Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မူးယစ်ဆေးဝါးပပျောက်ရေး၂၀၁၉ အထိသက်တမ်းတိုး
  2. မြန်မာလယ်သမားများကို အမေရိကန်အစိုးရ ချေးငွေပေးမည်
  3. အစိုးရတပ်များမှ ထိုးစစ်ဆင်လာပါက ခုခံသွားမည်ဟု KNU/KNLA နှင့် DKBA ပြောကြား
  4. မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် ပြည်ပရောက်ပညာရှင်များကို ဖိတ်ခေါ်

မူးယစ်ဆေးဝါးပပျောက်ရေး၂၀၁၉ အထိသက်တမ်းတိုး

မြန်မာအစိုးရအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးစီမံချက်ကို ၂၀၁၉အထိ သက်တမ်းတိုး သတ်မှတ် လိုက်ကြောင်း ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းက ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းရေး ခြောက်နိုင်ငံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ယခင်အစိုးရ လက်ထက်က အဆိုပါစီမံချက်ကို  ၂၀၁၄ တွင် အပြီးသတ် အကောင်အထည်ဖော် ရန်သတ်မှတ်ထား သော်လည်း ဒေသတွင်းမူးယစ်ဆေးဝါး ထုတ်လုပ်၊ ရောင်းချ၊ သယ်ဆောင်မှုများတွင် အာဖရိကနှင့် အီရန် မူးယစ်ဂိုဏ်းများ ပါဝင်ပတ်သက်မှုများနှင့် Methamphetamine  အမျိုးအစား စိတ်ကြွအန္တရာယ်တို့ကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၀၇ မှစ၍ ပြန်လည်မြင့်တက်လာခဲ့သည့်အတွက် မူးယစ်ဆေးဝါး ပပျောက်ရေး စီမံချက်ကို မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ မှ ၂၀၁၉အထိ ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မူးယစ်ဂိုဏ်းများသည် တစ်နိုင်ငံတည်းတွင် အခြေပြုလုပ်ဆောင်နေခြင်းမဟုတ်ဘဲ ထိုင်းနှင့်လာအိုနိုင်ငံများတွင် အဖွဲ့ များခွဲ၍ လုပ်ဆောင်မှုများရှိကြောင်း ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်  အခြားအိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တွင် အဆိုပါမူးယစ်ဂိုဏ်းများကို ဖမ်းမိခြင်းများရှိကြောင်း ဒုရဲမှူးချုပ်ဦးဇော်ဝင်းက ပြောဆိုသည်။

မြန်မာနိုင်ငံနယ်စပ်ဒေသများ နှစ်ရှည်လများဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခများအကြောင့် ယင်းဒေသများအတွင်း တရားဥပဒေစိုးမိုးမှုတည်ဆောက်နိုင်ရန် အခက်အခဲများရှိခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများက မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုမှ ရရှိသည့်အမြက်ငွေများ စစ်ရေးစစ်ရာကိစ္စများတွင် အသုံးပြုခဲ့ကြကြောင်း လေ့လာသူများက ယူဆထား သည့်ဟု အေအေပီသတင်းဌာနမှ ဖော်ပြထားသည်။

မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း ထိုင်း၊လာအိုနိုင်ငံများနှင့် နယ်နမိတ်ချင်းထိစပ်နေသော ရွှေတြိဂံနယ်မြေသည် မူးယစ်ဆေးဝါးရောင်းဝယ်သော မူးယစ်ဂိုဏ်းများ  အဓိကကျက်စားရာနေရာဖြစ်ပြီး အိမ်နီးချင်းတရုတ် နိုင်ငံမှလည်း စိုင်းနော်ခမ်းကဲ့သို့ မူးယစ်ရာဇများကိုဆေးထိုး၍ ကွပ်မျက်သည့် အရေးယူမှုမျိုး ရှိခဲ့သည်။


 

မြန်မာလယ်သမားများကို အမေရိကန်အစိုးရ ချေးငွေပေးမည်

မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ လိုအပ်နေသော စိုက်ပျိုးရေးစရိတ်များကို အစိုးရမှ ချေးငွေလုံလောက် စွာ ထုတ်ပေးနိုင်ခြင်းမရှိသောကြောင့် တောင်သူလယ်သမားများအတွက် ကာလရှည်အတိုးနည်းချေးငွေကို အမေရိကန်အစိုးရမှ ထုတ်ချေးသွားမည်ဖြစ်ကြောင်း မေလ ၆ ရက်နေ့က ကျင်းပသော လယ်ယာစိုက်ပျိုးရေး ကနဦးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားခဲ့သည်။

အတိုးနှုန်းကြီးသော ပုဂ္ဂလိကချေးငွေများကို ရယူနေရသည့် မြန်မာလယ်သမားများကို Soft Loan ( ကာလရှည် အတိုးနည်းချေးငွေ) ကို အမေရိကန်အစိုးရမှ ထုတ်ချေးပေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်း ကတိုက်တွန်းပြီးနောက် ရန်ကုန်မြို့၊ ပြည်ထောင်စုလွှတ်တော်ရုံးခွဲတွင်ပြုလုပ်သည့် လယ်ယာစိုက်ပျိုးရေး ကနဦးအလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အဆိုပါချေးငွေ ပေးအပ်နိုင်ရေးအတွက် လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးရန်လိုအပ်ပြီး အစိုးရ အုပ်ချုပ် ရေးယန္တရားအတွင်း အကျင့်ပျက်ချစားမှုများကို နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီးမှပြောကြားခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများထံမှ အတိုးနှုန်းသက်သာသော ကာလတိုချေးငွေကို နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ အမေရိကန်ပြည်ထောင်စု အေဂျင်စီ (USAID) ကမြန်မာလယ်သမားများအတွက် ရှာဖွေပေးနိုင်ပါကများစွာ အကျိုးရှိမည်ြ ဖစ်ကြောင်း သူရဦးရွှေမန်းမှ ပြောကြားခဲ့သည့်အပြင်အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် မှလည်း လယ်သမားများကိုလုံလောက် သောချေးငွေထုတ်ပေးရန်လိုအပ်ပြီး လက်မှု လယ်ယာမှ စက်မှုလယ်ယာ သို့ကူးပြောင်းရာတွင် အစိုးရမှ အကူအညီပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် လယ်သမားများအား ချေးငွေထုတ်ပေးမည့်ကိစ္စအပြင် နိုင်ငံရေးတည်ငြိမ်မှုအတွက် အဓိကကျသော ဆန်းစပါးဈေးနှုန်းတည်ငြိမ်ရေးနှင့် လယ်သမားများ ဆန်စပါးကို ထိုက်သင့်သောနှုန်းဖြင့် ရောင်းချနိုင်ရေး အတွက် လယ်သမားကာကွယ်စောင့်ရှောက်ရေးဗဟို ကော်မတီဖွဲ့စည်းရန် လယ်သမားကာ ကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းတွင် ရေးဆွဲထားကြောင်း သူရဦးရွှေမန်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လယ်သမားများကို လုံလောက်သော ချေးငွေထုတ်ချေးခြင်း၊ အတိုးနည်းချေးငွေရှာဖွေပေးခြင်း၊ စပါးဈေးထိုး မကျစေရန် အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ပေးခြင်းနှင့် ဆန်စပါးဈေးကို ဆန်ကုန်သည်များမှ ဈေးကွက်ပေါက်ဈေးထက် ထိုးတင်ရောင်းချခြင်းမပြုရန် အမြင့်ဆုံးရောင်းချနိုင်သည့် ဈေးနှုန်းသတ်မှတ်ပေးခြင်း တို့ကိုယင်း ဗဟိုကော်မတီက လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

စပါးစိုက်ပျိုးသည့် အခြားနိုင်ငံများတွင် စပါးရိတ်သိမ်းပြီးပါက အောက်တိုဘာလတွင်ဆန်စပါးဈေး ထိုးကျနိုင်ပြီး ပြည်တွင်းလယ်သမားများ အရှုံးပေါ်နိုင်သဖြင့် ယခုဥပဒေကြမ်းကို ဇွန်လအတွင်း ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးတွင် အပြီးဆုံးဖြတ်သွားဟု သူရဦးရွှေမန်းကပြောကြားခဲ့ကြောင်း သိရှိရသည်။

 YC


 

 

အစိုးရတပ်များမှ ထိုးစစ်ဆင်လာပါက ခုခံသွားမည်ဟု KNU/KNLA နှင့် DKBA ပြောကြား

ဟတ်ကြီးရေကာတာ စီမံကိန်းကို အကြောင်းပြုပြီး ၎င်းတို့အားထိုးစစ်ဆင်လာပါက ခုခံသွားမည်ဟု ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် DKBA အဖွဲ့များ က မေလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် DKBA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မေလ ၆ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ KNU/KNLA အထူးဗျူဟာရုံးချုပ်တွင် ပြည်တွင်းသတင်းထောက်များကို ခေါ်ယူတွေ့ဆုံပြီး ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင်( ကလိုထူးဘော်အခြေချစစ်ဗျူဟာမှူး)က မိမိတို့ တပ်ဖွဲ့ထံ မေလ ၂ ရက်နေ့တွင် တပ်မတော်မှ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်း လုပ်ကိုင်ရန်အတွက် DKBA တပ်များအား မေလ ၄ ရက်နေ့ည ၁၂ နာရီနောက်ဆုံးထားပြီး ဆုတ်ခွာပေးရန်ညွှန်ကြားခဲ့ကာ အဆိုပါညွှန်ကြားချက်နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် မည်သည့်နည်းလမ်းနှင့်မျှ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် လက်ခံသွားမည်မဟုတ်ဘဲ ထိုးစစ်ဆင်လာပါက ခုခံတိုက်ခိုက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်မှ DKBA တပ်များကို မေလ ၄ရက်နေ့ နောက်ဆုံးထားပြီး လှိုင်းဘွဲ့၊ မီဆိုင်း၊ ကျုံထော်၊ မြိုင်ကြီးငူ စသော ဒေသများက ဆုတ်ခွာပေးရန်ညွှန်ကြားထားသော်လည်း DKBA တပ်များဆုတ်ခွာမည်ဆိုပါက ပထမ တစ်ချက်အနေဖြင့် ထိုင်းနိုင်ငံနှင့် လွန်စွာနီးကပ်သွားမည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံမှလည်း လက်ခံမည် မဟုတ်ကြောင်း နှင့် ဒုတိယအချက် အနေဖြင့် DKBA တပ်များသည် သက်ဆိုင်ရာဒေသများရှိ စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများတွင် အခြေကျနေပြီဖြစ်သော ကြောင့် လက်ခံမနိုင်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြား ခဲ့သည်။

ထိုသို့ လက်နက်ကိုင်တပ်များ ဆုတ်ခွာရန်အမိန့်ပေးခြင်းသည် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် သဘောတူညီ ထားသည့် အချက်တစ်ချက်ဖြစ်သော “ နှစ်ဖက်သဘောတူညီထားသော နယ်မြေများမှအပ နယ်မြေကျော်လွန် လက်နက်ကိုင် ဆောင်သွားလာမှုကို နှစ်ဖက်ကြိုတင်ညှိနှိုင်းပြီးဆောင်ရွက်မည်” ဆိုသည့်အချက်ကို မလေးစားရာ ရောက်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ  ကြားနေကာ ဝင်ရောက်ဖြေရှင်းပေးခြင်း မရှိသေးသော်လည်း ယခုကိစ္စအတွက် တပ်မတော် အနေဖြင့် အာဏာရှင်သဘောမျိုး အမိန့်ပေးစေခိုင်းမှုများ ဆက်လက်ဆောင်ရွက်နေပါက လက်ရှိဆောင်ရွက် နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်ရုံမျှမက တင်းမာမှုများဆက်လက်ဖြစ်ပေါ်နေပါက ပြဿနာများ ကြီးထွားလာနိုင်ပြီး အခြားကရင်လက်နက်ကိုင် အဖွဲ့အစည်းများသို့ပါ ကူးစက်ကာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပေါ်လာနိုင် ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးချုပ် တိမသေ ကပြောကြားခဲ့သည်။

ထို့အပြင် DKBA တပ်များကို တပ်မတော်မှ ထိုးစစ်ဆင်ကာ ဖယ်ရှားမည်ဆိုပါက KNU/KNLA အနေဖြင့် လက်ပိုက်ကြည့် နေမည်မဟုတ်ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီး စောအဲကောထူး (တိုက်ဂါး) ကပြောကြားထားကြောင်း သိရှိရသည်။

မေလ ၆ ရက်နေ့တွင် မြဝတီမြို့သို့ သတင်းထောက်များကို ခေါ်ယူအသိပေးမှုသည် အောက်ခြေတွင် ဖြစ်ပေါ် နေသည့် အခြေအနေများကို တိုင်းရင်းသားငြိမ်းချမ်းရေးကိစ္စများ အထူးအလေးပေးဆောင်ရွက်နေသည့် နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများ၊ မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိပုဂ္ဂိုလ်များ ထဲထဲဝင်ဝင်သိရှိနိုင်စေ ရန် အသိပေးလို၍ဖြစ်ကြောင်း သိရှိရသည်။

                                                YC


မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် ပြည်ပရောက်ပညာရှင်များကို ဖိတ်ခေါ်

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံများ တည်ဆောက်ရာတွင် နိုင်ငံတကာပညာရှင်များနှင့် လက်တွေ့လုပ်ငန်းခွင်နားလည်တက်ကျွမ်းသူများကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မှ မေလ ၁ ရက်နေ့က စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော Myanmar Transitional Platform (MPT) တွင် ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ အဓိကလိုအပ်ချက်တစ်ခုဖြစ်သော လျှပ်စစ်ကဏ္ဍအတွက် နိုင်ငံတကာမှ မြန်မာပညာရှင်များ၏ အကူအညီများနှင့် အကြံပြုချက်များကို ရယူသွားမည်ဖြစ်ပြီး  ပြည်ပရောက်ပညာရှင်များနှင့်ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ နိုင်ငံတော်သမ္မတအကြံပေး ဦးလှမောင်ရွှေမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏လက်ရှိ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကဏ္ဍကို နိုင်ငံတော်ကသာ လုပ်ဆောင်လျှက်ရှိပြီး အရှုံးများသော လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားကာ လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်းမှ ပြည်သူများကို တစ်ယူနစ်လျှင် ၂၅ ကျပ်နှင့်ဖြန့်ဖြူးပေးနေသော်လည်း ထုတ်လုပ်မှုစရိတ်အားထုတ်ပြန်ထားခြင်း မရှိကြောင်းနှင့် စက်ရုံများနှင့် လုပ်ငန်းသုံးအတွက် လျှပ်စစ်ဓါတ်အားခ တစ်ယူနစ်လျှင် ၅၀၀ ကျပ်ကောက်ခံထားသော်လည်း လျှပ်စစ်ဓါတ်အား လုံလောက်စွာမရရှိခြင်း၊ ဓါတ်အားခကြီးမြင့်ခြင်းတို့ကြောင့် နိုင်ငံခြားရင်းနှီးမှုများကို အဟန့်အတားဖြစ်စေကြောင်း စင်ကာပူနိုင်ငံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုနည်းပညာရှင် ဦးဇော်အောင် က ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်းရည်မှန်းချက်များ ၂၀၁၃ - ၂၀၁၄ မူကြမ်းတွင် အိမ်နီးချင်းနိုင်ငံများ၌ ကျင့်သုံးနေသော ပုဂ္ဂလိကလျှပ်စစ်ဓါတ်အားထုတ်လုပ်မှု (Independent Power Production) ကိုစတင် အကောင်အထည် ဖော်မည်ဟု ဖော်ပြပါရှိထားသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် ကိုက်ညီခြင်း မရှိကြောင်း ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

အမျိုးသားစီမံကိန်းရည်မှန်းချက်များတွင်ပါရှိသော လျှပ်စစ်ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် လေစွမ်းအင်နှင့် နေရောင်ခြည် ဓါတ်အားပေးစက်ရုံများ ကျယ်ကျယ်ပြန့်ပြန့်စီးပွားဖြစ်တည်ဆောက်ရန် ဖော်ပြထားသည့်အချက် အပေါ်တွင် ဖွံဖြိုးဆဲနိုင်ငံများ အနေဖြင့် အဆိုပါ လေစွမ်းအင်နှင့်နေရောင်ခြည်သုံးစက်ရုံများ စီးပွားရောင်းချရန် တည်ဆောက်ရာတွင် အရှုံးများစွာပေါ်ပေါက် ခဲ့သော သာဓကများရှိသောကြောင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါစီမံကိန်းများကို မပြုလုပ်သင့်ကြောင်း စွမ်းအင်ဆိုင်ရာ ပညာရှင်မျာ က ပြောကြားခဲ့သည်။

ပညာရှင်များ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၃၇၀၀၀ ရရှိနိုင်ပြီး လက်ရှိတွင် နိုင်ငံတော်အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်တွင် ၂၇၇၃ မဂ္ဂါဝပ် ( ၆ ရာခိုင်နှုန်း) သာထုတ်လုပ်နိုင်သည်ဟု ဖော်ပြထားသောကြောင့် စီမံကိန်းများစွာ အကောင်အထည်ဖော်ရန် ကျန်ရှိနေသေးပြီး လျှပ်စစ်ဓါတ်အားတိုးမြှင့် ထုတ်လုပ်နိုင်ရန်အတွက် လျှပ်စစ်ကော်ပိုရေးရှင်း EPC ကိုလည်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သင့်ကြောင်း ပြည်ပရောက်ပညာရှင်များက ထောက်ပြပြောဆိုခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကရေအားလျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမှုမှာ အောင်မြင်မှုမရသေးသော အနေအထားတွင်ရှိပြီး ပုဂ္ဂလိက ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများကို ဒေသဆိုင်ရာတာဝန်ရှိသူများမှ လွတ်လပ်စွာမှတ်ပုံတင် ခွင့်ပေးရန်၊ နယ်မြို့များတွင် မြို့နယ်အဆင့်ခွင့်ပြုမိန့်ဖြင့် ၁ မဂ္ဂါဝပ် အောက်လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကို ခွင့်ပြုပေးပါက ဒေသတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုနည်းပညာရှင် ဦးဇော်အောင် ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကရေအားလျှပ်စစ်စီမံကိန်းမှာ ဘီလူးချောင်း အမှတ်(၃) ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး ၂၀၁၃ သြဂုတ်လ တွင်စတင်လည်ပတ်သွားမည်ဖြစ်ကာ နိုင်ငံပိုင် မဟာဓါတ်အားလိုင်းများမှတစ်ဆင့် ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

YC


 

 

 

 

 

              


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment