Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အစိုးရနှင့် SSPP/SSA တို့ကြား သဘောတူညီချက်ရထားသည့်အတိုင်း လိုက်နာကျင့်သုံးရန်လို
  2. နိုင်ငံရေးအကျဉ်းသားများကို အလုံးစုံလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်လိုအပ်
  3. လက်ပံတောင်းအစီရင်ခံစာအပေါ် စီးပွားရေးဦးပိုင်လီမီတက်နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဆန့်ကျင်

အစိုးရနှင့် SSPP/SSA တို့ကြား သဘောတူညီချက်ရထားသည့်အတိုင်း လိုက်နာကျင့်သုံးရန်လို

အစိုးရနှင့် SSPP/SSA တပ်များကြားမှ တင်းမာမှုများကို လျှော့ချရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် ကျင်းပသော ဆွေးနွေးပွဲ၌ သဘောတူညီမှုများ ရရှိခဲ့ပြီး ယင်းသဘောတူညီချက်များအတိုင်း နှစ်ဖက်တပ်များအနေဖြင့် အမှန်တကယ် လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် ခေါင်းဆောင်သည့် အဖွဲ့နှင့် SSPP/SSA တို့သည် ထာဝရငြိမ်းချမ်းရေးသို့ချီတက်ရန်၊ နှစ်ဖက်တပ်များ ယုံကြည်မှုတည်ဆောက်ရန်နှင့် ဒုက္ခသည်အဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ဒေသခံများ စိုက်ပျိုးရာသီအမီ လုပ်ငန်းပြန်လည်လုပ်ကိုင်နိုင်ရန်စသည်တို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် သဘောတူညီချက်ရရှိကြသည့်အတိုင်း နှစ်ဘက်တပ်များက လိုက်နာကျင့်သုံးရန် လိုလားပါကြောင်း၊ ယခင်ကဆိုလျှင် သဘောတူညီချက်များ ရသော်လည်း အမှန်တကယ်လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက် ပြဿနာ ပြန်တက်ရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးစိုင်းလက ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းမှူးများနှင့် တပ်မတော်မှ အရာရှိများလည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးကြအပြီးတွင် နှစ်ဖက်အဖွဲ့များသည် စစ်ပြေးဒုက္ခသည်စခန်းများဆီသို့ သွားရောက်ထောက်ပံ့မှုများ ပေးခဲ့ကြသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA နှင့် အစိုးရအဖွဲ့တို့သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရခဲ့သော်လည်း ယခုရက်ပိုင်းများတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပေါ်ခဲ့ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့သည် ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် လည်း မေလ တတိယအပတ်တွင် မြစ်ကြီးနား၊ မနောကွင်း၌ ဆွေးနွေးပွဲထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

YC


နိုင်ငံရေးအကျဉ်းသားများကို အလုံးစုံလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်လိုအပ်

ကျင့်ထုံး ပုဒ်မ ၄၀၁ (၁)ဖြင့် ခံဝန်ပြုလုပ်၍နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အစား အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့် ဥပဒေပညာရှင်များက ထောက်ပြ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

စစ်အစိုးရရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်ပုဒ်မ ၄၅၅ တွင်အစိုးရအဖွဲ့ဝင်ဟောင်းများအပေါ် တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိရဟု အတိအကျပြဋ္ဌာန်းထားရာ၊ အစိုးရ အနေဖြင့် ၎င်းတို့ဆောင်ရွက်ချက်များကို နောက်ကြောင်းပြန်အရေးယူမှု မရှိစေရန်သတ်မှတ်ထားသော်လည်း နိုင်ငံရေး အကျဉ်းသားများကိုမူ မမျှတသောတရားစီရင်မှုဖြင့် တစ်ဖက်သတ်အရေးယူခဲ့သည့် ပြစ်ဒဏ်များအတွက် နောက်ကြောင်းပြန် ထောင်ဒဏ်ကျခံစေရန် ရေးဆွဲထားခြင်းမှာ ဒီမိုကရေစီစနစ်ကျင့်သုံးနေသော အစိုးရအဖွဲ့၏ တရားစီရင်ရေးဆိုင်ရာ ဖြောင့်မတ်မှန်ကန်မှုကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဥပဒေပညာရှင်များက ပြောဆိုခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောင်လာပြီးနောက်တွင် ပြစ်မှုတစ်ခုခုကျုးလွန် ခဲ့ပါက ကျန်ရှိနေသေးသော ပြစ်ဒဏ်များကိုပါထည့်ပေါင်းကာ ကျခံရသောကြောင့် ယခုကဲ့သို့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းမျိုးမှာ မျှတမှုမရှိကြောင်း ဥပဒေပညာရှင်များက ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးနေမျိုးဇင်သည် အမှုတစ်ခုအတွက် ငွေဒဏ်မဆောင်ဘဲ ထောင်ဒဏ်ကျခံရန် ရွေးချယ်ခဲ့ရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိစဉ်က ကျန်ရှိခဲ့သော ထောင်ဒဏ် ၆ နှစ်ကျော် ကျခံစေရန် တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများသည် ဥပဒေကျင့်ထုံး ၄၀၁ (၁) နှင့်လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သောကြောင့် ဥပဒေအရ ထောင်ဒဏ်အကြွေးများ ကျန်ရှိနေကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများကို အလုံးစုံလွတ်ငြိမ်း ချမ်းသာခွင့်ပေးသင့်ပြီး သမ္မတကြီးအနေဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့သော နိုင်ငံရေးအကျဉ်းသားများ၏ ကြွေးကျန် ထောင်ဒဏ်များကို ပယ်ဖျက်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက်ပါ ၀င်ရောက်လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ လွှတ်ပေးခဲ့ခြင်း ဖြစ်သော်လည်း ယင်းကဲ့သို့ကြွေးကျန်ထောင်ဒဏ်များရှိနေပါက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်သည်ဟု သုံးသပ်မှုများရှိနေကြောင်း သိရှိရသည်။

YC


 လက်ပံတောင်းအစီရင်ခံစာအပေါ် စီးပွားရေးဦးပိုင်လီမီတက်နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဆန့်ကျင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၌ဆောင်ရွက်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်၏ စီရင်ခံစာအပေါ် မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့က ဆန့်ကျင်သည့် လုပ်ရပ်များပြုလုပ်လျက်ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံတွင် လက်ပံတောင်းတောင်စီမံကိန်း ဆက်လက်လုပ်ကိုင်ခွင့် ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီမှတာဝန်ရှိသူများအနေဖြင့် စာချုပ်သစ်ထပ်မံချုပ်ဆိုခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိန်းသိမ်းရေးများအတွက် EIA, SIA စစ်တမ်းများပြုလုပ်လေ့လာရန် ညွှန်ကြားထားသော်လည်း လက်ရှိအချိန်ထိတိုင် အဆိုပါ ညွှန်ကြားချက်များအား ကုမ္ပဏီနှစ်ခုမှ လိုက်ပါလုပ်ဆောင်ခြင်းမရှိသေးကြောင်း သိရသည်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံရွာသားများအား မြေယာလျော်ကြေးငွေများထုတ်ပေးရာတွင် မြေယာများကို ရာသက်ပန် စွန့်လွှတ်ပါမည်ပာူသော စာချုပ်ပေါ်၌ လက်မှတ်ရေးထိုးခိုင်းလျက်ရှိသည့်အပြင် မြေဆီလွှာထိန်းသိမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများကို လုပ်ဆောင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် တောင်သူများအား စီမံကိန်းပိုလျှံမြေများပြန်ပေးရာတွင်လည်း လယ်ယာစိုက်ပျိုးလုပ်ကိုင်စားသောက်ရန် မဖြစ်ထွန်းနိုင်သည့် မြေဧက ၉၀၀ ကျော်ကိုသာ ပြန်လည်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် လက်ပံတောင်းတောင် စီမံကိန်းနယ်မြေအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော်လည်း ဒေသခံလယ်သမားများမှ အတင်းဝင်ရောက် စိုက်ပျိုးမှုများပြုလုပ်ခဲ့သည့်အတွက် အာဏာပိုင်များနှင့် ဒေသခံများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရွာသားတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများအား ကူညီပေးလျက်ရှိသော ပာန်ဝင်းအောင်အပါအဝင် ကျောင်းသားကွန်ရက်အဖွဲ့ဝင်စုစုပေါင်း(၈)ဦးအား ဖမ်းဝရမ်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေငြာစာအမှတ်(၉၅/၂၀၁၂)ထုတ်ပြန်၍ အဖွဲ့ဝင် ၁၆ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီ၏ အပြီးသတ် အစီရင်ခံစာကို ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ပေးပို့ခဲ့ကြောင်း သိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment