CURRENT NEWS |
ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်
- နိုင်ငံတော်သမ္မတ၏ အမေရိကန်ခရီးစဉ်တွင် ပင်တဂွန်လည်ပတ်ရန်ဖိတ်ခေါ်သင့်ကြောင်း CSIS အဖွဲ့ကတိုက်တွန်း
- မြန်မာအစိုးရနှင့် ကေအိုင်အိုတို့ ဆွေးနွေးပွဲသို့ တရုတ်တက်ရောက်ရန် မသေချာ
- ဖက်ဒရယ်သည် ခွဲထွက်ရေးမဟုတ်၊ ၂၀၁၅ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲအဆင့်သို့ရောက်ရှိပါက KNU ရွေးကောက်ပွဲဝင်မည်
- မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်းစီမံကိန်း စက်ရုံယူနန်ဒေသခံများထပ်မံဆန္ဒပြ
နိုင်ငံတော်သမ္မတ၏ အမေရိကန်ခရီးစဉ်တွင် ပင်တဂွန်လည်ပတ်ရန်ဖိတ်ခေါ်သင့်ကြောင်း CSIS အဖွဲ့ကတိုက်တွန်း
လာမည့် မေလ ၂၀ ရက်နေ့တွင် စတင်နိုင်ဖွယ်ရှိသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတအိုဘားမားအနေဖြင့် ပင်တဂွန်စစ်ဌာနချုပ်သို့ သွားရောက်လေ့လာရန် ဖိတ်ခေါ်သင့်ကြောင်း ဝါရှင်တန်အခြေစိုက် အမေရိကန်နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒများ လေ့လာသုံးသပ်ရာတွင် သြဇာရှိအဖွဲ့အစည်းတစ်ခု ဖြစ်သည့် CSIS အဖွဲ့က တိုက်တွန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အာရှ၏အင်အားအကြီးဆုံး တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ကြားတွင်ရှိသည့်အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ့တပ်မတော်အား နိုင်ငံတကာ အဆင့်မီတပ်မတော်ဖြစ်လာစေရန် လုပ်ဆောင်နိုင်ရေးသည် အမေရိကန်၏ အကျိုးစီးပွားတစ်ခု ဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ပင်တဂွန်အားလေ့လာရန်ဖိတ်ခေါ်သင့်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံအကြီးအကဲတစ်ဦးဖြစ်သူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စစ်ဘက်အငြိမ်းစား စစ်ဗိုလ်ချုပ် တစ်ဦးဖြစ်သည့်အပြင် နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအား လုပ်ဆောင်ခဲ့သူ ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျောက် ၎င်း၏အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်စစ်ဘက်အကြီးတန်းအရာရှိများ၊ ကာကွယ်ရေးဝန်ကြီး Chuck Hagel တို့နှင့်ဆက်ဆံရာတွင် အဆင်ပြေချောမွေ့မှုရှိမည်ဖြစ်ကြောင်း CSIS ကဆိုထားသည်။
ထို့ကြောင့် အမေရိကန်စစ်ဘက်အရာရှိများအနေဖြင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ၏ဆက်ဆံရေး တိုးတက် လာနိုင်စေရန် မြန်မာနိုင်ငံ၏လိုအပ်ချက်များကို အမေရိကန်သမ္မတအိုးဘားမား စဉ်းစားသုံးသပ်နိုင်ရန် ကူညီဆောင်ရွက် ပေးခြင်းဖြင့် နှစ်နိုင်ငံအကြားစစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကိုပြန်လည်ထူထောင်သည့်အချိန်တွင် အထောက်အပံ့ကောင်းများ ဖြစ်လာစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမား၏ဖိတ်ကြားချက်အရ ၁၉၆၆ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် သွားရောက်လည်ပတ်မည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း မေလ ၂၀ ရက်နေ့တွင် အိုဘားမားနှင့် အိမ်ဖြူတော်၌ တွေ့ဆုံကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်နှစ်ခုကို လက်မှတ်ရေးထိုးသွားဖွယ်ရှိကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင်တစ်ကြိမ်၊ အင်ဒိုနီးရှားနိုင်ငံတွင်တစ်ကြိမ်နှင့် မြန်မာနိုင်ငံတွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ်တိုင်တိုင်တွေ့ဆုံထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့တွင် အမေရိကန်အိမ်ဖြူတော်မှ ထုတ်ပြန်သော ကြေညာချက်တွင် နိုင်ငံအမည်ကို Burma အစား Myanmar ပာုပြောင်းလဲခေါ်ဝေါ်သုံးစွဲထားကြောင်း သိရသည်။
YC
မြန်မာအစိုးရနှင့် ကေအိုင်အိုတို့ ဆွေးနွေးပွဲသို့ တရုတ်တက်ရောက်ရန် မသေချာ
ယခုနှစ် မေလကုန်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌် တွေဆုံနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ တရုတ်အစိုးရအနေဖြင့် တက်ရောက်ပါဝင်နိုင်ရန် သေချာမှုမရှိကြောင်း နှစ်ဖက်နီးစပ်သူများနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယင်း ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံအနေဖြင့် ကိုယ်စားပြုတက်ရာက်နိုင်ရန် တရုတ်သံရုံးသို့ မေလ ၁၄ ရက်နေ့အထိ ဖိတ်ကြားစာ လုံးဝရောက်ရှိလာခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မေလ ၂၅ ရက်နေ့ဝန်းကျင်အတွင်း ကချင်ပြည်နယ်မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် KNU တက်ရောက်ရန်မှာ သေချာမှုရှိကြောင်း KIO မှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောကြားသည်။
တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်အကြား ၂၀၁၂-၂၀၁၃ နှစ်ပိုင်းတွင် တိုက်ပွဲများပြင်းထန်မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရမှ ဖိတ်ခေါ်ခဲ့ရာတွင် KIO မှ တရုတ်နိုင်ငံအား လေ့လာသူအဖြစ် ဖိတ်ကြား၍ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နှစ်ဖက်ခေါင်းဆောင်များပါဝင်သည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ကာ စစ်ရေးအရှိန်လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် အစိုးရနှင့် KIO တို့၏ငြိမ်းချမ်းရေးဆွေးနွေးမှုကို တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ပင် ကျင်းပပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက် ဖိအားပေးမှုများကြောင့် အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ကာ နောက်နေ့ကူးသည်ထိတိုင် ဆွေးနွေးပြီး နောက်ဆုံးတွင် အပြီးသတ်သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တရုတ်နိုင်ငံ၏ စွက်ဖက်မှုများကင်းနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေး အဖွဲ့များအဖြစ် အမေရိကန်၊ ဥရောပနိုင်ငံများနှင့် ကုလသမဂ္ဂတာဝန်ရှိသူများအား ဖိတ်ခေါ်ကာ ဧပြီလ ၆ ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ချိန်တွင် တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည့်အတွက် အဆိုပါတွေ့ဆုံဆွေးနွေးမှုကို မေလ ၁၀ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီပြီးနောက် ၂၀၁၁ ခုနှစ်ပိုင်းမှစတင်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်မှာ ဇွန်လ ၉ ရက်နေ့တွင် ၂ နှစ်ပြည့်မြောက်တော့မည်ဖြစ်ပြီး အဆိုပါတိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဒေသခံဒုက္ခသည်များမှာ လက်ရှိအချိန်ထိတိုင် နေရပ်သို့ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
YC
ဖက်ဒရယ်သည် ခွဲထွက်ရေးမဟုတ်၊ ၂၀၁၅ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲအဆင့်သို့ ရောက်ရှိပါက KNU ရွေးကောက်ပွဲဝင်မည်
အပစ်အခတ်များလုံးဝချုပ်ငြိမ်း၍ နိုင်ငံရေးဆွေးနွေးပွဲအဆင့်သို့ ၂၀၁၅ မတိုင်မီ ရောက်ရှိပါက KNU အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ဦးစောလှထွန်းက မေ ၁၄ ရက်နေ့က ပြောကြားခဲ့သည်။
အစိုးရနှင့် KNU ငြိမ်းချမ်းရေးရရှိရန်အတွက် ဆွေးနွေးရာတွင် အပစ်အခတ်ရပ်စဲရေး အဆင့်သာရှိသေးပြီး ရေရှည်ခိုင်မာသော ငြိမ်းချမ်းရေးရရှိရန်အတွက် အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်ကာ နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဦးစောလှထွန်းက ပြောကြားခဲ့သည်။
ဖက်ဒရယ်စနစ် ကျင့်သုံးရန် တောင်းဆိုသည်မှာ ခွဲထွက်ရန်မဟုတ်ဘဲ ပင်လုံစာချုပ်အရ တောင်းဆိုခြင်းဖြစ်ပြီး ဗဟိုအစိုးရနှင့် အာဏာခွဲဝေကျင့်သုံးနိုင်မှသာလျှင် ပြည်နယ်များတွင် တိုးတက်မှုပိုမို အားကောင်းလာနိုင် မည်ဖြစ်သောကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ပြည်နယ်အဆင့်အဖြစ် ဘားအံမြို့၊ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ပဲခူးတိုင်းတို့တွင် တိုင်းဒေသကြီးအဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစိုးရနှင့် KNU ထပ်မံတွေ့ဆုံမည့် ဆွေးနွေးမှုသည် ယခုလအတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပြီး ဆွေးနွေးမှုများကို လည်း နှစ်ဖက်တပ်များမှ အပြည့်အဝလိုက်နာရန်လိုအပ်ကာ ထိုမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးများသို့ ရောက်ရှိ၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း KNU ထံမှ သိရှိရသည်။
ထိုကဲ့သို့ နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးအသားစည်းအရုံး (KNU) တို့၏ ထာဝရငြိမ်းချမ်းရေး တည်ဆောက် နေမှုကို ကြိုဆိုထောက်ခံသောအားဖြင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်မှုကြိုဆိုထောက်ခံပွဲကို မြောင်းမြ ကရင်အမျိုးသားစာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး မေလ ၁၆ နေ့က ကျင်းပခဲ့ရာ KNU မှ ဖဒိုမန်းငြိမ်းမောင် ဦးဆောင်သောအဖွဲ့၊ ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကိုယ်စား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းကိုကို နှင့် နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
KNU အနေဖြင့် မြန်မာနိုင်ငံအစိုးရအဆက်ဆက်တွင် ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သော် လည်း အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရရှိခဲ့ဘဲ ယခု သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် နှစ်ဖက်ပဋိပက္ခများကို နိုင်ငံရေးအရဆွေးနွေးရန် လိုက်လျောခဲ့သောကြောင့် KNUနှင့် အစိုးရ တို့အကြားထာဝရ တည်မြဲသောငြိမ်းချမ်းရေး ရရှိရန် အစပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။
YC
မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်းစီမံကိန်း စက်ရုံယူနန်ဒေသခံများထပ်မံဆန္ဒပြ
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ပိုက်လိုင်းများမှတစ်ဆင့် ရောက်ရှိလာသော ရေနံနှင့်သဘာဝဓါတ်ငွေ့များကို သိုလှောင်ချက်လုပ် ဖြန့်ဖြူးမည့်စက်ရုံနှင့် ပတ်သက်ပြီး ဒေသတိုးတက်ဖွံ့ဖြိုးရေးထက် သဘာဝပတ်ဝန်းကျင်ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ကူမင်းမြို့ခံ နှစ်ထောင်ကျော်က တစ်လ အတွင်းဒုတိယအကြိမ်အဖြစ် မေလ ၁၆ရက်နေ့က ဆန္ဒပြခဲ့ကြောင်းသိရှိရသည်။
အမေရိကန်ဒေါ်လာ သန်းသုံးထောင်ခန့်ကုန်ကျခဲ့သော အဆိုပါစက်ရုံအား လွန်ခဲ့သည့် ၈ နှစ်ခန့်က တရုတ် အစိုးရပိုင်ရေနံကုမ္ပဏီ (CNPC) က တည်ဆောက်ခဲ့ပြီး ယခုလကုန်ပိုင်းတွင် စတင်လည်ပတ်နိုင်ရန် ရည်မှန်း ထားခြင်းဖြစ်သည်။
ဆန္ဒပြသူများထဲမှ နှစ်ဦးကို အာဏာပိုင်များက ခေတ္တထိန်းသိမ်းခဲ့သော်လည်း ဆန္ဒပြပွဲကိုမူ ပိတ်ပင်တားဆီး ခဲ့ခြင်းမရှိကြောင်းနှင့် ကူမင်းမြို့ ဒုတိယမြို့တော်ဝန်မှ ဆန္ဒပြသူများနှင့် တွေ့ဆုံကာ စက်ရုံ၏အကြောင်း ကိုရှင်းပြရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
အဆိုပါစက်ရုံအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်အတွက် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက် ထားသကဲ့သို့ ဒေသတွင်းစီးပွားရေး တိုးတက်လာမည်ဟု အာဏာပိုင်တွေက ကတိပေးပြောကြား ထားခဲ့သော်လည်း ဆန္ဒပြဒေသခံများအနေဖြင့် စီးပွားရေး တဟုန်ထိုးတိုးတက်လာခြင်းထက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာပြီး ငြိမ်းချမ်းမှုရှိသောလူ့ဘောင်ကိုသာ လိုလားသည်ဟုပြောဆိုခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆန္ဒပြပွဲအား ရဲတပ်ဖွဲ့များက စောင့်ကြည့်ရုံသာကြည့်ခဲ့သော်လည်း အစိုးရဝန်ထမ်းများအနေဖြင့် ဆန္ဒပြပွဲတွင်မပါဝင်ရန်နှင့်အဆိုပါကိစ္စအား ကျယ်ပြန့်အောင်မလုပ်ရန်အတွက် သတိပေးပြောကြားထားကြောင်း သိရှိရသည်။
ထို့အပြင် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစတင်သော ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင်လည်း ပိုက်လိုင်းစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသော ဒေသခံ ခေါင်းဆောင်တွေကို အာဏာပိုင်တွေက တရားစွဲဆိုထားခဲ့ပြီး ရခိုင်ဒေသ လူမှုအဖွဲ့အစည်းများ အပါအဝင် ကျောက်ဖြူမြို့နယ် ကျေးရွာ ၂၀ မှ ကိုယ်စားလှယ်များက တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာဒေသ နစ်နာမှု များ အတွက် တောင်းဆိုချက် ၁၂ ချက်အား မေလ ၂ ရက်နေ့က နိုင်ငံသမ္မတနှင့် တရုတ် CNPC ကုမ္ပဏီများထံ ပေးပို့ တောင်းဆိုထားကြောင်း သိရှိရသည်။
မြန်မာ - တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်၍ မဒေးကျွန်းဒေသခံများမှ ဆန္ဒ ပြခဲ့ခြင်းများရှိသည် သိရှိရပြီး SEAOP နှင့် SEAGP အနေဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသ မီလင်းရေး အတွက် ဒေါ်လာ ၁၀ သန်း လှူးဒါန်ခဲ့သော်လည်း မြန်မာအစိုးရ၏ စီမံခန့်ခွဲမှုကို ရှင်းလင်းစွာ မရှိရသောကြောင့် အဆိုပါလှူဒါန်းငွေများသည် မဒေးကျွန်းဒေသဖွံ့ဖြိုးရေးအတွက် ပါဝင်ခြင်းရှိမရှိကို သေချာမသိရှိကြောင်း SEAOP နှင့် SEAGP ၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာလီဇစ်လင်က ပြောကြားခဲ့သည်။
မြန်မာ - တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် မြန်မာ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယစသော လေးနိုင်ငံမှ ကုမ္ပဏီ ၆ ခု အကျိုးတူပူးပေါင်းဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာစီမံကိန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်အရ အဆိုပါကုမ္ပဏီ ၆ ခုမှ ရင်းနှီးငွေများကို မြှုပ်နှံပြီး SEAGP နှင့် SEAOP စသည့် ဖက်စပ်ကုမ္ပဏီနှစ်ခုအား စီမံကိန်း၏ တာဝန်ရှိကုမ္ပဏီများအဖြစ် လုပ်ကိုင် ဆောင်ရွက်စေခြင်းဖြစ်ကြောင်း သိရှိရသည်။
YC