Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1.  အလုပ်ရှင်၊ အလုပ်သမားအခွင့်အရေးကော်မတီ လွှတ်တော်၌ဖွဲ့စည်းမည်
  2. လွတ်လပ်ပွင့်လင်းသည့် မြန်မာနိုင်ငံသစ်ထူထောင်လိုသည်ဟု သမ္မတဦးသိန်းစိန်ပြောကြား
  3. ရန်ကုန် လျှပ်စစ်လိုအပ်ချက်အတွက် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ ၅ ရုံတည်ဆောက်မည်

 အလုပ်ရှင်၊ အလုပ်သမားအခွင့်အရေးကော်မတီ လွှတ်တော်၌ဖွဲ့စည်းမည်

လက်ရှိ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျှက်ရှိသော အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခပြဿနာများအား ဖြေရှင်း ဆောင်ရွက်နိုင်စေရန် ပြည်ထောင်စုလွှတ်တော်၌ အလုပ်ရှင်၊ အလုပ်သမားအခွင့်အရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က မေလ ၃ ရက်နေ့တွင် ရန်ကုန် လွှတ်တော်ရုံးခွဲ၌ ကျင်းပပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပအလုပ်သမားရေးရာ ကော်မတီနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လွှတ်တော်မှဖွဲ့စည်းမည့် အလုပ်ရှင်၊ အလုပ်သမားရေးရာကော်မတီတွင် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးမြညိမ်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရည်က ဆောင်ရွက် သွားမည်ဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များဖြင့် ဖွဲ့စည်းသွား မည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် အလုပ်သမား၊ အလုပ်ရှင်ကိစ္စရပ်များ စုံစမ်းစစ်ဆေးနိုင်ရန် ဇုန်အလိုက်ကိုယ်စားလှယ်များ၊ လူမှုဖူလုံရေးနှင့် အလုပ်သမားရေးရာဌာနမှတာဝန်ရှိသူများဖြင့် စက်မှုဇုန်အလိုက် အလုပ်သမားဆပ်ကော်မတီများ ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရှင်၊ အလုပ်သမားအခွင့်အရေးကော်မတီအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ လက်ရှိတည်ဆဲဥပဒေများအတွင်းမှ အားသာချက်၊ အားနည်းချက်များကို ပြင်ဆင်ရေးဆွဲရန် စုံစမ်းလေ့လာ၍ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီအနေဖြင့် ပြည်တွင်း၌ဖြစ်ပွားလျက်ရှိသော အလုပ်ရှင်၊ အလုပ်သမားတို့နှင့် ပတ်သက်၍ အချက် အလက်များရှာဖွေစုဆောင်းခြင်း၊ စက်ရုံအလုပ်ရုံများသို့ကွင်းဆင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။ ထို့ပြင် လာမည့် လွှတ်တော်အစည်းအဝေး၌ အလုပ်သမားများနှင့် ပတ်သက်သောအဆိုတင်သွင်းခြင်း၊ မေးခွန်းမေး မြန်းခြင်းနှင့် ဥပဒေကြမ်းပြဋ္ဌာန်းခြင်းများကိုပါ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း လုပ်ခလစာနည်းပါးမှုများ၊ အလုပ်ချိန် များပြားမှုများနှင့် အလုပ်သမား တို့၏ အခြေခံအခွင့်အရေးပျောက်ဆုံးမှုများကြောင့် အလုပ်ရှင်၊ အလုပ်သမားကြားပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတစ်ဝန်းလုံး တွင်လည်း အလုပ်သမားတို့မှ ဆန္ဒထုတ်ဖော်မှုများ အပြင်းအထန်ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC


လွတ်လပ်ပွင့်လင်းသည့် မြန်မာနိုင်ငံသစ်ထူထောင်လိုသည်ဟု သမ္မတဦးသိန်းစိန်ပြောကြား

နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ ပါတီတို့သည် မေလ ၅ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ပဋိပက္ခများနှင့် ငြိမ်းချမ်းရေးကိစ္စများကို အဓိကထားဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီအချို့မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ စသည့်ပါတီများ ပါဝင်ခဲ့ကာ အင်အားကြီးပါတီနှစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်ဖွံ့ဖြိုး ရေးပါတီ တို့ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အမျိုးသားရေးရည်မှန်းချက်အနေဖြင့် လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင် သည့် နိုင်ငံရေးဖြစ်စဉ်နှင့် တန်းတူယှဉ်ပြိုင်နိုင်ခွင့်ရှိသည့် စီးပွားရေးဖြစ်စဉ်များဖြင့် တည်ဆောက်ထားသော မြန်မာနိုင်ငံတော် သစ် တည်ထောင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြုပြင်ပြောင်လဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အစိုးရတစ်ဖွဲ့ တည်းမှ လုပ်ဆောင်နေခြင်းမျိုးမဟုတ်ဘဲ လွှတ်တော်အဆင့်အဆင့်၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဖက် လူ့အဖွဲ့အစည်း များ၊ ပြည်သူများ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေးလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အစည်းအဝေးသို့ တက်ရောက်လာသော တိုင်းရင်းသားပါတီများမှ ခေါင်း ဆောင်များနှင့် ဆက်လက် ဆွေးနွေးရာ ချင်းအမျိုးသားပါတီအတွင်းရေးမှူး ကိုငယ်ပီးက သာသနာရေး ဝန်ကြီးဌာန၏ ဘတ်ဂျက်ကို ဗုဒ္ဓဘာသာတစ်ခုတည်းအတွက်သာ မသုံးဘဲ ခရစ်ယာန်နှင့် မွတ်စလင် ဘာသာများအတွက်ပါ ခွဲဝေပေးသင့် ကြောင်း၊  ထိုမှသာ ဘာသာရေးခွဲခြားမှုမရှိသည့်နိုင်ငံ ဖြစ်လာမည် ဖြစ်ကြောင်းတိုက်တွန်းပြောဆိုခဲ့သည်ပာု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေမှ လယ်ယာမြေမှတ်ပုံတင်ခွင့်ကာလကို အချိန်တိုး ပေးရန်နှင့် စိုက်ပျိုးရေးစရိတ်ချေးငွေများကို လယ်သမားများ လက်ထဲသို့ အမှန်တကယ် ရောက်ရှိစေရန်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိစေရန်အတွက် အာဏာခွဲဝေပေးမှုအပိုင်းများကို တင်ပြခဲ့ပြီး သမ္မတမှ ငြိမ်းချမ်းရေးပန်းတိုင်သို့ရောက်ရှိရန်အတွက် ပြည်သူများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ တပ်မတော်နှင့် အရပ်ဘက်အဖွဲ့ အစည်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုမှ သမ္မတကြီး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှု အတွက် လုပ်ဆောင်ချက်များသည် ၎င်းတို့ပါတီ၏ ရည်မှန်းချက်များနှင့်ထပ်တူကျကာ သမ္မတကြီးအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေသော်လည်း အောက်ခြေတွင် ထူးခြားခြင်းမရှိဘဲ ပြဿနာများ ရှိနေသေးကြောင်း တင်ပြခဲ့ရာတွင် သမ္မတကြီးမှ အဆိုပါကိစ္စရပ်များသည် အုပ်ချုပ်ရေးနှင့် သက်ဆိုင်ပြီး အုပ်ချုပ်ရေးအပိုင်း ကောင်းမွန်စေရန် အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဥက္ကဋ္ဌမှ ၎င်းအနေဖြင့် ရခိုင်လွတ်မြောက်ရေးတပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းပြောကြားခဲ့ပြီး ဘူးသီးတောင်၊ မောင်တောတွင် စည်ပင်သာယာလိုင်စင်နှင့်ပတ်သက်၍ အငြင်း ပွားမှု များဖြစ်ပေါ်နေသည့်အတွက် ယင်းပြဿနာမှတစ်ဆင့် ဆူပူမှုများ ပြန်လည်ဖြစ်ပေါ်လာနိုင်သည်ကို တင်ပြခဲ့ကြောင်း သိရှိ ရသည်။

YC


ရန်ကုန် လျှပ်စစ်လိုအပ်ချက်အတွက် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ ၅ ရုံတည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများနှင့် ပိုမိုဖွံ့ဖြိုးလာသည့် စက်မှုဇုန်များအတွင်း သုံးစွဲမှုများကြောင့် လိုအပ် ချက်များပြားလျက်ရှိသည့် လျှပ်စစ်ဓါတ်အားကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန် လာမည့်နှစ်အတွင်း ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ ၅ ရုံ ထပ်မံတည်ဆောက်သွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က အလုံလျှပ်စစ်ဓါတ်အားပေးစက်ရုံအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ Toyo Thai Power Myanmar Co.,Ltd တို့ပူးပေါင်းဆောင်ရွက်သည့် ၁၂၀ မဂ္ဂါဝပ် ဓါတ်အားပေးစက်ရုံ (ပထမအဆင့်) ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ထပ်မံတည်ဆောက်မည့် ဓါတ်အားပေးစက်ရုံများမှာ ဇေယျကုမ္ပဏီနှင့် ပူးပေါင်း၍ လှော်ကားစက်ရုံတွင် မဂ္ဂါဝပ် ၅၀ ထုတ်ပေးနိုင်မည့် ဂက်စ်အင်ဂျင် ပါဝါ ပန့်စက်ရုံတစ်ရုံ၊ ထိုင်းနိုင်ငံအစိုးရမှ လွှဲပြောင်းပေး ထားသည့် ၂၄၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် Gas Turbine ၂ လုံး၊ သာကေတ ဓါတ်အားပေးစက်ရုံတွင် CIC ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် မဂ္ဂါဝပ် ၅၀ ဓါတ်အားထုတ်လုပ်နိုင်မည့် ဂက်စ်အင်ဂျင်ပါဝါစက်ရုံတို့ဖြစ်ပြီး ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် အပြီးတည်ဆောင်၍ အဆိုပါစီမံကိန်းများမှ ၂၀၁၃ ခုနှစ်အတွင်း လျှပ်စစ်ဓါတ်အား ၃၂၇ မဂ္ဂါဝပ်နှင့် ၂၀၁၄ ခုနှစ်အတွင်း လျှပ်စစ်ဓါတ်အား ၁၈၃ မဂ္ဂါဝပ်ဖြင့် စုစုပေါင်းမဂ္ဂါဝပ် ၅၁၀ ထုတ်လုပ်ဖြန့်ဖြူးပေး နိုင်မည်ဖြစ်ကြောင်း သိရှိရ သည်။

ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓါတ်အားသုံးစွဲမှုပမာဏမှာ နေ့ဘက်တွင်  ၇၈၆ မဂ္ဂါဝပ်နှင့် ညဘက်တွင် ၇၅၄ မဂ္ဂါဝပ်ရှိခဲ့ပြီး နှစ်စဉ်ဓါတ်အားသုံးစွဲမှုမှာ ၁၅ ရာခိုင်နှုန်း တိုးတက်လျက် ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓါတ်အား မရရှိသေးသည့် ကျေးရွာပေါင်း ၁၅၀၀ ခန့် ကျန်ရှိနေသေးသည့်အတွက် ကျေးလက်နေပြည်သူများ လျှပ်စစ် ဓါတ်အား သုံးစွဲနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓါတ်အား လိုအပ်ချက်မှာ မဂ္ဂါဝပ် ၈၀၀ မှ ၉၀၀ အထိ ရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment