Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မြန်မာ့စီးပွားရေး၊ နိုင်ငံရေးနှင့် အခြေအနေများနှင့်ပတ်သက်၍ အစီရင်ခံစာထုတ်ဝေဖြန့်ချီသွားမည်
  2. လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် IFAD အဖွဲ့မှ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးမည် 
  3. ၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၁၀ ရာခိုင်နှုန်း လျော့ချနိုင်ရန်ကြိုးပမ်းမည်
  4. နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့များဖွဲ့စည်းမည်

မြန်မာ့စီးပွားရေး၊ နိုင်ငံရေးနှင့် အခြေအနေများနှင့်ပတ်သက်၍ အစီရင်ခံစာထုတ်ဝေ ဖြန့်ချီသွားမည်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) နှင့် Oxford Business Group (OBG) တို့မှ ပူးပေါင်း၍ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအခြေအနေများအား သုံးသပ်တင်ပြထားသည့် အစီရင်ခံစာတစ်စောင်အား ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ထုတ်ဝေကာ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုထုတ်ဝေဖြန့်ချီမည့် အစီရင်ခံစာတွင် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခြုံငုံသုံးသပ်မှုများ၊ အခြေခံအဆောက်အအုံ တိုးတက်ဖြစ်ထွန်းမှုများ၊နှင့် ဘဏ်စနစ်ဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ ကျွမ်းကျင်ပညာရှင်များ၏ လေ့လာချက်များဖြင့် သုံးသပ် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ထုတ်ဝေမည့် အစီရင်ခံစာကို “အစီရင်ခံစာမြန်မာ ၂၀၁၄”ပာု အမည်ပေးထားကြောင်း သိရသည်။

အစီရင်ခံစာမြန်မာ ၂၀၁၄ ထုတ်ဝေပြီးပါက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များ အနေဖြင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေများကို လေ့လာသုံးသပ် သိရှိသွားနိုင်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကိုလည်းပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး တရုတ်နှင့် အိန္ဒိယနိုင်ငံအကြားတွင်ရှိသည့်အပြင် သဘာဝသယံဇာတနှင့် စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများတွင် အများနိုင်ငံများထက် သာလွန်သောအနေအထားတစ်ရပ်တွင်ရှိသော်လည်း ယခင်အစိုးရများ၏ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် အဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှု၊ လူသားအရင်းအမြစ်နှင့် ဘဏ်လုပ်ငန်းများမှ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နောက်ကျနေသေးကြောင်း OBG မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် MIC နှင့် OBG တို့မှ အဆိုပါ အစီရင်ခံစာထုတ်ဝေနိုင်ရန် ၂၀၁၃ ဖေဖော်ဝါရီလမှစတင်၍ လုပ်ဆောင်လျက်ရှိပြီး စက်တင်ဘာလတွင်အပြီးသတ်ကာ နှစ်မကုန်မီထုတ်ဝေဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရသည်။

ယခု MIC နှင့် ပူးပေါင်း၍ အစီရင်ခံစာထုတ်ဝေမည့် ဗြိတိန်အခြေစိုက် Oxford Business Group (OBG) သည် ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဘဏ်လုပ်ငန်း၊ အရင်းအနှီးဈေးကွက်၊ အာမခံ၊ စွမ်းအင်၊ပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းနှင့် ဆက်သွယ်ရေး စသည့်ကဏ္ဍတို့အား လေ့လာသုံးသပ်၍ ကမ္ဘာ့လုံးဆိုင်ရာ ပုံနှိပ်ထုတ်ဝေရေး၊ သုတေသနနှင့် အတိုင်ပင်ခံ စီးပွားရေးကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

YC


လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် IFAD အဖွဲ့မှ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးမည် 

အမေရိကန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့ (IFAD – International Fund for Agriculture Development) မှ မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် သက်သာသော အတိုးနှုန်းထားဖြင့် ချေးငွေများထုတ်ချေးပေးရန်အတွက်  နိုင်ငံတော်သမ္မတထံ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

IFAD အဖွဲ့သည် မြန်မာအစိုးရ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းဆောင်ရွက်နေမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေး  ပထမအဆင့် အနေဖြင့် အမေရိကန်ဒေါ်လာ ၃၆ သန်းအား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆန်စပါး သီးနှံအပါအဝင် လယ်ယာကဏ္ဍထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်၏ စံချိန်စံညွှန်း၊ အရည်အသွေးနှင့်ကိုက်ညီစွာ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် သီးနှံများ အဆင့်မြှင့်ထုတ်လုပ်သည့် နည်းပညာနှင့် ထွက်ကုန်များ အရည်အသွေးမြှင့်တင်သည့် စက်ကိရိယာကဏ္ဍများတွင် IFAD အနေဖြင့် သက်ဆိုင်ရာဌာများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

IFAD အဖွဲ့မှ ၎င်းတို့၏ကမ်းလှမ်းချက်များကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ရာတွင် သမ္မတဦးသိန်းစိန်က အဆိုပါကမ်းလှမ်းချက်အပေါ် ကြိုဆိုပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် ညွှန်ကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် အမေရိကန်မှ နည်းလမ်းသစ်များဖြင့် အကူအညီပေးစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ မေလ ၆ ရက်နေ့တွင် USAID အဖွဲ့နှင့်တွေ့ဆုံစဉ်တွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

YC


၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၁၀ ရာခိုင်နှုန်း လျော့ချနိုင်ရန်ကြိုးပမ်းမည်

ကျေးလက်နေပြည်သူများနှင့် အခြေခံပြည်သူများသည် မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် အရင်းအနှီးမလုံလောက်သည့်အတွက် ပြင်ပမှ ချေးငွေရယူဆောင်ရွက်နေရသောကြောင့် ထိုက်သင့်သည့် အကျိုးမြတ်မရရှိဘဲ မတည်ရင်းနှီးငွေအခက်အခဲတွင် သံသရာလည်နေဆဲဖြစ်ကြောင်း နှင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းထိ လျော့ချသွား မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် က မေလ ၁၂ ရက်နေ့က မန္တလေးမြို့တွင်ကျင်းပသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနားတွင် ပြောကြားခဲ့သည်။

သမဝါယမ ဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နှင့် မြို့ပြအခြေခံပြည်သူများအတွက် အသေးစားချေးငွေ ကျပ် ၅ ဒသမ ၅ ဘီလီယံပေးအပ်ခြင်းနှင့်ကျပ်သိန်းပေါင်း ၃၆၄၅ ကျော်တန်ဖိုးရှိ လယ်ယာသုံး စက်ကိရိယာ ၂၄၉ စီးအား အရစ်ကျရောင်းချပေးခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော်သမ္မတမှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်ဖွံ့ဖြိုးရေးအားလုပ်ဆောင်ရာတွင် မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် ၈ ရပ်ချမှတ်ပြီး ဆောင်ရွက်နေရာတွင် ယခုကဲ့သို့ အသေးစား ငွေကြေးလုပ်ငန်းသမဝါယမအသင်းများ အဆင့်မြှင့်တင်နိုင်ရေးအကောင်အထည်ဖော်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ကြောင်း သမ္မတကြီးမှ ပြောကြားခဲ့သည်။

ယနေ့ထုတ်ချေးခဲ့သော အသေးစားချေးငွေကျပ် ၅ ဒသမ ၅ ဘီလီယံကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးလက်နှင့် မြို့ပြအခြေခံပြည်သူများအား အနည်းဆုံး ငါးစီပါဝင်သော ဝိုင်ကြီးချုပ်စနစ်ဖြင့် အိမ်ထောင်စု တစ်စုလျှင် ကျပ်တစ်သိန်းအထိ ထုတ်ချေးမည်ဖြစ်ပြီး တိကျမှန်ကန်စွာပြန်လည် ပေးဆပ်သည့် အသင်းသား များကို ကျပ်ငါးသိန်းအထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် သမဝါယမဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်း ပေါင်း ၁၇၇၀ မှအသင်းဝင်ပေါင်း ၁၁၉၅၅၃ ဦးအတွက် ချေးငွေစုစုပေါင်း ၅၅၆၀၄ သိန်းအား ထုတ်ချေးပေးခဲ့ ကြောင်းသိရှိရသည်။

YC


 

နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့များဖွဲ့စည်းမည်

လက်ရှိ မြန်မာနိုင်ငံအစိုးရသစ်၏ စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ နိုင်ငံတွင်း ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စီးပွားရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးတစ်ဦးက မေလ ၁၀ ရက်နေ့တွင် ကုန်သည်/ စက်မှုအသင်းချုပ်(UMFCCI)၌ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီး စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲမှုများအဖြစ် ပုဂလိကကဏ္ဍစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စီးပွားရေးအဖွဲ့အစည်းများအား လာမည့် ရက်ပိုင်းအတွင်း ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း UMFCCI ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ထို့ပြင် လာမည့် မေလကုန်ပိုင်းတွင် အစိုးရအဖွဲ့မှ အထူးအစည်းအဝေးတစ်ရပ်ကျင်းပကာ အဆိုပါအဖွဲ့ ဖွဲ့စည်းရေး ဆွေးနွေး အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံပိုင်၊ စီးပွားရေးအဖွဲ့အစည်းများ ဖွဲ့စည်းရခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ဆောင်ရသည့် လုပ်ထုံးလုပ်နည်းများတွင် မလိုအပ်ဘဲ အချိန် ကြန့်ကြာမှုကို ဖြစ်စေသည့် အဆင့်များကိုဖြေလျော့ပေးနိုင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍရှိ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက် ဖြေရှင်းပေးနိုင်ရေး အတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိ ကျင့်သုံးလျက်ရှိသော စီးပွားရေးဆိုင်ရာမူဝါဒများတွင် အားသာချက်၊ အားနည်းချက်များ ရှိသည့်အတွက် အချို့နေရာများတွင် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်စေမှုကြောင့် အစိုးရပိုင်းနှင့် ပုဂ္ဂလိက ပူးပေါင်းကာ အဆိုပါအခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

              YC


 

 

                                 

 

                

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment