Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မြန်မာ့ဈေးကွက်အကြောင်း စင်ကာပူကုမ္ပဏီများ ကောင်းစွာနားလည်ရန် SBF အကူအညီပေးမည်

(Channel News Asia မှ 4 April 2013 ရက်စွဲပါ SBF to help companies better understand Myanmar market ကိုဘာသာပြန်ဆိုသည်)

  1. ပြောင်းလဲနေသော မြန်မာပြည်တွင် သြဇာပြန်လည်လွှမ်းမိုးနိုင်ရန် တရုတ်နည်းလမ်းရှာဟု ဆို

(The Economics Times မှ 5 April 2013 ရက်စွဲပါ China seeks to regain role in changed Myanmar: Experts ကိုဘာသာပြန်ဆိုသည်)


မြန်မာ့ဈေးကွက်အကြောင်း စင်ကာပူကုမ္ပဏီများ ကောင်းစွာနားလည်ရန် SBF အကူအညီပေးမည်

(Channel News Asia မှ 4 April 2013 ရက်စွဲပါ SBF to help companies better understand Myanmar market ကိုဘာသာပြန်ဆိုသည်)

Photo Credit By AFP

စင်ကာပူ ပြည်တွင်းကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက်ကို ကောင်းစွာနားလည် သဘောပေါက် နိုင်ရေးအတွက် စင်ကာပူ စီးပွားရေးလုပ်ငန်း ဖက်ဒရေးရှင်း(SBF)က ယခုနှစ်အတွင်း အစီအစဉ်သစ်တစ်ရပ် ဖော်ထုတ်ကာ အကူအညီ ပေးသွားမည်ဖြစ်သည်။

ယင်း အစီအစဉ်သစ်အတွက် SBF က မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် ပူးတွဲလုပ်ကိုင်သွားမည်ဖြစ်သည်။

အစီအစဉ်အရ SBF နှင့် UMFCCI တို့သည် နားလည်မှုစာချွန်လွှာတစ်ရပ်(MoU)ရေးထိုးမည်ဖြစ်သလို နိုင်ငံတကာ စီးပွားရေးဖဲလိုးရှစ်(International Business Fellowship) အတွက် Executive Programme တစ်ရပ်ကို စီစဉ်ပေးသွားမည် ဖြစ်သည်။

Executive Programme  မှာ အမှုဆောင်အရာရှိ(စီအီးအို)များ၊ ဘဏ္ဍာရေးအရာရှိချုပ်များ(CFO)ကို  အဓိက ပစ်မှတ်ထားခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ရက်သတ္တတစ်ပတ်တာမျှ ဈေးကွက်သင်တန်းပို့ချမှုလည်းပါဝင်မည်ဖြစ်သည်။

ထိုသို့လုပ်ဆောင်ခြင်းကြောင့် စင်ကာပူနိုင်ငံမှပါဝင် တက်ရောက်သူ အယောက် ၃၀ ခန့်အနေဖြင့် မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်း ဆောင်တာများ၏ ဒိုင်းနမစ်သဘောတရားများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတတ်ပညာများကို နားလည် သဘောပေါက်နိုင်မည်ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို စင်ကာပူ International Enterprise(IE)က ပူးတွဲငွေကြေးထောက်ပံ့ကူညီမည်ဖြစ်သည်။

လတ်တလောအနေအထားတွင် စင်ကာပူမှစီအီးအို ၃၂ ဦးပါဝင်သော SBF ကိုယ်စားလှယ်အဖွဲ့မှာ ကုန်သွယ်ရေး မစ်ရှင်အဖြစ် ဧပြီလ ၃ ရက်မှ ၅ ရက်နေ့အထိ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည်။ အဆိုပါပုဂ္ဂိုလ်များတွင် ဘဏ္ဍာရေးဝန်ဆောင်မှု၊ ကုန်စည်ထေက်ပို့မှုနှင့် အိမ်ခြံမြေဝန်ဆောင်မှုအစရှိသည့် အခန်းကဏ္ဍတို့မှ စီးပွားရေးခေါင်းဆောင် များ ပါဝင်သည်။

SBF သည် ယမန်နှစ်က စီးပွားရေးမစ်ရှင် ၃ ခုကိုစီစဉ်ခဲ့သည်။ ယင်းမစ်ရှင် ၃ ခုတွင်မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် စင်ကာပူကုမ္ပဏီ ၁၇၈ ခုမှ အယောက် ၂၆၀ ခန့်ပါဝင်သည်။ SBF ဥက္ကဌတိုနီချွားက စီးပွားရေးမစ်ရှင်ကို ဦးဆောင်လျက်ရှိသည်။

“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်နိုင်ရေးတွက် စင်ကာပူစီးပွားရေးလုပ်ငန်းတွေဆီက သိသာထင်ရှားသော စိတ်ဝင် စားမှုတွေ ရှိနေပါသည်။ SBF က စီစဉ်သော စီးပွားရေးမစ်ရှင်၏ အဓိက ရည်မှန်းချက်မှာ စင်ကာပူနှင့် မြန်မာအကြား စီးပွားရေးလုပ်ငန်း အချင်းချင်း အပြန်အလှန်ဆက်ဆံရေး ပေါ်ပေါက်လာရေးပင်ဖြစ်သည်။ ပုံမှန်ဆက်ဆံမှုများ ပြုလုပ်ခြင်း အားဖြင့် ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေးမဟာမိတ် ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုအင်အား ကောင်းမွန်လာအောင်လည်း လုပ်ကိုင်နိုင်မည်ဖြစ်သည်။ SBF အနေဖြင့် မြန်မာနိုင်ငံမှ အလားတူအဖွဲ့ဖြစ်သော UMFCCI နှင့် အနီးကပ် လုပ်ကိုင်သွားမည်ဖြစ်သည်” ဟု တိုနီချွားက ကြေညာချက်ထုတ်ပြန်သည်။


ပြောင်းလဲနေသော မြန်မာပြည်တွင် သြဇာပြန်လည်လွှမ်းမိုးနိုင်ရန် တရုတ်နည်းလမ်းရှာဟု ဆို

(The Economics Times မှ 5 April 2013 ရက်စွဲပါ China seeks to regain role in changed Myanmar: Experts ကိုဘာသာပြန်ဆိုသည်)

Photo Credit By Reuter

ယခင်က စစ်တပ်အုပ်ချုပ်မှုအောက်သို့ရောက်ရှိခဲ့သော မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရှိခဲ့သော်လည်း ယခုအခါအသွင်ကူးပြောင်းမှုများ လုပ်ဆောင်နေပြီဖြစ်ရာ တရုတ်အစိုးရက ယခင်ကအတိုင်း ပြန်လည်သြဇာ လွှမ်းမိုးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်း လေ့လာဆန်းစစ်သူ ပညာရှင်များကဆိုသည်။

ထူးခြားသော ပြုပြင်ပြောင်းလဲမှုများဖြင့် ယခင်စစ်အာဏာရှင်စနစ်လက်အောက်မှ မြန်မာနိုင်ငံပြန်လည်ခေါင်းထောင် လာမှုက အနောက်ကမ္ဘာနိုင်ငံများကို များစွာအံ့အားသင့်စေခဲ့ရုံသာမက မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့် နိုင်ငံ တကာကုမ္ပဏီများစွာကိုလည်း ပြည်တွင်းသို့ဝင်ရောက်လာအောင် ဖန်တီးပေးခဲ့သည်။

မြန်မာနိုင်ငံအတွက် နှစ်ပေါင်းများစွာ မဟာမိတ်ဖြစ်ခဲ့သော တရုတ်အစိုးရသည် စစ်အစိုးရအုပ်ချုပ်ရေးစနစ် အဆုံး သတ်သွားမှုသည် အပေါ်ယံသဘောမျှသာ ဖြစ်သည်ဟုထင်မှတ်ယူဆခဲ့ကြောင်း၊ ပြည်ပမှပြိုင်ဘက် နိုင်ငံများက မြန်မာအပေါ် သြဇာလွှမ်းမိုးမှု ကြီးထွားလာသည့် ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေစဉ် မိမိ၏အခန်းကဏ္ဍကို ပြန်လည်ဖော် ထုတ်ရန် ကြိုးပမ်းနေကြောင်း လေ့လာစောင့်ကြည့်သူတို့က ဆိုသည်။

“တရုတ်အစိုးရဟာ  အမှုမဲအမှတ်မဲ့ဖြစ်ခဲ့တာ။ အခုအချိန်အထိ မြန်မာနိုင်ငံက ပြောင်းလဲမှုအတိုင်းအတာကို အပြည့် အဝ နားလည်သဘော မပေါက်နိုင်သေးပါဘူး”ဟုရန်ကုန်အခြေစိုက် အမည်မဖော်လိုသော မြန်မာ့အရေးလေ့လာ ဆန်းစစ်သူ တစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံနှင့် အာရှအင်အားကြီးအိမ်နီးချင်း တရုတ်နိုင်ငံဆက်ဆံရေးမှာ ယခုရက်သတ္တပတ်အတွင်း ထွက်ပေါ် လာသော သမ္မတ ဦးသိန်းစိန်၏ တရုတ်ပြည်ခရီးစဉ်နှင့်အတူ လူအများ၏ အာရုံစိုက်ခြင်းခံလာရသည်။

အဆိုပါ ခရီးစဉ်အတွင်း အနာဂါတ်နှစ်နိုင်ငံဆက်ဆံရေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ယင်းခရီးစဉ်သည် လွန်စွာမှအရေးကြီးသည့် အချိန်ကာလတွင် ထွက်ပေါ်လာခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan က သံရုံးဝက်ဘ်ဆိုက်တွင် ထုတ်ဖော်ပြောဆိုသည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် အမေရိကန်ပိတ်ဆို့ အရေးယူမှုများရုတ်သိမ်းရေးနှင့် ပြင်ပအင်အားစုများ၏ လှုပ်ရှား ဆောင်ရွက်မှုများအပါအဝင် ဖက်တာသစ်များနှင့် ရင်ဆိုင်နေခဲ့ရကြောင်း၊ အချို့သော ပြင်ပအင်အားစုများက ကျန်းမာ သန်စွမ်းပြီး အဆင်ချောမွေ့မှုရှိသည့် တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို မမြင်မတွေ့လိုကြကြောင်း သံအမတ် ကြီးက ဆိုသည်။

“သမ္မတကြီး ဦးသိန်းစိန်ရဲ့ခရီးစဉ်ဟာ တရုတ်နိုင်ငံနဲ့ဆက်ဆံရေ အရေးပါမှုကို အသိအမှတ်ပြုတယ်ဆိုတဲ့ အချက်ကို ပေါ်လွင်စေမှာ ဖြစ်ပါတယ်”ဟု အရှေ့တောင်အာရှနိုင်ငံ အတော်များများတွင် ဗြိတိန်သံအမတ်ကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးသူ  Derek Tonkin ကပြောကြားသည်။

ယခင် စစ်အစိုးရလက်ထက်က လူ့အခွင့်အရေး ချိုးဖောက်သူများအဖြစ် စွပ်စွဲခံခဲ့ရသူ စစ်ဗိုလ်ချုပ်ကြီးများသည် တရုတ်ပြည်၏ စီးပွားရေးလုပ်ဆောင်ချက်များနှင့် ကုလသမဂ္ဂတွင်ဗီတိုအာဏာ ကျင့်သုံးပေးမှုများကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ရှုတ်ချမှုများမှ ကင်းဝေးခဲ့ကြသည်။

သို့အတွက်ကြောင့် အပြန်အလှန်သဘောအားဖြင့် တရုတ်အစိုးရသည် အခြားသောနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တည်ငြိမ်မှုရှိသော မြန်မာပြည်တွင်း သတ္တုများ၊ ကျွန်းသစ်များ၊ ကျောက်စိမ်းများအပါအဝင် သဘာဝသယံဇာတများကို ထုတ်ယူရှာဖွေခွင့်ရရှိခဲ့သလို ရေအားလျှပ်စစ်စီမံကိန်းကြီးများစွာကိုလည်း လုပ်ကိုင်ခွင့်ရရှိခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment