Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒါ တမင်ရည်ရွယ်ပြီး ချိန်ကိုက်လုပ်တာပါ။ ကျမတို့ အရင်ကတည်းက သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ မူဝါဒတွေကို ဆက်လက်ချမှတ်သွားနိုင်ဖို့ တမင်ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ ဘာလို့ခုချိန်မှာ သက်တမ်းတိုးဖို့ လုပ်ရလဲဆိုတော့ ကျမတို့အနေနဲ့ မြန်မာအစိုးရကို သာမက အမေရိကန်အစိုးရကိုပါ သတင်းစကားပါးချင်တာ ရှိပါတယ်။ အဲဒါက အမေရိကန်အနေနဲ့ လိုက်လျောဆောင်ရွက်မှုတွေ ဆက်လုပ်နေတာ၊ သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုနေတာတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့အညီ တုံ့ပြန်တာထက် ပိုနေတယ်ဆိုတာပါ။ တကယ့် ပကတိအခြေအနေမှာက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ပိုများလာနေသလို သမ္မတဦးသိန်းစိန်အစိုးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း နိုင်ငံအနှံ့မှာ ရှိနေတုန်းပါ။ ဆိုတော့ ဒီအက်ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့် လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေကို ခိုင်ခိုင် မာမာ တိုးမြှင့် မဆောင်ရွက်ဘဲနဲ့  ဒီပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးမှာ မဟုတ်ဘူးဆိုတာကို ပြောနိုင်မှာ ဖြစ်ပါတယ်။”

ဗီအိုအေသတင်းဌာနတွင်ပါရှိသော “မြန်မာအပေါ်ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ အမတ် Crowley အဆိုပြု” သတင်းမှ ၀ါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma မှ လှုပ်ရှားမှု တာဝန်ခံ Rachel Wagley ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခုလို တွေ့ဆုံပြီး လွတ်လွတ်လပ်လပ်ဆွေးနွေးတဲ့အတွက် ကျွန်တော်တို့မသိတဲ့ကိစ္စတွေ၊ သိသော်လည်း မှားနေတဲ့ ကိစ္စတွေအများကြီး တွေ့ရှိရပါတယ်။ ပညာရပ်ပြည့်စုံမှ အဲဒီ့ပညာရပ်နဲ့ လျော်ညီတဲ့ကိစ္စတွေကို သိခဲ့ရတယ်။ တချို့ကိစ္စတွေက ပြီးသွားပြီ။ တချို့ကရှိသေးတယ်။ ရှိသေးတာကို အင်္ဂါရပ်နဲ့ ပြည့်စုံအောင်လုပ် ဖို့လိုပါတယ်။ အသစ်ဆောက်ရင်လဲ အသစ်နဲ့လျော်ညီတဲ့အင်္ဂါရပ်တွေ ပြည်စုံရမယ်။ တစ်ဖက်အသစ်တွေ တည်ဆောက်သလို တစ်ဖက်က အဟောင်းတွေကိုလဲ မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ကာလက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး အခုနဲ့ အနာဂတ်အတွက် ဆောင်ရွက်ရမယ့် အနေအထား ရောက်နေပါပြီ။”

မေလ ၁၈ ရက်နေ့ထုတ် The Yangon Time နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “စက်မှုတက္ကသိုလ်များအား တက္ကသိုလ်အင်္ဂါရပ်ညီအောင် မြှင့်တင်ချိန်တန်ပြီဟု သူရဦးရွှေမန်းပြော” သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“NDF ပါတီ စထောင်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရမယ်ဆိုတာ မူဝါဒထဲမှာ ပါပြီးသားပါပဲ။ ဒီမိုကရေစီ အခြေခံတွေနဲ့ညီအောင်ပြင်ရမယ်ဆိုတာ နိုင်ငံရေးသမားတွေရဲ့ တာဝန်ပဲ။ နံပါတ်တစ်ကတော့ ဒီမိုကရက်တစ်အခြေခံရှိရေး၊ နံပါတ်နှစ်ကတော့ ပြည်ထောင်စုပုံစံဖြစ်ရေး၊ နံပါတ်သုံးကတော့ စီးပွားဖွံ့ဖြိုး တိုးတက်အောင် ဥပဒေတွေပြင်ဆင်ပြီး၊ ဥပဒေကလည်းပဲ တစ်ပြေးညီဆုံးဖြတ်နိုင်အောင် တိုင်းရင်းသားအားလုံး ဆုံးဖြတ်နိုင်အောင် သဘောကတော့ လက်ဝါးကြီးအုပ်စီးပွားရေးမဖြစ်အောင် ဥပဒေတွေနဲ့ကာကွယ်နိုင်ဖို့ ကြိုးစားသွားရမှာပဲ။ ပြင်ဆင်ရေးမှာက အခြေခံမူ အားလုံးကိုကိုင်ရမှာပဲ တချို့တစ်ခုလည်း နာမည်ကြီးတွေနဲ့ သမ္မတ ဖြစ်ရေးတို့၊ ဘာတို့ တစ်ခုထဲကိုင်ရမယ်ဆိုတာတော့ မဟုတ်ဘူး။ အခြေခံမူတစ်ခုလုံးကိုင်ရမှာ ပုဒ်မလေး ရှစ်ခုရှိတယ်ထင်တယ်။ အခန်းတစ်က အခြေခံမူတွေအားလုံးကို ပထမပြင်ရမယ်။ အခြေခံမူတွေမှာ ဒီမိုကရက်တစ် ဖြစ်ရေးတို့ ပြည်ထောင်စုပုံစံဖြစ်ရေးတို့ ဖြစ်သွားအောင်ပြင်ရမယ်။ အခြေခံမူတွေ မပြင်ဘဲတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခြေခံမူတွေကို ပြင်ပြီးမှ တစ်ခုချင်းထပ်ပြင်သွားရမှာ အခန်းတိုင်း အခန်းတိုင်းကိုတော့ ပြင်ရမှာပဲလေ။ အခန်းတိုင်းမှာ ဒီမိုကရက်တစ်မဖြစ်တာတို့၊ ပြည်ထောင်စုပုံစံမဖြစ်တာတို့၊ နိုင်ငံသားတွေ ရဲ့အခွင့်အရေးတွေ ရလာအောင်ဆိုတာတွေ၊ စီးပွားရေးတွေပါတာပေါ့၊ ဒီမိုကရေစီ အခြေခံကျသွားလို့ရှိရင် တပ်မတော်ကဏ္ဍ ဆိုတာလည်း ပါလာမှာပဲ။ အကုန်လုံးဖျက်ပြီးတော့ပြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အချိန်လည်း ကြာနိုင်တယ်။ ဒီကြားထဲအခြေခံဥပဒေကို ဖျက်လိုက်တယ်ဆိုရင် လွှတ်တော်အတွက် အန္တရာယ်ရှိတာပေါ့။ အကုန်လုံးဖျက်လိုက်ဖို့ ဆိုတာတော့ မလွယ်ဘူး။ တစ်ပိုဒ်ခြင်း လွှတ်တော်ကနေပြင်ဖို့ဆိုတာပဲ ဖြစ်နိုင်မယ်။”

မေလ ၂၀ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၈) တွင်ပါရှိသော “ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဘယ်လိုစတင်၍ ဘယ်အချက်တွေ ပြင်သွားမလဲ” သတင်းမှ ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ) ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခု ဆက်ဆံရုံးကို ပြန်ရှင်းလင်းနေတယ်။ မနောကွင်းကို ပြင်ဆင်နေပါတယ်။ မဂျွယ်ခန်းမကိုလည်း ပြင်ဆင်နေပါတယ်။ ဆွေးနွေးပွဲရက်တော့ အတိအကျထွက်မလာသေးဘူး။ ဒါပေမယ့် ပြင်ဆင်ရေးပိုင်းနဲ့ ပတ်သက်လို့ အကုန်လုံးပြင်ဆင်ပြီး နေပြီလို့ ပြောလို့ရတယ်။ ရက်ပိုင်းအတွင်း ဆွေးနွေးမယ်ဆိုရင်တောင် ဆွေးနွေးလို့ရနေပါ ပြီ။ ၂၀ ရက်နောက်ပိုင်းဆိုရင်တော့ ဆွေးနွေးမယ့်ရက် အတိအကျထွက်ပေးလာနိုင်ပါတယ်။”

မေလ ၁၈ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်း ရေး ဆွေးနွေပွဲရက် အတိအကျထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ဆွေးနွေးရန်နေရာအား ပြင်ဆင်ပြီးဖြစ်” သတင်းမှ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့မှ ဦးဆန်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သမ္မတအခုသွားမယ့် အမေရိကခရီးစဉ်တစ်ခုလုံးက မြန်မာနိုင်ငံရဲ့စီးပွားရေးတင်မကဘူး၊ ဘက်စုံတိုးတက်ရေးအတွက် အထောက်အကူပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို သူတို့ရဲ့မိတ်ဖက်နိုင်ငံအနေနဲ့ သတ်မှတ်လိုက်တာပါ။ မြန်မာနိုင်ငံက အမေရိကရဲ့ မိတ်ဖက်အဆင့်ရောက် သွားတာပါ။”

မေလ ၂၀ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၁၉) တွင်ပါရှိသော “မြန်မာကို ကူညီရန် နည်းလမ်းများ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အိုဘားမားဆွေးနွေးမည်” သတင်းမှ စီးပွားရေးမူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကို၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment