Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

“ကျွန်တော်တို့အနေနဲ့ ပြည်နယ်အစိုးရအတွက်ရော၊ အစိုးရအတွက်ရော၊ ဒေသခံပြည်သူလူထုအတွက်ပါ အကျိုးရှိမယ်ဆိုလို့ဒီသတ္တုတူးဖော်ရေးစီမံကိန်းကို လက်ခံလိုက်ရခြင်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လည်း လုပ်ဖို့အစီအစဉ်တွေ ထွက်လာမယ့်သတ္တုတွေကိုလည်း အစိုးရအဖွဲ့ အနေနဲ့ စမ်းသပ်စစ်ဆေးမှုတွေလုပ်နေပါတယ်။ ပြီးမှ လုပ်သင့်မလုပ်သင့်ဆိုတာကို စဉ်းစားသွားမှာ ဖြစ်ပါတယ်”

ဧပြီလ ၅ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် အမှတ် (၁၀၅) တွင်ပါရှိသော “မြွေတောင်၊ ဖားတောင် သတ္တုတွင်း စီမံကိန်းကြောင့် ကျေးရွာများနှင့် လယ်များဆုံးရှုံးမည်မဟုတ်” သတင်းမှ ချင်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးနန်ဇမုန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သမ္မတပြောတဲ့အထဲမှာ အဓိကငွေကြေးဆိုတာကို ကျွန်တော်လက်ခံပါတယ်။ လာမယ့်နှစ်မိုးတွင်းဆိုရင် ကျွန်တော်စပါး စိုက်တော့မယ်။ ဒီစိုက်တဲ့စပါးကိုလယ်ထဲသွင်းမယ်ဆိုရင် ကျွန်တော့်မှာ အရင်းအနှီးမရှိဘူး။ အရင်းအနှီးမရှိတော့ အစိုးရကို အားကိုးရမလားဆိုတော့ အစိုးရပေးတဲ့နှုန်းကဘာမှအားကိုးလောက်တဲ့နှုန်း မဟုတ်ဘူး။ အဲဒီ အခါကျတော့ ကျွန်တော်က အပြင်မှာပဲ အတိုးကြီးနဲ့ပေးပြီးတော့ လုပ်ရတာပဲ။ အဲဒီ အပေါ်မှာ ကျွန်တော်တို့က အကြောင်းအားလျော်စွာနဲ့ရာသီဥတုက ဖျက်လို့ဘာလို့ ညာလို့ဆိုလို့ရှိရင် အဲဒီမှာ ပတ်လည် ရိုက်သွားပြီ၊ ဒါ့ကြောင့်မို့လို့ တကယ်ပေးမယ်ဆိုလို့ရှိရင်လည်း ထိထိ ရောက်ရောက်နဲ့ လုံလောက်တဲ့ ပမာဏ နီးပါးစိုက်စရိတ်ကို အချိန်မီပေးဖို့လိုတယ်။”

ဧပြီလ ၅ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် အမှတ် (၁၀၅) တွင်ပါရှိသော “တောင်သူလယ်သမားများ အတွက် ပြည်ပအထောက်အပံ့နှင့်ချေးငွေများကို ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ ပြောကြား” သတင်းမှ လပွတ္တာမြို့နယ်မှ လယ်သမားဦးတင်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီနေ့ ဗဟိုဘဏ်နဲ့ စီးပွားရေးဘဏ်တွေကိုကြည့်ရင် မြန်မာစီးပွားရေးဘဏ်အနေနဲ့ အရှုံးပေါ်နေတာ တွေ့ရပါ တယ်။ တကယ်တော့ အရှုံးမပေါ်သင့်ပါဘူး။ ဒီလိုအရှုံးပေါ်ရခြင်းဟာ ဘဏ်ရဲ့အခြားအသုံးစရိတ်များကြောင့် မဟုတ်ဘဲ ပေါ်လစီ တစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုကြောင့်သာ ဖြစ်ကြောင်းတွေ့ရပါတယ်။ ဒါက ဘာလဲဆိုတော့ အတိုးနှုန်းနဲ့ အပ်နှံငွေများ ပြန်လည် ချေးငှားရေးကိစ္စပါ။ အကြမ်းဖျဉ်းပြောရရင် ပြည်သူရဲ့စုငွေကို ပေးတဲ့ အတိုးနှုန်းဟာ ၈ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း နဲ့ ၁၂ ရာခိုင်နှုန်းအထိရှိပြီး ရင်းနှီးမြှုပ်နှံမှုအတွက် ပြန်ထုတ်ချေးပေးတဲ့ အတိုးနှုန်းက အထူးကိစ္စတွေမှာ နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများကို ချေးငှားရာမှာတော့ ၄ ရာခိုင်နှုန်း သာဖြစ်တဲ့အတွက် အထူးကိစ္စတွေမှာ အတိုးမဲ့ချေးငှားတာတွေလည်း ရှိတဲ့အတွက် ရှုံးရခြင်းလို့တွေ့ရပါတယ်။ နောက်ပြီး အပ်နှံငွေရှိသလောက် ထုတ်မချေးနိုင်တာလည်း အဓိကအကြောင်းအရင်း ဖြစ်ပါတယ်”

ဧပြီလ ၅ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၅) တွင်ပါရှိသော “ဘတ်ဂျတ်လိုငွေကျပ် ဘီလျံ ၂၉၃၀ ခန့်ကို ပြည်တွင်းချေးငွေဖြင့် ဖြည့်ဆည်းသွားမည်” သတင်းမှ ပြည်သူ့လွှတ်တော်စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ဒီအတိုင်းအပစ်ရပ်စဲဖို့ဆိုတာထက် စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲကျင်းပရင်းနဲ့ပဲ ခိုင်မာတဲ့အပစ်ရပ်တာမျိုးဖြစ်ဖို့ ကေအိုင်အိုက လိုလားတယ်။ UNFC အနေနဲ့လည်း အစိုးရနဲ့ ခိုင်မာတဲ့အပစ်ရပ်ဖို့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပ နိုင်အောင် အကြိုညှိနှိုင်းမှုတွေ လုပ်နေတယ်”

ဧပြီလ ၅ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၅) တွင်ပါရှိသော “အစိုးရနှင့် ကေအိုင်အိုတို့ သင်္ကြန်မတိုင်မီ ထပ်မံတွေ့ဆုံနိုင်ဖွယ်ရှိ” သတင်းမှ UNFC ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွတ်ဥက္ကာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခု မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတော်တော်များများမှာ တပ်မတော်ကနေပြီးတော့ ကူညီ ကိုင်တွယ်ဖြေရှင်း ပေးနေတာကို ကျွန်တော်တို့တွေ့မြင်ရလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ၈၈ တုန်းက ခင်ဗျားတို့ ကျွန်တော်တို့ သိခဲ့တဲ့အတိုင်းပဲ ဒီကြားကာလတွေမှာ တပ်မတော်ကတချို့ကိစ္စတွေမှာ ကိုင်တွယ်ဖြေရှင်းပေးနေတဲ့အခါကျတော့ ပြည်သူလူထုက တပ်မတော်ကို ယုံကြည်မှုပြန်လည် ရလာနိုင်တယ်။ ဘာလို့လဲဆိုတော့ ၈၈ နောက်ပိုင်းကတည်းက လူထုမေတ္တာနဲ့ကင်းကွာ နေခဲ့တယ်။ ဒါကို တပ်မတော်က တည်ငြိမ်အေးချမ်းအောင် လုပ်ပေးတယ်။ နောက်ပြီးတော့ လူထုရဲ့အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက် ပေးလာတယ်ဆိုတော့ တပ်မတော်ဟာ လူထုရဲ့ယုံကြည်မှုနဲ့ မေတ္တာတွေကို ပြန်လည်ရရှိလာ နိုင်တယ်”

ဧပြီလ ၄ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၃၆) တွင်ပါရှိသော “ပြည်တွင်းရေးတွင်း တပ်မတော်အပေါ် ပြည်သူလူထုယုံကြည်မှု ပြန်လည်ရရှိလာနိုင်ဟုဆို” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 NEWS IN BRIEF

နေပြည်တော်တွင် ပဋိပက္ခများနှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲပြုလုပ်

ဧပြီလ ၄ ရက်နေ့မနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ မိတ္ထီလာနှင့် ပဲခူးဒေသများတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ယင်းပဋိပက္ခများတွင် နိုင်ငံတော် အစိုးရနှင့် တာဝန်ရှိ အဖွဲ့အစည်း များမှ ကူညီစောင့်ရှောက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။အဆိုပါ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံအခြေစိုက် သံရုံးအကြီးအကဲများ၊ သတံမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


 တရားဝင်သစ်များသာ ပြည်ပသို့တင်ပို့ရမည်

မြန်မာသစ်နှင့် သစ်အချောထည်ပစ္စည်းများကို အမေရိကန်နှင့် အီးယူနိုင်ငံများ သို့တင်ပို့လျက်ရှိရာတွင် တရားဝင်တင်ပို့နိုင်ရန် အတွက် အဆိုပါနိုင်ငံများနှင့်MOU ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။ တင်ပို့ရာတွင် အစိုးရချင်း ချိတ်ဆက် ဆောက်ရွက် ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များ အသင်းနှင့် အီးယူမှ ETTE (European Timber Trade Fedration) တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း မြန်မာသစ်လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘာဘာချို၏ ပြောကြားချက်မှ သိရှိရသည်။


ရန်ကုန်တက္ကသိုလ်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် ကြိုးပမ်းမည်

ဒီမိုကရေစီနိုင်ငံတိုင်းတွင် ကျင့်သုံးလျက်ရှိသော တက္ကသိုလ်များကို အုပ်ချုပ်ရေးကောင်စီမှသာ စီမံခန့်ခွဲနိုင်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတက္ကသိုလ်များ ပေါ်ပေါက်လာရန်အတွက် NLD ပညာရေးကွန်ရက်မှ ကြိုးပမ်းဆောင်ရွက်နေကြောင်း ယင်း ပညာရေးကွန်ရက်မှ ဒေါက်တာ သိန်းလွင်မှ ပြောကြားခဲ့ကြောင်းသိရသည်။


စစ်ဘေးဒုက္ခသည်များ လက်ကျန်မိုင်းများကြောင့် ဇာတိမြေပြန်ရန် အခက်တွေ့

လက်ကျန်မြေမြှပ်မိုင်းများကြောင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ပဲခူးတိုင်းအတွင်း နေထိုင်ခဲ့ကြသော စစ်ဘေးဒုက္ခသည်များသည်ယခုအခါ မိမိနေရပ်သို့ပြန်ရန် အခက်အခဲဖြစ်နေကြောင်း ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHRC မှ ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရှိရသည်။


အင်ဒိုနီးရှားနိုင်ငံ အစိုးရကုမ္ပဏီအချို့ မြန်မာနိုင်ငံတွင် လုပ်ငန်းလိုင်စင်ရ

အင်ဒိုနီးရှားနိုင်ငံအစိုးရပိုင်ကုမ္ပဏီ ၃ ခုဖြစ်သော PT Wijaya Karya (ဆောက်လုပ်ရေးကုမ္ပဏီ)၊PT Timah (ခဲမဖြူ တူးဖော်ရေးကုမ္ပဏီ)နှင့် PT Semen Indonesia (ဘိလပ်မြေကုမ္ပဏီ)တို့သည် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းလိုင်စင်များ ရရှိခဲ့ပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံပိုင်လုပ်ငန်းများဝန်ကြီးဌာနမှ ဝန်ကြီး ဒါလန်းအစ်ကန်၏ ပြောကြားချက်မှ သိရသည်


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သုံးငွေလျာထားချက် ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်

ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၃ခုနှစ်၊ဘဏ္ဍာငွေအရ သုံးဆိုင်ရာဥပဒေ ကြမ်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေသုံးစွဲမှု အစီအမံများကို ဖော်ပြရာ၌ ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ကြောင်းဧပြီလ ၃ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးဆိုင်ရာကော်မတီမှ ဦးအောင်သန်းမှ ပြောကြားခဲ့ကြောင်း သိရှိရသည်။


နိုင်ငံရေးပါတီအချို့အား တရုတ်နိုင်ငံသို့လာရောက်ရန် ဖိတ်ကြား

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့ ဧပြီလ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှုများပြုလုပ်ရန် တရုတ် နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီမှ ဖိတ်ကြားခဲ့ပြီး မတ်လပိုင်းတွင်လည်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများကို လာရောက် လည်ပတ်ရန် တရုတ်နိုင်ငံမှ ဖိတ်ကြားလိမ့်မည်ပာု မျှော်လင့်ရကြောင်း သိရသည်။


ဘာသာရေး စာသင်ကျောင်း မီးလောင်မှု ဝမ်းနည်းကြောင်း အမေရိကန်သံအမတ်ကြီးပြော

ဧပြီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင်မှုတွင် ကလေး ၁၃ ဦး သေဆုံးတဲ့အတွက် မိသားစု၊ လူ့အဖွဲ့အစည်းများနှင့် အတူထပ်တူထပ်မျှ ဝမ်းနည်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell သည်အမေရိကန် သံရုံးကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားကြောင်းသိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment