Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နိုင်ငံတော် သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာနဲ့ အမေရိကန်ရဲ့ အမြင်မှာ ပြုပြင်ပြောင်းလဲမှုကို တော်တော်ကြီးကို သွက်သွက်လက်လက်လုပ်ဆောင်နိုင်တယ်လို့ ယူဆတယ်။ တကယ်လည်း ဦးသိန်းစိန်အစိုးရဟာ ပြုပြင်ပြောင်းလဲရေး လုပ်ချင်စိတ်ရှိနေတယ်လို့ မြင်နေတယ်။ ဒါကို သူတို့ယုံကြည်တဲ့အတွက် ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံကို ရှေ့ဆက်သွားအောင်တွန်းအားပေးဖို့ သမ္မတဦးသိန်းစိန် ကို တရားဝင်ဖိတ်ခေါ်ပြီး တွေ့ဆုံတယ်လို့ ယူဆပါတယ်။”

မေလ ၁၇ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အပေါ် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်မှ အမြင်အချို့” သတင်းမှ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ မှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သမ္မတကြီးကိုယ်တိုင်ကပြောပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာတားဆီးလို့မရပါဘူး။ ဖြစ်လာတယ်ဆို ရင်လည်း အဆုံးအရှုံးအနည်းဆုံးဖြစ်အောင် အသေအပျောက်အနည်းဆုံးဖြစ်အောင်လုပ်ဆောင်ရမယ်။ ကယ်ဆယ်ရေးတွေ ဆောင်ရွက်တဲ့အခါမှာလဲ လူမျိုးမခွဲခြားဘဲ ဆောင်ရွက်ရမယ်။ ဆောင်ရွက်ချက်တွေ အားလုံးကလဲ ပွင့်လင်းမြင်သာမှုရှိရမယ်လို့ ပြောပါတယ်။”

မေလ ၁၇ ရက်နေ့ထုတ် The Yangon Times နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ရခိုင်က ပြည်သူနှင့် ဘင်္ဂါလီများကို မုန်တွင်းလွတ်နေရာသို့ ပြောင်းရွှေ့ရာတွင် သမ္မတက ကတိသုံးခုပေး ပြောင်းစေခဲ့” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အဓိကက ယုံကြည်မှုအားနည်းနေတယ်လို့ထင်တယ်။ ညီအစ်ကိုတွေဖြစ်တဲ့ကိစ္စကို ညီအစ်ကိုတွေပဲ လုပ်တာ မကောင်းဘူးလား။ ဒါ့ကြောင့် ဘယ်သူမှမပါဘဲ လုပ်ရအောင် တောင်းဆိုတာပါ။”

မေလ ၁၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၂၁) တွင်ပါရှိသော “ပြည်ပလေ့လာ စောင့်ကြည့် အဖွဲ့အစည်းများမပါဝင်ဘဲ ဆွေးနွေးရန် KIO ကို အစိုးရကမ်းလှမ်း” သတင်းမှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“လက်ပံတောင်းတောင်ကိစ္စကို ပြန်ကြည့်ကြည့်မယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်ချင်းကို သွယ်ဝိုက်သော နည်းနဲ့ ခံနေရတယ်။ နောက်တစ်ခုက လက်ပံတောင်းတောင်က သပိတ်စခန်းတွေအင်အားသုံးဖြေရှင်းခြင်း ခံလိုက်ရတုန်းက အဲမှာသုံးခဲ့တဲ့ဗုံးအခွန်တွေကို အမေရိကန်မှာရှိတဲ့ ပညာရှင်တစ်ယောက်ဆီကို ပို့ပြီးတော့ စစ်ကြည့်တဲ့အခါကျတော့ မီးလောင်ဗုံးလို့အဖြေထွက်တယ်။ အဲလို အဖြေထွက်တဲ့ အချက်အလက်တွေကိုပဲ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်မစ္စတာသောမတ်အိုဟေးကင်တာနား ဆီကို ဆရာကိုယ်တိုင် သူ့လက်ထဲရောက်အောင် ထည့်ပေးခဲ့တယ်။ သူ့ရဲ့ အစီရင်ခံစာထွက်လာတဲ့အခါကျတော့ ရခိုင်အရေးကိစ္စ လောက်သာ အဓိကထားပြီးတော့ပြောသွားတယ်။ လက်ပံတောင်းတောင်ကိစ္စကျတော့ ထည့်တောင်ပြောဖို့ နေနေသာသာ လက်ပံတောင်းစာလေးတစ်လုံးတောင် မပါဘူး။ အဲဒါကိုလည်း ဆရာတို့အပြင်းအထန်ရှုတ်ချ တယ်။ ဘာလို့လည်းဆို လက်ပံတောင်းက ပြည်သူတွေက လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းခံနေရတာပဲ။”

မေလ ၁၇ ရက်နေ့ထုတ် Hot New Journal အတွဲ (၃) အမှတ် (၁၄၀) တွင်ပါရှိသော “လက်ပံတောင်းတောင်အရေးသည် လူ့အခွင့်အရေးချိုးဖောက်ခံရတာဟုဆို” သတင်းမှ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ ဦးလှထွန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 “လွှတ်တော်ကလဲ ပြင်ချင်တယ်။ အချို့ကလဲ ပြင်သင့် ပြင်ထိုက်တာ အားလုံးကို ခဏခဏ မပြင်ရအောင် အပြည့်အဝ တစ်ခါတည်း မခြွင်းမချန်ပြင်နေတယ်။ အချို့ကလဲ လိုချင်တာလောက်ပဲပြင်မယ်။ အပြည့်အဝ မပြင်ဘူး။ အဲ့ဒီနှစ်ခုက အားပြိုင်နေတယ်။ လွှတ်တော်ထဲမှာသာမက ပြည်ခိုင်ဖြိုးပါတီမှာတောင် အားပြိုင်နေတာ။”

မေလ ၁၇ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၇) တွင်ပါရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အားပြိုင်နေရဆဲဟု” သတင်းမှ ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

လယ်သမားများအား လယ်ယာမြေမှတ်ပုံတင် ထုတ်ပေး

မြန်မာနိုင်ငံ၏ လယ်သမားများ အနေဖြင့် မိမိတို့ ပိုင်ဆိုင်သော လယ်ယာမြေများကို လက်လွှဲ ရောင်းချနိုင်ခြင်း၊ အမွေဆက်ခံနိုင်ခြင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် အကျိုးတူလုပ်ဆောင်ခြင်း၊ နိုင်ငံခြားကုမ္ပဏီများနှင့် လယ်ယာမြေ ဖက်စပ်လုပ်ပိုင်ခွင့်တို့ကို အစိုးရ၏ စီမံခန့်ခွဲမှု မပါဝင်ဘဲ မိမိတို့၏ ဆန္ဒအရ လုပ်ဆောင်နိုင်ရန် အတွက် လယ်ယာမြေ မှတ်ပုံတင်များ ထုတ်ပေးသွားတော့မည် ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် နေပြည်တော်ရှိ ရှစ်မြို့နယ်မှ တောင်သူလယ်သမား ရှစ်သောင်းကျော်အား ထုတ်ပေးသွားမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ သတင်းရရှိသည်။

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ရ နိုင်ငံရေးအကျဉ်းသားတို့ ( ၄၀၁ ) လက်မှတ်ရေး ထိုးခဲ့ရခြင်းမရှိ

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများသည် ပုဒ်မ ( ၄၀၁ ) အား လတ်မှတ်ရေးထိုးခဲ့ရခြင်း မရှိကြောင်း လွတ်မြောက်လာသူများထံမှ သိရသည်။

ပုဒ်မ (၄၀၁) သည် ကျန်ရှိနေသေးသော ပြစ်ဒဏ်များကို ပြန်လည်ကျခံရမည်ကိုသိရှိကြောင်း  ယခင်လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် လွတ်မြောက်ပြီး ထောင်ဒဏ်ကြွေးကျန်ရှိသူ တို့ ခံဝန်အဖြစ် လတ်မှတ် ရေးထိုးခြင်း ဖြစ်ကြောင်း သိရသည်။

Korea ရေနံကုမ္ပဏီမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ

တောင်ကိုရီးယားနိုင်ငံမှ ကုန်ထုတ်စက်မှုလုပ်ငန်းများ လုပ်ကိုင်သော Hanaro KM သည်မြန်မာနိုင်ငံတွင် Hanaro KM ( Myanmar ) Co., Ltd. အမည်ဖြင့် တရားဝင်ရုံးခွဲကို မေလ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်ရေနံထုတ် ကုန်များကို တင်သွင်းမည် ဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

ငြိမ်းချမ်းရေး ပါမစ်ဖြင့်ပြည်ပမှ ကားစတင်သွင်း

မြန်မာနိုင်ငံ အပစ်အခတ် ရပ်စဲထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးပါမစ်ဖြင့် ကားတင်သွင်းခွင့်ကို ခွင့်ပြုခဲ့ရာ စတင် တင်သွင်းနေပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ဖြစ်ကြသော မြဝတီ၊ ကော့သောင်း၊ မူဆယ်၊ မောင်တော နယ်စပ်ဂိတ်များမှ တဆင့် ၂၀၀၂ မော်ဒယ်ထက်မြင့်သော မည်သည့် ယဉ်အမျိုးအစားကို မဆို ငြိမ်းချမ်းရေး ပါမစ်ဖြင့် တင်သွင်းနိုင်ကြောင်း အကောက်ခွန်ဦးစီး

ဌာနမှ သတင်းရရှိသည်။

 

UMFCCI ၏သင်းဖွဲ့စည်းမျဉ်းသစ် အတည်ပြု အစည်းအဝေး ကျင်းပမည် 

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း UMFCCI သည် လာမည့် မေလ ၂၆ ရက်နေ့တွင် အစည်းအဝေးတစ်ရပ်ကျင်းပမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် အသင်း၏ ပြန်လည် ပြင်ဆင်ရေးဆွဲထားသော သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများကို အတည်ပြုမည် ဖြစ်ကြောင်း သတင်းရရှိသည်။အစည်းအဝေးတွင် တင်သွင်းမည့် အသင်း အဖွဲ့မှတ်တမ်း နှင့် အသင်းအဖွဲ့ စည်းမျဉ်း(မူကြမ်း) ကိုအဆိုပါ အဖွဲ့၏ Web Page တွင် တင်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

 

နိုင်ငံခြား ရင်းနှီးမျြပ်နှံမှုတွင် မြေနှင့် အဆောက်အအုံထပ်ဆင့် ငှားရမ်းနိုင်

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်း လုပ်ကိုင်လိုသူများ အနေဖြင့် လုပ်ကိုင်ခွင့်ပြုထားသော လုပ်ငန်း၏ မြေနှင့် အဆောက်အအုံကို ထပ်ဆင့်ငှားရမ်းလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်သို့ တင်ပြလျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်မှ ခွင့်ပြုထားသော မြေနှင့် အဆောက်အအုံကို ရင်းနှီးမြှပ်နှံမှု ဥပဒေပုဒ်မ ၁၇၊

ပုဒ်မခွဲ (င) နှင့်အညီ ဥက္ကဌ၊ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်သို့ သတ်မှတ်လျှောက်လွှာ ပုံစံ ၄ ဖြင့်လိပ်မူ လျှောက်ထားနိုင်ကြောင်း သိရသည်။

 

နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ရ 

ဒီကနေ့ မေလ ၁၇ ၇က်နေ့မနက်ပိုင်းတွင် သမ္မတ ဦးသိန်းစိန် အစိုးရမှ မြန်မာနိုင်ငံအကျဉ်းထောင်များမှ အကျဉ်းသား တစ်ချို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး လွှတ်ပေးခဲ့ကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သည့် ကိုအံ့ဘွယ်ကျော်၏ Facebook Page တွင် ဖော်ပြထားချက်မှ သတင်းရရှိသည်။ လွတ်မြောက်မည့်သူ အရေအတွက် စာရင်းမှာ -ပုသိမ်အကျဉ်းထောင် မှ ၁ ဦး၊မအူပင်အကျဉ်းထောင် မှ ၁ ဦး၊တောင်ကြီးအကျဉ်းထောင် မှ ၁ ဦး၊ သာယာဝတီအကျဉ်းထောင် မှ ၅ ဦး၊ လားရှိုးအကျဉ်းထောင် မှ ၁ ဦး ၊ အင်းစိန် အကျဉ်းထောင် မှ ၇ ဦး၊တောင်ငူ အကျဉ်းထောင်မှ ၂ ဦး၊ မန္တလေးအကျဉ်းထောင်မှ ၁ ဦးဖြစ်သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment