Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မိတ္ထီလာမှ အသိုင်းအဝိုင်းကို ပြန်လည်တည်ဆောက်ခြင်း

(24 April 2013 ရက်စွဲပါ DW မှ David Grunebaum ရေးသားသော Rebuilding the community of Meikhtilar ကို ဘာသာပြန်ဆိုသည်)

  1. တရုတ် Sinopec ၏ မြန်မာဓာတ်ငွေ့စီမံကိန်းတွင် CPC ရှယ်ယာ ပါဝင်

(Channel News Asia မှ 25 April 2013 ရက်စွဲပါ “Taiwan’s CPC joins Sinopec in Myanmar venture”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဦးသိန်းစိန်နှင့် ထိပ်သီးဆွေးနွေးရန် မေလကုန်တွင် ဂျပန်ဝန်ကြီးချုပ် မြန်မာသို့ လာမည်

(The Japan Times မှ 26 April 2013 ရက်စွဲပါ Japan’s Abe to visit Myanmar in late May for summit with Thein Sein သတင်းကို ဘာသာပြန်ဆိုသည်)


မိတ္ထီလာမှ အသိုင်းအဝိုင်းကို ပြန်လည်တည်ဆောက်ခြင်း

(24 April 2013 ရက်စွဲပါ DW မှ David Grunebaum ရေးသားသော Rebuilding the community of Meikhtilar ကို ဘာသာပြန်ဆိုသည်)

Photo Credit By Online

မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာတွင် ဘာသာရေးအရ မတူညီမှုများအတွက်ဖြစ်ပွားသော ပြင်းထန်သောဖြစ်ရပ်များ အပြီးတွင် တာဝန်ရှိသူများသည် ပြန်လည်တည်ဆောက်ရေး အစီအစဉ်များကို လုံးပမ်းရလျှက်ရှိပါသည်။

အကယ်၍ သင်သည်မိတ္ထီလာတခွင် လှည့်လည်ကြည့်မည်ဆိုပါက အပျက်အစီးမြင်ကွင်းများကို လွတ်လိမ့်မည် မဟုတ်ပေ။ ဖြစ်ရပ်အပြီး တစ်လအကြာတွင် လမ်းမများ၏ရှုခင်းတွင် မီးလောင်ထားသောအိမ်များ၊ ပျက်စီးသွားသော စီးပွားရေးလုပ်ငန်းများနှင့် မီးလောင်ထားသော ကားများတွေ့ရမည်ဖြစ်ပါသည်။

မြန်မာစစ်တပ်သည် မိတ္ထီလာမြို့လမ်းများပေါ်တွင် ကင်းလှည့်နေဆဲဖြစ်ပါသည်။

“ညနေလေးနာရီလောက်မှာ ဘုန်းကြီးတစ်ပါး အသတ်ခံရတယ်လို့ သတင်းကြားရတယ်။ အဲဒီနောက်မှာတော့ ပြင်း ပြင်းထန်ထန်တွေ ဖြစ်တော့တာပဲ။ ဗလီတွေ အဆောက်အဦးတွေကို ဖျက်ဆီးကြပါတယ်။ လူတွေ စပြီးသတ်တော့တာပဲ။ ကျွန်မလည်း ကိုယ့်လုံခြုံရေးကို ပူလာရတယ်”ဟု မိတ္ထီလာတွင် နေထိုင်သော မူဆလင်ဘာသာဝင် ခလေးနှစ်ဦးမိခင် ခင်မျိုးထွေးက ပြောပါသည်။

သူ့နေအိမ်မှာ ဖျက်ဆီးခြင်း မခံရသော်လည်း ထိခိုက်မှုများရှိခဲ့ပါသည်။ ယခုအခါ သူ့မိသားစုသည် မိတ္ထီလာစာသင် ကျောင်းတွင် အခြားထောင်ပေါင်းများစွာသော သူများနှင့် ခိုလှုံနေရပါသည်။ အချို့နေရာများတွင် မိသားစုများသည် ပြည့်နှက် နေသောကြောင့် ပိုးမွှားများပျံ့နှံ့ပြီး ဝမ်းရောဂါများ ဖြစ်ပွားကြပါသည်။

“ကျွန်မ ကိုယ့်အိမ်ကိုယ်ပြန်ချင်ပြီ။ အရင်ကလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်ပြီ”ဟု ခင်မျိုးထွေးက ပြောပါသည်။

လက်စားချေမည်ကို စိုးရိမ်

အဓိကရုဏ်းမဖြစ်မီက ဗုဒ္ဓဘာသာများနှင့် မူဆလင်များနေထိုင်ရာ ရပ်ကွက်တစ်ခုတွင် ရေတွင်းတစ်ခုရှိပါသည်။ ယခုထိုရေတွင်းတွင် ရေလာခပ်သော ဗုဒ္ဓဘာသာအမျိုးသမီး မအေးအေးခိုင်က ၎င်းတို့မှာအဆိုပါဖြစ်ရပ်တွင် ဘာမှကျူးလွန် သူများမဟုတ်ကြောင်း၊ သို့သော်မူဆလင်များက မည်သည့်အချိန်တွင် လက်စားချေမည်လဲ ဆိုသည်ကိုလည်း စိုးရိမ်လျှက် ရှိ ကြောင်း ဆိုပါသည်။

“ကျွန်မတို့ ညညဆို ကောင်းကောင်းအိပ်မရဘူး။ ညတိုင်း ဘယ်အချိန် လာအတိုက်အခိုက်ခံရမလဲဆိုတာ မသိဘူး။ စိုးရိမ်နေရတယ်”ဟု သူကဆိုပါသည်။

အေးအေးခိုင်က ပြောကြားရာတွင် အစိုးရကအိမ်များ ပြန်ဆောက်ပေးပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်ပေးနိုင်သည်ထားဦး ပြန်မရနိုင်တော့သောအရာမှာ ယုံကြည်မှုဖြစ်ကြောင်း ယခုအခြေအနေမှာ ပြန်လည်ပြင်ဆင် ရန်လက်လှမ်းမမှီနိုင်သော အနေအထားတွင် ရှိနေသည်ဟု ယုံကြည်နေမိကြောင်း ပြောပါသည်။

“ကျွန်မတို့ဘက်က ဘုန်းကြီးတစ်ပါး ဆုံးရှုံးခဲ့ရတယ်။ သူတို့ဘက်က လူတချို့အသက်ဆုံးခဲ့ရတယ်။ နေအိမ်တွေ ဗလီတွေ ဆုံးရှုံးခဲ့ရတယ်။ ဒီတော့ သူတို့စိတ်ထဲမှာ ဒေါသတွေ ဖြစ်နေမှာပဲ”ဟု သူကပြောပါသည်။

ယုံကြည်မှုအတွက် မေးခွန်းတစ်ခု

အေးအေးခိုင်စဉ်းစားပုံမျိုးကို ကိုမျိုးအပါအဝင် တခြားဗုဒ္ဓဘာသာဝင်များကလည်း ပြောပြကြပါသည်။ ကိုမျိုးသည် အဓိကရုဏ်း ပထမညတွင် အိမ်နီးချင်းမူဆလင် ၇ ဦးအား အကာအကွယ်ပေးထားခဲ့ပါသည်။

“ကျွန်တော်တို့တတွေဟာ အိမ်နီးချင်းအဖြစ်နေလာတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ သူတို့တခုခုဖြစ်မှာကို ကြည့် မနေနိုင်ပါဘူး။ သူတို့အသက်ကို စိုးရိမ်ရပါတယ်”ဟု ကိုမျိုးက DW သို့ ပြောပါသည်။

ကိုမျိုးက ပြောကြားရာတွင် ၎င်းသည်အိမ်နီးချင်းများကို အကာအကွယ်ပေးခဲ့ရ၍ ဂုဏ်ယူကြောင်း၊ သို့သော် နောင် ၎င်းတို့ကိုပြန်တွေ့လျှင် ဝေးဝေးနေမည်ဖြစ်ကြောင်း ပြောပါသည်။ “ကျွန်တော် ကယ်ခဲ့တဲ့သူတွေကိုလည်း ကျွန်တော်မယုံ တော့ဘူး”ဟု ပြောပါသည်။

မိတ္ထီလာတွင် အသိုင်းအဝိုင်းတစ်ခုတည်းအဖြစ် နေထိုင်ခဲ့သည့်ပုံစံမျိုး ပြန်မဖြစ်နိုင်တော့ကြောင်း ကိုမျိုးကပြောပါ သည်။ တချိန်က ဘေးတစ်ဖက်တချက် ငြိမ်းချမ်းစွာအတူနေထိုင်ခဲ့ကြသော မူဆလင်နှင့် ဗုဒ္ဓဘာသာများ ပြန်လည်ပေါင်းစည်း နိုင်ရန်ခက်ခဲသွားပြီဟု ထင်ကြောင်း ၎င်းကစဉ်းစားမိသည်ဟု ကိုမျိုးကဆိုပါသည်။


တရုတ် Sinopec ၏ မြန်မာဓာတ်ငွေ့စီမံကိန်းတွင် CPC ရှယ်ယာ ပါဝင်

(Channel News Asia မှ 25 April 2013 ရက်စွဲပါ “Taiwan’s CPC joins Sinopec in Myanmar venture”သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit By Online

ထိုင်ဝမ်အစိုးရပိုင် ရေနံကုမ္ပဏီ CPC corp သည် မြန်မာနိုင်ငံတွင် တရုတ်ရေနံကုမ္ပဏီကြီး Sinopec က ဓာတ်ငွေ့ သိုက်ရှာဖွေနေသော စီမံကိန်း၏ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ကြောင်း ကြာသာပတေးနေ့တွင် ထုတ်ပြန်ပြောကြား သည်။

Sinopec က အပြည့်အဝ ပိုင်ဆိုင်သော ကုမ္ပဏီခွဲ International Petroleum Exploration and Production Corp (SIPC)နှင့် မိမိတို့ကုမ္ပဏီကြား ကန်ထရိုက်စာချုပ်ကို ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု CPC corp ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်၏ CPC corp က ရင်းနှီးမြှုပ်နှံမှု ပမာဏကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုသော်လည်း အစမ်းတွင်း ၆ ခု တူးထားပြီးဖြစ်သည့် SIPC ဓာတ်ငွေ့စီမံကိန်း၏ ရှယ်ယာ ၃၀ % ကို ယခုစာချုပ်အရ ပိုင်ဆိုင်ခွင့်ရမည်ဟု ပြောကြားပါသည်။

CPC corp သည် လက်ရှိတွင် တစ်ရက်လျှင် ရေနံစိမ်းစည် ၇၀၀,၀၀၀ သို့မဟုတ် ထိုင်ဝမ်၏ နေ့စဉ်လိုအပ်ချက် ၆၀ % ခန့်ကို ဖြန့်ဖြူးပေးလျှက်ရှိသည်။

နေ့စဉ်လိုအပ်ချက်၏ တစ်ရာခိုင်နှုန်းမျှကိုသာ ကိုယ်တိုင် ထုတ်လုပ်နိုင်သော ထိုင်ဝမ်ကျွန်းသည် အရှေ့အလယ်ပိုင်း နှင့် အာဖရိကမှ ရေနံတင်သွင်းမှုကို အဓိကမှီခို နေရသည်။

လက်ရှိအချိန်တွင် ထိုင်ဝမ်၏ CPC သည် အီကွေဒေါ၊ သြစတြီးယားနှင့် နိုင်ဂါအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံမှ စွမ်းအင် သယံဇာတ တူးဖော်ရေးစီမံကိန်း ၂၃ ခုတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။


ဦးသိန်းစိန်နှင့် ထိပ်သီးဆွေးနွေးရန် မေလကုန်တွင် ဂျပန်ဝန်ကြီးချုပ် မြန်မာသို့ လာမည်

(The Japan Times မှ 26 April 2013 ရက်စွဲပါ Japan’s Abe to visit Myanmar in late May for summit with Thein Sein သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit By Sky News

မြန်မာနိုင်ငံမှစီးပွားရေးဖွံ့ဖြိုးရေး၊ ဒီမိုကရေစီကူးပြောင်းရေး ဖြစ်စဉ်ကိုအားပေးနေသည့် ဂျပန်နိုင်ငံ၏ အားထုတ် မှုများကိုအရှိန်မြှင့်ရန် ရည်မှန်းထားသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံရန် မေလကုန် တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဤအစီအစဉ်သည် မြန်မာနိုင်ငံသို့ ဂျပန်ဝန်ကြီးချုပ်တစ်ဦး ၃၆ နှစ်အတွင်း ပထမဆုံး သွားရောက်ခြင်းဖြစ်လာ လိမ့်မည်။ ယခင်က ၁၉၇၇ သြဂုတ်လတွင် သွားရောက်ခဲ့သော တာကေအိုဖူကူဒါ၏ ခရီးစဉ်မှာ နောက်ဆုံးဖြစ်သည်။

မေလ ၂၅၊ ၂၆ တွင်သွားရောက်ဖွယ်ရှိသည်ဟုမျှော်လင့်ရသော အာဘေး၏ခရီးစဉ်သည် မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေး ကာလအတွင်း ကြီးထွားလာခဲ့သော တရုတ်လွှမ်းမိုးမှုကို တန်ပြန်ထိန်းညှိရာတွင် အထောက်အကူဖြစ်စေလိမ့်မည်ဟု ဂျပန် တာဝန်ရှိသူက ဆိုပါသည်။

အာဘေးသည် ယခင်အပတ်က ဂျပန်သို့လာရောက် လည်ပတ်သွားခဲ့သူ မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း မြန်မာခရီးစဉ်တွင် ထပ်မံတွေ့ဆုံရန် စဉ်းစားနေသည်ဟု သိရှိရသည်။

၂၀၁၁ နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းလာမှုဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နေသည့် မြန်မာ နိုင်ငံသည် သယံဇာတပေါသည့်အပြင် သိသိသာသာလုပ်အား ချိုသာမှုကြောင့် အာရှတိုက်၏ အလတ်ဆတ်ဆုံး ဈေးကွက် တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ခံနေရပါသည်။

မေ ၂၅၊ ၂၆ ၌ ဆိုးလ်တွင်ကျင်းပရန်စီစဉ်ထားသော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေး ပွဲကို ဆင်ကာကူပိုင်နက် အငြင်းပွားမှုကြောင့် ဖျက်သိမ်းလိုက်ပြီးနောက်တွင် ယခုမြန်မာခရီးစဉ်အတွက် စီစဉ်မှုများပြုလုပ် ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

မြန်မာခရီးစဉ်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု နယ်ပယ်နှင့် အခြေခံအဆောက် အဦးစနစ်များကို တိုးတက်အောင်ကူညီမည့် ဂျပန်နိုင်ငံ၏ ရည်မှန်းချက်ကို ဝန်ကြီးချုပ်အာဘေးက ထုတ်ဖော်ပြောကြား လိမ့်မည်ဟု မျှော်လင့်ရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး အောင်မြင်သွားပါက စာသင်ကျောင်းများ ဆောက်လုပ် ပေးခြင်း၊ စိုက်ပျိုးရေး နည်းပညာ အကူအညီပေးခြင်း၊ အခြားအထောက်အပံ့များပေးခြင်းတို့ဖြင့် တိုင်းရင်းသားလူမျိုးများ အား ထိရောက်စွာ ကူညီနိုင်မည့် အစီအစဉ်ကိုလည်း ထုတ်ပြန်ကြေညာဖွယ် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အရပ်ဖက်အစိုးရတက်လာပြီးနောက်ပိုင်း ဒီမိုကရေစီကူးပြောင်းရေး၊ ဆိပ်ကမ်းနှင့် ဝန်ဆောင်မှု စနစ်များတည်ဆောက်ရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့ကို အားပေးကူညီရန် ဂျပန်နိုင်ငံက အရှိန်မြှင့်အားထုတ် လာခြင်းဖြစ်သည်။

ယခုနှစ်အစပိုင်း အာဘေးအစိုးရတက်လာပြီး တစ်ပတ်ခန့်အကြာတွင် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး တာရိုအာရီုက “မြန်မာနိုင်ငံ၏စစ်မှန်သော ဒီမိုကရေစီစနစ် ထူထောင်ရေးကြိုးပမ်းမှုများကို ကူညီသွားရန် ဂျပန်နိုင်ငံက ကတိ ပြုကြောင်း” နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့အတူ ယခုလ အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ ညွန့်ပေါင်း UNFC ဥက္ကဋ္ဌ အင်ဘန်လနှင့်လည်းကောင်း အသီးသီးတွေ့ဆုံရာတွင်လည်း မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက အားပေးကူညီ သွားမည်ဖြစ်ကြောင်း ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment