CURRENT NEWS |
ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်
- ပြည်တွင်းနိုင်ငံရေးပါတီများအား နိုင်ငံတော်မှ ရန်ပုံငွေထောက်ပံ့ရန်တင်ပြ
- အကန့်အသတ်ဖြင့် အမေရိကန်-မြန်မာ စစ်ရေးဆက်ဆံမည်
- တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးရေး ညီလာခံတစ်ရပ်ကျင်းပပြုလုပ်
ပြည်တွင်းနိုင်ငံရေးပါတီများအား နိုင်ငံတော်မှ ရန်ပုံငွေထောက်ပံ့ရန်တင်ပြ
ပြည်တွင်းရှိနိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်မှပါတီရန်ပုံငွေ ထောက်ပံ့ပေးရန် ကရင် ပြည်သူ့ပါတီမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တင်ပြထားကြောင်း အဆိုပါပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
လက်ရှိအချိန်တွင် ပြည်တွင်းနိုင်ငံရေး ပါတီများအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရန် ပါတီရန်ပုံငွေ အခက်အခဲများ ရှိသည့်အတွက် မြို့နယ်အဆင့်၊ ကျေးရွာအဆင့်များတွင် ကော်မတီများဖွဲ့စည်း၍ ပါတီရန်ပုံငွေရရှိရေး ဆောင်ရွက်လျက် ရှိသည့် အပြင် ပါတီပိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်၍ ရန်ပုံငွေရှာဖွေရလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း ပြည်တွင်းနိုင်ငံရေး ပါတီများအနေဖြင့် ပြည်ပအထောက်အပံ့ ရယူခြင်းကို တားမြစ်ထားသည့်အတွက် ပါတီများအနေဖြင့် လွတ်လပ်၍ သိက္ခာရှိစွာရပ်တည်နိုင်ရန် နိုင်ငံတော်မှ ပါတီရန်ပုံငွေထောက်ပံ့ ရန်နှင့် စီးပွားရေးလုပ်ငန်း တစ်ခုခုစီစဉ်ပေးရန် တင်ပြထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပြည်တွင်းရှိ နိုင်ငံရေးပါတီအချို့သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုကို လုပ်ဆောင်လျက်ရှိသော်လည်း ပါတီရန်ပုံငွေနည်းပါးမှုများကြောင့် ပါတီမဲဆွယ်မှု ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခြင်းမရှိသေးကြောင်း ကရင်ပြည်သူ့ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် နေပြည်တော်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်တွင်းနိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်များမှ ပုဂ္ဂိုလ်တို့သည် နောင်လာမည့် ရွေးကောက်ပွဲများတွင် PR စနစ်ကျင့်သုံးနိုင်ရေး အတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
YC
အကန့်အသတ်ဖြင့် အမေရိကန်-မြန်မာ စစ်ရေးဆက်ဆံမည်
မြန်မာနိုင်ငံအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများအား အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာ-အမေရိကန်နှစ်နိုင်ငံ၏ စစ်ရေးဆက်ဆံမှုများကို အကန့်အသတ်ဖြင့် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုသို့ နှစ်နိုင်ငံ အကန့်အသတ်ဖြင့် စစ်ရေးဆက်ဆံမှုများ ပြုလုပ်သွားမည်ဖြစ်သော်လည်း ယခင်မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရာတွင် စစ်ရေးစစ်ရာ မပာုတ်သည့် ကိစ္စရပ်များအပေါ်တွင်သာ အခြေခံထားမည်ဖြစ်ပြီး အမေရိကန်-မြန်မာ နှစ်နိုင်ငံ၏ စစ်ဘက်ဆက်ဆံရေးနယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်နိုင်ရန်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၏ အောင်မြင်တိုးတက်မှု အပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်-မြန်မာ နှစ်နိုင်ငံ၏ စစ်ဘက်ဆက်ဆံရေး ပထမအဆင့်တွင် လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူမှုဒုက္ခကူညီရေးနှင့် သဘာဝဘေးဒဏ် လျော့ပါးသက်သာရေးစသည့် နယ်ပယ်များတွင် အကျုံးဝင်သွားမည် ဖြစ်သည့်အပြင် နှစ်နိုင်ငံစစ်ရေး ဆက်ဆံမှုကို အာရှ-ပစိတ်ဖိတ် လုံခြုံရေးလေ့လာမှု ဗပာိုဌာန၏ လုပ်ငန်းစဉ်များဖြင့် အစပျိုးမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၌ အမေရိကန်နိုင်ငံ နိုင်ငံပေါင်းစုံမှ စစ်တပ်များပါဝင်သော ကမ္ဘာ့အကြီးဆုံးပူးတွဲ စစ်ရေး လေ့ကျင့်မှုတစ်ရပ်ဖြစ်သည့် Cobra Gold တွင် မြန်မာနိုင်ငံအား ပါဝင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင် ပြသခဲ့သည့်အပြင် နိုင်ငံရေးအကျဉ်းသား အများအပြားကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့အရေးယူမ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံမှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရ သည်။
YC
တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးရေး ညီလာခံတစ်ရပ်ကျင်းပပြုလုပ်
တိုင်းရင်းသားတို့၏ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် တိုင်းရင်းသားမီဒီယာ ညီလာခံကို ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Mawlamyine Strand Hotel ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ယခုကဲ့သို့ တိုင်းရင်းသား မီဒီယာညီလာခံ ကျင်းပပြုလုပ်ရခြင်းမှာ တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ပြည့်စုံ၍ ဒီမိုကရေစီနည်းလမ်းကျသည့် မီဒီယာဥပဒေတစ်ရပ် ပေါ်ထွန်း လာနိုင်ရေး၊ တိုင်းရင်းသားဒေသအသီးသီးတွင် ဘက်စုံမာလ်တီမီဒီယာများ ပေါ်ထွန်းလာရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် တိုင်းရင်းသား မီဒီယာတို့၏ အခန်းကဏ္ဍ မြင့်မားလာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် တိုင်းရင်းသား မီဒီယာတစ်ခု ပေါ်ပေါက်လာပါက ပံ့ပိုးမှုများပြုလုပ်ရန်၊ တိုင်းရင်းသား မီဒီယာများ၏ ပကတိအသွင်သဏ္ဍာန် ဖြစ်ထွန်းပေါ်ပေါက်လာနိုင်ရန်၊ အဆိုပါညီလာခံမှတစ်ဆင့် တိုင်းရင်းသားအရေး၊ အမျိုး သားရေးကို တစ်ညီတစ်ညွှတ်တည်း အသံတစ်သံတည်းထွက်မည့် တိုင်းရင်းသား မီဒီယာအဖွဲ့ကြီး ပေါ်ပေါက်လာနိုင်ရေးတို့ အတွက် ဆွေးနွေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ညီလာခံကို နိုင်ငံတကာမြန်မာ့သတင်း(BNI)မှ ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရပြန်ကြားဌာနမှ တာဝန်ရှိသူများ၊ စာနယ်ဇင်းကောင်စီ(ယာယီ)မှ တာဝန်ရှိသူများ၊ နိုင်ငံတကာ မီဒီယာကျွမ်းကျင်သူများ၊ တိုင်းနှင့် ပြည်နယ်များမှ တိုင်းရင်းသားမီဒီယာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
YC