Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် နိုင်ငံရေးအခန်းကဏ္ဍ၌ စစ်တပ်ဆက်လက်ပါဝင်မည်ဟု တပ်မတော် အကြီးအကဲပြော

(Washington Post သတင်းစာမှ 27 March 2013 ရက်စွဲပါ Myanmar commander in chief says military to continue political role in democratic transition ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် မွတ်စလင်များ ပစ်မှတ်ထားခံနေရဟု ကုလအရာရှိပြောကြား

(VOA သတင်းဌာနမှ 29 March 2013 ရက်စွဲပါ UN official says muslims targeted in Burma ကိုဘာသာပြန်ဆိုသည်)


ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် နိုင်ငံရေးအခန်းကဏ္ဍ၌ စစ်တပ်ဆက်လက်ပါဝင်မည်ဟု တပ်မတော် အကြီးအကဲ ပြော

(Washington Post သတင်းစာမှ 27 March 2013 ရက်စွဲပါ Myanmar commander in chief says military to continue political role in democratic transition ကိုဘာသာပြန်ဆိုသည်)

Photo Credit By Online

 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ပြုလုပ်နေစဉ် ဆယ်စုနှစ်ငါးခုကြာ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည့် စစ်တပ်အနေဖြင့် နိုင်ငံရေးအခန်းကဏ္ဍတွင် ဆက်လက်ကျန်ရှိ နေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၆၈ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ စစ်ရေးပြချီတက်လာသော တပ်ဖွဲ့ဝင်အင်အား ၆၃၀၀ ကျော်အား မိန့်ခွန်းပြောကြားရာ၌ စစ်တပ်အနေဖြင့် စွမ်းရည်သတ္တိ ကောင်းမွန်လာအောင် မဖြစ်မနေလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ထူထောင်နိုင်ရေးအတွက် ဒေသတွင်းမဟာမိတ်ဖွဲ့မှုများ အင်အားကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

“တိုင်းပြည်ကခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီစနစ်ရှိရာသို့ ဦးတည်သွားနေစဉ် ငါတို့တပ်မတော်ကလည်း အမျိုးသား နိုင်ငံရေးအခန်းကဏ္ဍမှာ ရှေ့ကဦးဆောင် ပါဝင်သွားရမှာဖြစ်တယ်။ ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြတဲ့ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ် အားကောင်းမောင်းသန် ဖြစ်လာစေရေးအတွက် ငါတို့ဆက်လက်လုပ်ဆောင် သွားကြရမှာဖြစ်တယ်”ဟု ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။

တပ်မတော်နေ့အခမ်းအနားမှာ ၁၉၄၅ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး လှုပ်ရှားမှုအထိမ်း အမှတ်အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် အခမ်းအနားဖြစ်သလို စစ်တပ်၏ကြီးမားသော သြဇာအာဏာကို ထုတ်ဖော် ပြသသော ဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။

ယခုနှစ် တပ်မတော်နေ့အခမ်းအနားတွင် စစ်သည်အင်အားများသာမက စစ်လက်နက်အင်အားများကိုပါ ထုတ်ဖော် ပြသခဲ့သည်။ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဝဲပျံပြခဲ့ကြပြီး ဂျက်တိုက်လေယာဉ်များကမီးကျည်များ ပစ်ဖောက်ကာ လေကြောင်း တိုက်ခိုက်မှု စွမ်းရည်ကိုပြသကြသည်။ အစိမ်းရင့်ရောင်တင့်ကာများ၊ စစ်လက်နက်နှင့် စစ်သည်များတင်ဆောင် ထားသည့် ယာဉ်ကြီးများ၊ အသေးစားအမြောက်များ စသည်တို့ကိုလည်း ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါ တပ်မတော်နေ့အခမ်းအနားသို့ အတိုက်အခံခေါင်းဆောင်နှင့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်လည်း ပထမဆုံးအကြိမ်အဖြစ်တက်ရောက်ခဲ့ပြီး စစ်ရေးပြမှုကိုရှေ့ဆုံးခုံတန်းမှ ထိုင်ကြည့်ခဲ့သည်ကို တွေ့ရသည်။ မြန်မာ့လွတ်လပ်ရေးနှင့် တပ်မတော်ကို တည်ထောင်ရယူပေးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သော ဒေါ်အောင်ဆန်းစု ကြည်သည် တိုင်းပြည်အပေါ် နှစ်ကာလကြာရှည်စွာ ရက်စက်ကြမ်းကြုတ်သောစနစ်ဖြင့် အုပ်ချုပ်ခဲ့သည့်စစ်တပ်ကို လိုက် လျောမှုများ ပြုလုပ်ခဲ့သည်။

မြန်မာစစ်တပ်သည် ၂၀၁၁ ခုနှစ်တွင် ပေါ်ထွက်လာသော အမည်ခံအရပ်သား အစိုးရကို အာဏာလွှဲပြောင်း ပေးခဲ့သည်။ လက်ရှိ သမ္မတဦးသိန်းစိန်မှာ စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သော်လည်း တိုင်းပြည်၌ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများ ပေါ်ပေါက်လာအောင် ဦးဆောင်လုပ်ကိုင်လျက် ရှိသည်။ သို့သော်စစ်တပ်မှာ ပါလီမန်လွှတ်တော်တွင် အမတ် နေရာ ၂၅ ရာခိုင်နှုန်းကို ရွေးကောက်တင်မြှောက်ခံစရာမလိုဘဲ ရရှိထားရာ တိုင်းပြည်၏အရေးပါသော နိုင်ငံရေးအင်အားစု တစ်ရပ်အဖြစ် ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။ အဆိုပါ ၂၅ ရာခိုင်နှုန်းဟူသော ပမာဏမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးဆွဲမှုများကို အဟန့်အတားကောင်းစွာပြုလုပ်နိုင်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တပ်ဖွဲ့ဝင်များ နိုင်ငံတကာလူသားချင်း စာနာထောက်ထားသော ဥပဒေအတိုင်း လိုက်လံကျင့်သုံးရေး အစရှိသည်တို့အတွက် စစ်တပ်၏အရေးပါပုံကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလေးပေးပြောဆိုသည်။

“ငါတို့ရဲ့တပ်မတော်ကို အင်အားကြီးမားပြီး သြဇာအာဏာပြည်ဝတဲ့ အဖွဲ့အစည်းဖြစ်အောင် ငါတို့မဖြစ်မနေ တည်ဆောက်ကြရမယ်”ဟု ၎င်းကဆိုသည်။ ခေတ်မီသောလက်နက်များ ကိုင်ဆောင်နိုင်ရေး၊ အိမ်နီးချင်းနိုင်ငံများ၊ အထူး သဖြင့် အရှေ့တောင် အာရှနိုင်ငံများနှင့် အနီးကပ်မဟာမိတ် ဖွဲ့စည်းရေး အစရှိသည်တို့ကို လုပ်ဆောင်ရန်လည်း ၎င်းက တိုက်တွန်း ပြောဆိုသည်။


မြန်မာနိုင်ငံတွင် မွတ်စလင်များ ပစ်မှတ်ထားခံနေရဟု ကုလအရာရှိပြောကြား

(VOA သတင်းဌာနမှ 29 March 2013 ရက်စွဲပါ UN official says muslims targeted in Burma ကိုဘာသာပြန်ဆိုသည်)

Photo Credit By AP

ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသည့် ဂိုဏ်းဂဏ ဆိုင်ရာ ဆူပူအုံကြွမှုများ၌ မွတ်စလင်များမှာ အဓိကပစ်မှတ်ထားခံနေရကြောင်း ကုလသမဂ္ဂထိပ်တန်း အရာရှိကြီးတစ်ဦးက အသိပေး ပြောကြားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီယားသည် လတ်တလော ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံသို့သွားရောက် လည်ပတ်ပြီးနောက် အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

မိမိအနေဖြင့် မြန်မာနိုင်ငံခရီးစဉ်အတွင်း အိုးအိမ်စွန့်ခွာခဲ့ရသူဒုက္ခသည် ၉၀၀၀ ခန့်ရှိရာ စခန်းများသို့သွားရောက်ခဲ့ရာ အများစုမှာ မွတ်စလင်များဖြစ်ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသရှိ မိတ္ထီလာမြို့တွင် ၎င်းမွတ်စလင်တို့၏ နေအိမ်များမှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး လူပေါင်းဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ကြောင်း မစ္စတာဗီဂျေနမ်ဘီးယားက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ သတင်းထောက်များကို ထိုင်းနိုင်ငံမှနေ၍ တယ်လီဖုန်းဖြင့် ပြောကြားသည်။

အကြမ်းဖက်တိုက်ခိုက်မှုများမှာ ရက်စက်ကြမ်းကြုတ်သည့် အနေအထားသို့ပင် ရောက်ရှိခဲ့သည်ဟု ၎င်းကဆိုသည်။

“ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့သူတွေဟာ စိတ်အနာတရဖြစ်နေကြတယ်။ ကျွန်တော်တစ်ခု သတိပြုမိတာ ကတော့ သူတို့(မွတ်စလင်တွေ)တွေဟာ ဗုဒ္ဓဘာသာဝင် အိမ်နီးနားချင်းတွေနဲ့ တစ်မြို့တည်းမှာ နှစ်ပေါင်းများစွာ အတူနေထိုင် ခဲ့ကြတာပါ။ အဲဒီလိုဖြစ်တော့ သူတို့လည်းအရမ်းကို အံ့အားသင့်ခဲ့ကြတယ်။ ဒီလိုဖြစ်ရပ်မျိုး ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သူတို့လည်း နားမလည်နိုင်ဘူးဖြစ်နေတယ်” ဟု မစ္စတာ ဗီဂျေနမ်ဘီးယားက ပြောသည်။

ဒုက္ခသည်အများစုမှာ ယခုအခါ ၎င်းနေအိမ်ရှိရာသို့ ပြန်သွားလိုလျက်ရှိကြောင်း၊ မြန်မာအစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာတွင် ၎င်းတို့အနေဖြင့် အကြမ်းဖက်ခံရသူဒုက္ခသည်များကို လျော်ကြေးအချို့ပေးအပ်နိုင်ရေး အတွက် ကြိုးပမ်းမည်ဟုပြောဆိုကြောင်း မစ္စတာ နမ်ဘီးယားကဆိုသည်။

အဆိုပါအကြမ်းဖက်မှုမှာ မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ အချင်းများကြရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရွှေဆိုင်ပိုင်ရှင်မှာ မွတ်စလင်ဖြစ်ပြီး ရွှေ လာရောက်ရောင်းချသူ လင်မယားနှစ်ဦးမှာ ဗုဒ္ဓဘာသာ ဖြစ်ကြသည်။

အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသူများကိုဖမ်းဆီးပြီး အပြစ်ပေးရေးမှာ အထူးပင်အရေးကြီးသည်ဟု မစ္စတာ နမ်ဘီးယားက ဆိုသည်။

“လောလောဆယ်မှာတော့ လူ ၂၃ ယောက်ကို ဖမ်းမိထားတယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။ အဲဒီလူတွေဟာ အကြမ်းဖက်မှု ဖြစ်စဉ်ထဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေပါ။ မနေ့ကသမ္မတဦးသိန်းစိန်နဲ့ ကျွန်တော်တွေ့ဆုံဖြစ်တော့ အကြမ်း ဖက်မှုဖြစ်စဉ်တွေ ပျံ့နှံ့မသွားအောင် ခိုင်မာတဲ့လုပ်ဆောင်ချက်တွေလုပ်ပြီး အကြမ်းဖက်တဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သူကအခိုင်အမာ ပြောဆိုပါတယ်”ပာု ၎င်းကပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံရှိ အချို့သောမြို့များတွင် ထိုသို့ဂိုဏ်းဂဏဖွဲ့ တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက် ရှိသည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိကြောင်း မစ္စတာ နမ်ဘီးယားကဆိုသည်။

ကုလအထွေထွေ အတွင်းရေးမှူး၏ လူမျိုးဖြုတ်သတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Adama Dieng က ယခုကဲ့သို့ မြန်မာနိုင်ငံတွင်လူစုလူဝေးများဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေမှုအပေါ် စိုးရိမ်ပူပန်မိသည် ဟုဆိုသည်။ မတ်လ ၂၈ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင် “မြန်မာအစိုးရအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ကိုင်ပေးရန်နှင့်အကြမ်းဖက်မှုများကာကွယ်ရေးအတွက် လိုအပ်သောဆောင်ရွက်ချက်များ ပြုလုပ်ရန်တိုက်တွန်းအပ်သည်”ဟု ၎င်းက ထည့်သွင်းရေးသားသည်။

မြန်မာသမ္မတဦးသိန်းစိန်သည် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာမြို့တွင် အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်တပ်အနေဖြင့် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးအတွက် ပါဝင်ကူညီရန် ညွှန်ကြားထားသည်။

ယခုကဲ့သို့ မွတ်စလင်ဆန့်ကျင်ရေးအဓိကရုဏ်းများသည် ရခိုင်ပြည်နယ်၌ယမန်နှစ်က အကြမ်းဖက်မှုကြီး ပေါ်ပေါက် ခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား တိုက်ခိုက်မှုများ၌ လူပေါင်း ၂၀၀ နီးပါးခန့် သေဆုံးခဲ့ကာ ၁၂၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ကြရသည်။


         


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment