA မှ ရှောင်ပေးရန်ငြင်းဆို
  3. သဘာဝဓါတ်ငွေ့တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံအထိမြှင့်တက်

မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ အထည်ချုပ်စက်ရုံ(၅၀၀)ခန့် လာရောက်တည်ဆောက်မည်

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ခန့် လာရောက်တည်ဆောက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်း အထည်ချုပ်စက်ရုံများ လာရောက်တည်ဆောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာနိုင်စေမည့်အပြင် နိုင်ငံ၏ ဘဏ္ဍရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် အခွန်နှုန်းထားများကို လည်း ပိုမိုရရှိနိုင်စေမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍတွင် ပြည်ပမှအော်ဒါကြီးများ မှာယူပါကလက်ခံနိုင်ရန် ပြည်တွင်းတွင် စက်ရုံ အရေအတွက်နှင့် အချိန်အားနည်းချက်များကြောင့် လက်ခံရန်ခက်ခဲလျက်ရှိပြီး ယခုကဲ့သို့ တရုတ်နိုင်ငံမှ အထည်ချုပ်ကဏ္ဍ လာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် မြန်မာ့အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်သည့်အပြင် စက်ရုံများပေါများ လာမှုကြောင့် ပြည်ပမှ အော်ဒါကြီးများကိုလည်း လက်ခံလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတွင်းရှိအထည်ချုပ် စက်ရုံ၊အလုပ်ရုံများတွင် လုပ်ခလစာနည်းပါးမှုများ၊ ပိတ်ရက်နည်းပါး မှုများနှင့် အချိန်ပိုကြေး နည်းပါးမှုများကြောင့် အလုပ်ရှင်နှင့် အလုပ်သမားကြား အငြင်းပွားမှုပဋိပက္ခဖြစ်စဉ်များ ဖြစ်ပေါ်လျက် ရှိသည့်အပြင် အလုပ်သမားဆန္ဒပြမှုများမှာလည်း မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်းများ ပြည်ပတင်ပို့မှုတွင် FOB တင်ပို့မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၄၈ ဒဿမ ၂၅ သန်းနှင့် CMP လက်ခစားလုပ်ငန်းမှ တန်ဖိုးအမေရိကန်ဒေါ်လာ ၉၈ ဒဿမ ၁၂ သန်းဖြင့် နှစ်မျိုးစလုံးမှစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် စံချိန်တင်ရရှိထားကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                                YC


တပ်မတော်မှ SSA မြောက်ပိုင်းတပ်စခန်း ၂ ခုအား ခေတ္တရှောင်ခိုင်းသော်လည်း SSA မှ ရှောင်ပေးရန် ငြင်းဆို

တပ်မတော်မှ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လှုပ်ရှားလျက်ရှိသော ရှမ်းမြောက်တပ်မတော် (SSA-N) အား လွယ်လန်းနှင့် လွယ်စေးရှိ တပ်စခန်း ၂ ခုမှခေတ္တဖယ်ရှားပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း SSA အနေဖြင့် လုံးဝဖယ်ရှားပေးမည်မပာုတ်ကြောင်း ပြန်လည်ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးနှင့် SSA မြောက်ပိုင်းတပ်ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းထူးဦးဆောင်သောကိုယ်စားလှယ် ၃ ဦးတို့တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ တပ်စခန်း ၂ ခုအနီးတွင် အစိုးရတပ်များက စစ်အင်အားတိုးချဲ့၍ အမာခံတပ်စခန်းများ တိုးချဲ့ထားကြောင်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း(SSA)တပ်များနှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်ထိတိုင် သေဆုံးဒဏ်ရာရရှိသူများမရှိသေးကြောင်းသိရသည်။ ထို့ပြင်ပြီးခဲ့သည့်နှစ် ဇူလိုင်လဆန်းပိုင်းတွင် အစိုးရတပ်များက ၇ မိုင်နှင့် လွိုင်ဖာဖုတပ်စခန်းများကို နေရာယူခဲ့သေးကြောင်း သိရသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် SSA မြောက်ပိုင်းတပ်ဖွဲ့များသည် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် သဘောတူညီထားသော်လည်း တပ်များထိပ်တိုက်တွေ့ဆုံမှုများမှ တစ်ဆင့် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းတွင် အစိုးရ၏တပ်မတော်မှ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ရှိ နအဖတပ်ရင်း ၁၃၂၊ စစ်ကြောင်း ၂ မှ ဗိုလ်မှူး ဥာဏ်ထွန်းဝင်းဦးဆောင်သည့် တပ်များသည် ဒေသခံရွာသားများအား အကြောင်းမဲ့ ဖမ်းဆီးကာ နှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

YC


သဘာဝဓါတ်ငွေ့တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံအထိမြှင့်တက်

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏သဘာဝဓါတ်ငွေ့တင်ပို့မှုမှ ဝင်ငွေမှာ ဘဏ္ဍာရေးနှစ် မကုန်သေးသော်လည်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်အထိ မြှင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၃ ခုနှစ်မတ်လဆန်းပိုင်းအထိ ၁၁ လအတွင်း မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်အထိမြှင့်တက်ခဲ့ခြင်းဖြစ်ပြီး ယခင်ဘဏ္ဍာရေးနှစ် တင်ပို့မှုမှ ရရှိသည့်ဝင်ငွေပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံကို ကျော်တက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၂၁၄ သန်းကျော် ရရှိထားသည့်အနက် သဘာဝဓါတ်ငွေ့ တင်ပို့မှုကြောင့် ရရှိသောဝင်ငွေမှာ အဓိကဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ၃၇၀၀ ကျော်အထိရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကုန်သွယ်မှု ပမာဏမှာလည်း မတ်လ ၁၂ ရက်နေ့အထိ စာရင်းများအရ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီလျံကျော်အထိ မြှင့်တက်လာပြီး ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော် ပိုမိုရရှိထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့တင်ပို့ရောင်းချမှုမှ ဝင်ငွေများရရှိနေသကဲ့သို့ တစ်ဖက်မှလည်း အဆိုပါသဘာဝ ဓါတ်ငွေ့ထုတ်လုပ်သည့် စီမံကိန်းများတွင် ဒေသခံများနှင့် မပြေလည်မှုများ ရှိနေပြီး ရခိုင်ပြည်နယ်ရှိ ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းမှ ထွက်ရှိလာမည့် သဘာဝဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားရရှိနိုင်ရေးအတွက် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လက်မှတ်ရေးထိုးတောင်းဆိုမှုများ ရှိနေကြောင်း သိရှိရသည်။


 

 

 

 

 

        

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment