Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. နိုင်ငံသားအခွင့်အရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ တိုးမြှင့်ပြဋ္ဌာန်းရန် ဆောင်ရွက်သွားမည်
  2. EU ၏ပိတ်ဆို့မှုများအား ဖယ်ရှားပေးတော့မည်
  3. တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

နိုင်ငံသားအခွင့်အရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ တိုးမြှင့်ပြဋ္ဌာန်းရန် ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံတွင်းရှိ နိုင်ငံသားများ၏ အခွင့်အရေးတိုးမြှင့်ရရှိနိုင်ရေးအတွက် နိုင်ငံသားဖော်ဆောင်မှုကွန်ယက်မှ ၁၂၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့(မေဒေး)နေ့မှ စတင်၍ ဘိုကလေးမြို့နယ်အတွင်း လူထုအခြေပြုလူမှု အဖွဲ့အစည်းများအား ဖိတ်ခေါ်၍ လူထုဆန္ဒစစ်တမ်းကောက်ယူခြင်းများကို ပြုလုပ်၍ သုတေသန စာတမ်းပြုစုပြီး နိုင်ငံတော် အဆင့်တာဝန်ရှိသူများအား တင်ပြသွားမည်ဖြစ်သည့်အပြင် တင်ပြချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ နိုင်ငံသားအခွင့်အရေးများ တိုးတက်ပြဋ္ဌာန်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံသားအခွင့်အရေး ဖော်ဆောင်မှုကွန်ယက်မှ ကြေညာချက်အမှတ်(၁/၂၀၁၃)ကို ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင်းရှိ နိုင်ငံသားများ၏ အခွင့်အရေးကို မြှင့်တင်ဆောင်ရွက်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစိုးရနှင့် အစိုးရမပာုတ်သော ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံသား အခွင့်အရေး သိရှိနားလည်ကူညီဆောင်ရွက်သူများ၊ ပြည်သူလူထုနှင့် အတူတကွပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် ဒီမိုကရေစီနည်းကျခေါင်းဆောင်မှုသင်တန်းတက်ရောက်ခဲ့သော လူထု အခြေပြု အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်မှုတာဝန်ယူထားကြသည့် လူငယ်များမှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေး နှင့်ပတ်သက်၍ လေ့လာဆွေးနွေးမှုများကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံသားအခွင့်အရေး၊ နိုင်ငံသားများ၏ လူမှုဘဝမြှင့်တင်ရေးတို့အတွက် ဥပဒေအရေ လွတ်လပ်စွာ အသင်းအပင်း ထူထောင်ခွင့်ရရှိရေး၊ အခြားသော ဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံများနှင့်တန်းတူ နိုင်ငံသားအခွင့် အရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့သည်။

YC


EU ၏ပိတ်ဆို့မှုများအား ဖယ်ရှားပေးတော့မည်

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုပြုလုပ်ထားသည့် ဥရောပသမဂ္ဂ(EU)နိုင်ငံမှ မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများအတွက် လက်နက်ရောင်းဝယ်ခြင်းမှအပ ကျန်ပိတ်ဆို့မှုများအားလုံးကို ဧပြီလ နောက်ဆုံးပတ်အတွင်း ဖယ်ရှားပေးတော့မည်ဖြစ်ကြောင်း Reuters သတင်းဌာနမှ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ပိတ်ဆို့မှုများရုတ်သိမ်းပေးရန် ဥရောပသမဂ္ဂ သံအမတ်များက ဧပြီလ ၁၇ ရက်နေ့တွင် သဘောတူညီ လိုက်ခြင်းဖြစ်ပြီး အစိုးရဝန်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်များမှာမူ လာမည့် ဧပြီ ၂၂ ရက်နေ့တွင် သဘောတူကြောင်း ဆုံးဖြတ်ချက် ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ EU နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်ပါက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်များပြားလာနိုင်မည်ဖြစ်သည့်အပြင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆက်ဆံမှု ကဏ္ဍများမှာလည်း တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည်။ နိုင်ငံရေး အကျဉ်းသား အမြောက်အမြားကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည့်အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လွှတ်တော်တွင်း ဝင်ရောက်ခွင့်ပြုပေးခဲ့သည့်အတွက် ဥရောပသမဂ္ဂ(EU)နိုင်ငံမှ လက်နက်ရောင်းဝယ်ခြင်းနှင့် ကျောက်မျက်ရတနာ ကူးသန်းရောင်းဝယ်ခြင်းများမှအပ ကျန်အရေးယူပိတ်ဆို့မှုအားလုံးကို ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအား EU နိုင်ငံများအရေးယူပိတ်ဆို့မှုများပြုလုပ်ရာတွင် ကုမ္ပဏီအဖွဲ့အစည်းပေါင်း ၁၀၀၀ ဝန်းကျင်နှင့် လူပုဂ္ဂိုလ်ပေါင်း ၅၀၀ ခန့်ကို EU နိုင်ငံများသို့သွားရောက်လည်ပတ်ခွင့် ပိတ်ဆို့ထားခဲ့သော်လည်း မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲအပြီး မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများအား အသိအမှတ်ပြုသည့်အနေဖြင့် အဆိုပါပုဂ္ဂိုလ်တို့၏ သွားလာခွင့်များကို ပြန်လည်ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။

YC


တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်ပဋိပက္ခ များကို ဖြေရှင်းနိုင်ရန်အတွက် တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးပြီး တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်ချက်များမှာ တရားစီရင်ရေးကဏ္ဍ တစ်ခုတည်းမဟုတ်ဘဲ အစိုးရ၊ အုပ်ချုပ်ရေးဆိုင်ရာကစ၍ လုံခြုံရေး တပ်ဖွဲ့များကိုပေးသော သင်တန်းများ အထိ သက်ဆိုင်နေကြောင်း ဧပြီလ ၁၇ ရက်နေ့၊ ဂျပန်နိုင်ငံ၊ တိုကျို တက္ကသိုလ်တွင် ဂျပန်ကျောင်းသူ၊ ကျောင်းသား ၄၀၀ ခန့်နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့ကြောင်းသိရှိရသည်။

ပြည်သူများအတွက် လုံခြုံစိတ်ချမှုရှိသော လူ့အဖွဲ့အစည်း တည်ဆောက်ရန်အတွက် မတူညီကွဲပြားမှုများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ အဖြေရှာရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်သည် ဒီမိုကရေစီကျင့်စဉ်နှင့် အလှမ်းဝေးနေသေးကာ လက်ရှိတရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးထားဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ထပ်မံပြောကြားခဲ့ကြောင်းသိရှိရသည်။

ထို့အပြင် ဧပြီလ ၁၅ ရက် နေ့က ဂျပန်နိုင်ငံ ကျိုတိုမြို့၌ မြန်မာနိုင်ငံသား မိသားစုများ နှင့်တွေ့ဆုံစဉ်တွင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခင်းအကျင်းသည် အပြောင်းအလဲ အဖြစ်နိုင်ဆုံးနှင့် အခက်ခဲဆုံး ကာလဖြစ်ပြီး လက်ရှိနိုင်ငံ ရေး အပြောင်းအလဲအခြေအနေကို ဆက်လက်ထိန်းသိမ်းကာ တိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သူကဆိုသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအ၀င် နိုင်ငံရေး၊ စီးပွားရေး စသော ပြောင်းလဲမှုများသည် ကျေနပ်အားရစရာ မရှိသေးသော်လည်း နိုင်ငံရေးအပြောင်းအလဲတစ်ခု စတင်ဆောင်ရွက်နိုင်ခြင်းသည် အခွင့်ရေး တစ်ခု ဖြစ်ပြီး အဆိုပါ အခွင့်အရေးကို မှန်ကန်ထိရောက်စွာ အသုံးချနိုင်ရန် အရေးကြီးသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁၈ ရက်နေ့ တွင် ဂျပန်ဝန်ကြီးချုပ် Shinzo Abe နှင့် ဆွေးနွေးမည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် ဂျပန်အစိုးရမှ ကူညီပေးနိုင်ရန် ဆွေးနွေးနိုင်ကြောင်း ဂျပန်သတင်းစာတွင် ရေးသားဖော်ပြထားကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၉၈၅ ခုနှစ်နှင့် ၁၉၈၆ ခုနှစ်တို့တွင် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်၌ သုတေသီတာဝန် ထမ်းဆောင်ခဲ့ပြီး၊ နှစ်ပေါင်း ၂၇ နှစ်အတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment