Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကြမ်း ထုတ်ပြန်ကြေညာ
  2. EITI အဖွဲ့ဝင်ဖြစ်လာရန် မြန်မာနိုင်ငံ ၆၀ ရာခိုင်နှုန်းလုပ်ဆောင်ပြီးစီး
  3. မြန်မာနိုင်ငံအတွင်း တရုတ်ကုမ္ပဏီများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများချိုးဖောက်လျက်ရှိကြောင်း ယူနန်ကိုယ် စားလှယ်ပြောကြား
  4.  ၅၀၀၀ တန်အတု ပြုလုပ်သူများဖော်ထုတ်နိုင်ရေး အထူးအဖွဲ့ဖွဲ့စည်းဆောင်ရွက်မည်

အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကြမ်း ထုတ်ပြန်ကြေညာ

ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုစီးပွားဖော်ဆောင်မြှင့်တင်နိုင်ရန်နှင့် နိုင်ငံပိုင်မီဒီယာများကို လွတ်လပ်၍ အနှောင်အဖွဲ့ကင်းသော အများပြည်သူဝန်ဆောင်မှု မီဒီယာလုပ်ငန်းအဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကြမ်းကို မေလ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ဥပဒေကြမ်းတွင် အများပြည်သူဝန်ဆောင်မှု မီဒီယာများအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်နှင့် လွတ်လပ်စွာ သတင်းပေးခွင့်တို့ကို ကျင့်သုံးပိုင်ခွင့်ပေးထားသည့်အပြင် ပုဂ္ဂလိကမီဒီယာများအနေဖြင့်လည်း နိုင်ငံပိုင်မီဒီ ယာများတွင် ဖော်ပြနိုင်ခြင်းမရှိသည့် အများပြည်သူအကျိုးအတွက် အစီအစဉ်များအား ဖော်ပြပေးခြင်း၊ ပြည်သူလူထု၏ အမြင်နှင့် ရှုထောင့်အမျိုးမျိုးတို့ကို ဖော်ပြပေးခြင်း စသည့်အရည်အသွေးပြည့်မီသည့် ဆန်းသစ်သောအစီအစဉ်များကို ဖော်ပြ ခွင့်ရှိကြောင်း ဖော်ပြထားသည်။

အများပြည်သူဝန်ဆောင်မှုမီဒီယာရှိ အယ်ဒီတာအနေဖြင့် ဂုဏ်သိက္ခာကိုအလေးအနက်စဉ်းစားပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာချုပ်ကိုင်မှုကင်းစွာဖြင့် ပြည့်စုံကျယ်ပြန့်၍ ဘက်လိုက်မှုမရှိသော တရားမျှတသည့် သတင်းများ၊ ပြည်သူအတွက်အကျိုးရှိစေနိုင်သော ပြည်တွင်း၊ ဒေသတွင်း၊ အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ထည့်သွင်းဖော်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။

အများပြည်သူဝန်ဆောင်မှု သတင်းစာလုပ်ငန်းနှင့် ရေဒီယိုရုပ်သံလွှင့် လုပ်ငန်းများအနေဖြင့် တည်ဆဲဥပဒေနှင့် အညီ ပြန်ကြားရေးဝန်ကြီးဌာန၌ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲတွင် မှတ်ပုံတင်ထားရမည်ဖြစ်ပြီး နည်းပညာ အကူအညီများနှင့် ဝန်ဆောင်မှုများကို အသုံးချခွင့်ရှိနိုင်စေရန်အတွက် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

   မှတ်ပုံတင်ပြီးချိန်တွင် နိုင်ငံတော်ပိုင်ဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ အခွင့်အာဏာ၊ လုပ်ငန်းလည်ပတ်မှု၊ ပိုင်ဆိုင်မှု၊ အသုံးအဆောင်ပစ္စည်း၊ ရင်းနှီးမြှုပ်နှံမှုများ၊ ငွေစာရင်းများ၊ စာချုပ်များနှင့် အခြားထောက်ပံ့ပစ္စည်းများကို လွှဲပြောင်းရယူသွားရမည်ဖြစ်သည့်အပြင် သက်ဆိုင်ရာနိုင်ငံတော်ပိုင် သတင်းစာ များအား လုပ်ငန်းစတင်အကောင်အထည်ဖော်လျှင်ဖော်ခြင်း အများပြည်သူဝန်ဆောင်မှု သတင်းစာလုပ်ငန်းနှင့် အများပြည်သူ ဝန်ဆောင်မှု ရေဒီယိုရုပ်သံလွှင့် လုပ်ငန်းများအဖြစ် ပြောင်းလဲဖွဲ့စည်းရမည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

အများပြည်သူဝန်ဆောင်မှု သတင်းစာလုပ်ငန်းနှင့် ရေဒီယိုရုပ်သံလွင့်လုပ်ငန်းတို့သည် မိမိတို့၏ မီဒီယာထုတ် လွှင့် မှုများကို လွတ်လပ်စွာလုပ်ကိုင်၍ မီဒီယာဖော်ပြချက်(သို့)ထုတ်လွှင့်မှုများကို ကြိုတင်စိစစ်ခံယူခြင်း၊ လွတ်လပ်ခွင့်အား အပာန့်အတားဖြစ်စေမည့် ပိတ်ပင်ခံရခြင်းတို့မှ ကင်းလွတ်ခွင့်ရှိမည့်အပြင် ကိုယ်ပိုင်သတင်းအချက်အလက်နှင့် အယ်ဒီတာ အာဘော်ကို လွတ်လပ်စွာရေးသားဖော်ပြခွင့်ရှိမည်ဖြစ်ပြီး မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကိုလည်း ခံစားခွင့်ရရှိမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် အများပြည်သူဝန်ဆောင်မှုမီဒီယာတို့၏ထုတ်လွှင့်မှုများတွင် ဓမ္မဓိဋ္ဌာန်ကျစွာဖြင့် ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုစသည့် ကွဲပြားမှုကို အသိအမှတ်ပြု လျက် အမျိုးသားစည်းလုံးညီညွှတ်မှု အမှတ်လက္ခဏာကိုဖော်ဆောင်သည့် တင်ပြချက်(သို့) ထုတ်လွင့်ချက်များကို ဦးစားပေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီးပွားဖြစ်မပာုတ်သည့် မီဒီယာများအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည့်အတိုင်း မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်များရရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က ပေးပို့သည့် ကြေညာချက်များမှအပ အခြားနိုင်ငံရေးဆိုင်ရာ ကြေငြာချက်များကို ဖော်ပြထုတ် လွှင့်ခြင်း မပြုရန်တားမြစ်ထားသည်။

အများပြည်သူဝန်ဆောင်မှုမီဒီယာလုပ်ငန်းကျင့်ဝတ်နှင့် စည်းမျဉ်းတို့တွင် မှန်ကန်တိကျမှုနှင့် တရားမျှတမှု၊ ပုဂ္ဂလိကလွတ်လပ်ခွင့် အနှောင့်အယှက်ပေးမှုနှင့် လိမ်လည်လှည့်ဖြားမှု၊ ကလေးသူငယ်များအား ကာကွယ်မှု၊ လိင်မှု ဆိုင်ရာနှင့် ကြမ်းတမ်းသောစကားလုံးများ သုံးနှုန်းမှု၊ နစ်နာသူနှင့် ပူဆွေးသောကရောက်သူများအပေါ်ဆက်ဆံမှု၊ ပြစ်မှု(သို့) လူ့ကျင့်ဝတ် ဖောက်ဖျက်မှု၊ ကြေငြာထည့်သွင်းမှု၊ သတင်းအချက်အလက်အတွက် ငွေကြေးပေးကမ်းခြင်းနှင့် ကိုယ်ကျိုးစီးပွားဆိုင်ရာ ငွေကြေးပြဿနာများ၊ ခွဲခြားဆက်ဆံမှု၊ သတင်းပေါက်ကြားမှုနှင့် သတင်းရင်းမြစ်များအား ကာကွယ်မှုတို့ ပါဝင်ကြောင်း သိရ သည်။

                အများပြည်သူဝန်ဆောင်မှုသတင်းစာသည် ပုံနှိပ်မီဒီယာကိုသာမက အွန်လိုင်းမီဒီယာကို အသုံးပြုသည့် သတင်းစာအဖြစ် ရပ်တည်၍ ဒေသန္တရဆိုင်ရာ အကြောင်းအရာများ၊ နိုင်ငံတော်အဆင့် သက်ဆိုင်သောကိစ္စရပ်များနှင့် အရေးကြီးအဖြစ်အပျက်များ အများဆုံးပါဝင်သည့် နိုင်ငံအဆင့်(သို့) ဒေသအဆင့် ပြည်တွင်းထုတ်ဝေစာများအား ထုတ်ဝေရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသတင်းစာသည် စီးပွားဖြစ်လုပ်ဆောင်သည့် ဝန်ဆောင်မှုများမှ အကျိုးအမြတ်များဖြင့် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းလည်ပတ်ရန်အတွက် အသုံးပြုနိုင်သော်လည်း စီးပွားဖြစ်လုပ်ဆောင် သည့် ဝန်ဆောင်မှုများအတွက် နိုင်ငံတော်ရန်ပုံငွေမှ အသုံးပြုခွင့်မရှိကြောင်း အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

YC


 EITI အဖွဲ့ဝင်ဖြစ်လာရန် မြန်မာနိုင်ငံ ၆၀ ရာခိုင်နှုန်းလုပ်ဆောင်ပြီးစီး

မြန်မာနိုင်ငံအနေဖြင့် EITI (Extractive Industries Transparency Initiative) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာရန် ၆၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်း EITI ၏ မြန်မာနိုင်ငံဆိုင်ရာ အတွင်းဝန်ရုံးမှ သုတေသနနှင့် နည်းပညာညှိနှိုင်းရေးမှူး ဦးမင်းဇာနည်က ပြောကြားခဲ့သည်။

EITI အဖွဲ့ဝင်ဖြစ်ပါက အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် ပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကျင့်ပျက်ခြစားမှုဖြစ်စဉ်များ ပေါ်လွင်လာနိုင်စေမည့်အပြင် နိုင်ငံတကာ အသိ မှတ်ပြု ပွင့်လင်းမြင်သာရေး စံချိန်စံညွန်းအတိုင်း လုပ်ဆောင်နေကြောင်းကိုလည်း ပြသလာနိုင်မည်ဖြစ်ကြောင်း EITI ကကြေညာထားသည်။

လက်ရှိ ပြည်တွင်းရှိ ကုမ္ပဏီများအနေဖြင့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီတင်ပြ အစီရင်ခံ နေရသည့်အတွက် ကုမ္ပဏီများ အားလုံး တန်းတူရည်တူအနေအထားဖြင့် လုပ်ငန်းများ ယှဉ်ပြိုင်လာနိုင် မည်ဖြစ်ကြောင်းသိရ သည်။ မြန်မာနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန် သတ်မှတ်ထားသည့် အချက်ငါးချက် အနက် လက်ရှိ အချိန်တွင် အချက် သုံးချက် လုပ်ဆောင်ပြီးဖြစ်ကြောင်း EITI ၏ မြန်မာနိုင်ငံဆိုင်ရာ အတွင်းဝန်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါအချက်များမှာ EITI အဖွဲ့ဝင်ဖြစ်ရန် ဆန္ဒရှိကြောင်း အများပြည်သူသိရှိနိုင်စေရန် ကြေညာခြင်း၊ သယံဇာတ တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်ရန် သဘောတူညီမှုပြုလုပ်ခြင်းနှင့် အစိုးရမှ EITI ဖော်ဆောင်ရေးတွင် ဦးဆောင်လုပ်ကိုင်မည့် အဆင့်မြင့် အရာရှိများ ခန့်ထားခြင်း စသည်တို့ကို လုပ်ဆောင်ပြီးဖြစ် ကြောင်း ဦးမင်းဇာနည်မှ ပြောကြားခဲ့သည်။

သို့သော် အစိုးရအနေဖြင့် EITI ဖော်ဆောင်ရေးကိစ္စအား  ကြီးကြပ်မည့်သူများပါဝင်မည့် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်း ရန်နှင့် ပါဝင်ပတ်သတ်သူများနှင့် တိုင်ပင်၍ တိကျသည့် မူဝါဒများချမှတ်ရန် စသည့်အချက်များ လိုအပ်နေသေးကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

EITI အဖွဲ့ဝင် ဖြစ်လာနိုင်ရန်အတွက် အစိုးရနှင့် အရပ်ဘက်အဖွဲ့စည်းများ ပူးပေါင်းကာ ကျန်ရှိသေးသည့် အချက်များအတွက်  တက်ညီလက်ညီဆောင်ရွက်နိုင်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာ့အစိမ်းရောင်ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင် ကပြောကြားခဲ့သည်။

ထို့ပြင် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်းကာ ပြည်တွင်းသယံဇာတ တူးဖော်ခြင်းလုပ်ငန်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်နှင့် EITI ၏မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များနှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သည် သြစတေးလျနိုင်ငံတွင် ကျင်းပမည့် Mining for Development ညီလာခံနှင့် ခြောက်ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ Extractive Industries Transparency Initiative ( EITI ) ညီလာခံတက်ရောက်ရန် မေလ ၁၈ ရက်နေ့က သြစတေးလျ နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရှိရသည်။

YC


မြန်မာနိုင်ငံအတွင်း တရုတ်ကုမ္ပဏီများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများချိုးဖောက်လျက် ရှိကြောင်း ယူနန်ကိုယ် စားလှယ်ပြောကြား

မြန်မာနိုင်ငံအတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်လျက်ရှိသည့် တရုတ်ကုမ္ပဏီအချို့မှာ နိုင်ငံတကာတွင်သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်၍ လုပ်ဆောင်လျက်ရှိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရ အကြံပေးတာဝန်ခံ၊ အရှေ့တောင်အာရှ သုတေသနနှင့် လူမှုသိပ္ပံဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခွန်ကျင့်ရှိန်က မေလ ၁၉ ရက်နေ့တွင် မြန်မာငြိမ်းချမ်းရေး စင်တာ(Myanmar Peace Center)၌ ပြုလုပ်ကျင်းပခဲ့သော ဒီမိတ် ၁၀ ပါတီမှ ကိုယ်စားလှယ်များနှင့် တရုတ်-မြန်မာ အနာဂါတ် ဆက်ဆံရေးလာရောက်လေ့လာသော ယူနန်အစိုးရကိုယ်စားလှယ် အဖွဲ့၏တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြား သည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လျက်ရှိသော တရုတ်ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ ဆောင်ရွက်မှုများအပေါ် ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သင့်အပြင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီညွှတ်မှုမရှိသည့် ပရောဂျက်များကိုလည်း အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၊ ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် ပြန်လည်သုံးသပ်စိစစ် ဆောင်ရွက်သွားသင့်ကြောင်း ၎င်းက အဆိုပါတွေ့ဆုံပွဲအပြီး ပြည်တွင်းဂျာနယ်တစ်စောင်ဖြစ်သည့် မြန်မာပို့စ်ဂျာနယ်၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ရင်းနှိးမြှုပ်နှံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးကိစ္စရပ်များတွင် ပြုပြင်ပြောင်းလဲ ရမည့် လိုအပ်ချက်များရှိသည့်အပြင် နှစ်နိုင်ငံသဘောတူညီချက်များအရ အဆိုပါပြဿနာများကို ပူးပေါင်းကိုင်တွယ်ဖြေရှင်း ကာ အကောင်းဆုံးဖြစ်စေရန် ကြိုးစားဆောင်ရွက်သွားပေးမည်ဖြစ်ကြောင်း ယူနန်ကိုယ်စား လှယ်တစ်ဦးက ပြောကြား သည်။

ယူနန်ကိုယ်စားလှယ်များအနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အနာဂါတ်ဆက်ဆံရေး အလုပ်ရုံ ဆွေးနွေးပွဲမှတစ်ဆင့် ရရှိသည့်အချက်အလက်များကို စုစည်း၍ ယူနန်အစိုးရထံသို့ ပြန်လည်တင်ပြပေးသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြား ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် နှစ်ပေါင်း များစွာ ဒဏ်ခတ်အရေးယူမှုများပြုလုပ်ခဲ့သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံတို့မှ ဖြေလျော့မှုများပြုလုပ် ပေးခဲ့သည့်အပြင် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်မှုများ ပြုလုပ်လာခဲ့သော်လည်း မကြာသေးမီရက်ပိုင်းအတွင်းက ထိုသို့ မြန်မာနိုင်ငံအနေဖြင့် အနောက်နိုင်ငံ၏ ဆက်ဆံရေးတိုးမြှင့်လာသော်လည်း တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ကျော်လွှားနိုင်မည်မပာုတ်ကြောင်း တရုတ်အာဏာပိုင်တစ်ဦးက ပြောကြားသည်။

လက်ရှိ လွှတ်တော်တွင်း ဒုတိယအင်အားအကြီးဆုံး ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ၏ ၁၀ ရက်ကြာလေ့လာရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သမ္မတသက်တမ်းအတွင်း ဆက်လက်ဆောင်ရွက် ခြင်းမပြုပာု ပြည်သူများအား ကတိပြုထားခဲ့သည့် မြစ်ဆုံစီမံကိန်းအား ပြန်လည်လုပ်ကိုင်လိုကြောင်း တရုတ်ဝန်ကြီးက ပြောကြားခဲ့သည်ပာု ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါသွားခဲ့သော NLD ပါတီ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြား ခဲ့သည်။

YC


 ၅၀၀၀ တန်အတု ပြုလုပ်သူများဖော်ထုတ်နိုင်ရေး အထူးအဖွဲ့ဖွဲ့စည်းဆောင်ရွက်မည်

၅၀၀၀ ကျပ်တန် ငွေစက္ကူအတုပြုလုပ်သူများကို ဖော်ထုတ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေး အထူးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အထူးစုံစမ်းစစ်ဆေးရေး (စီအိုင်ဒီ) မှုခင်းတပ်ဖွဲ့မှ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များအား ကျပ် ၅၀၀၀ တန်အတု စုံစမ်းစစ်ဆေးခြင်းနှင့် ပတ်သက်သည့် သင်တန်းများ ပို့ချပေးနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ယောက်ကပြောကြားခဲ့သည်။

ရန်ကုန်းတိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် သိမ်းဆည်းရမိသော ကျပ် ၅၀၀၀ တန်အတုများနှင့် မှော်ဘီမြို့နယ်တွင် သိမ်းဆည်းရထားသော ကျပ် ၅၀၀၀ တန်အတုများသည် ဆက်စပ်မှုရှိနေသည့်အတွက် အဆိုပါ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း၍ ကျပ် ၅၀၀၀ တန်အတုဖော်ထုတ်ရေး အထူးအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

မေလ ၁၄ ရက်နေ့က အင်းစိန်မြို့နယ်ရှိ မြဝတီဘဏ်ခွဲတွင် ဖမ်းဆီးရမိသော ကျပ် ၅၀၀၀ တန် အတု ၃၄ ရွက်မှာ မှော်ဘီရဲစခန်းမှ (ပ) ၂၅၉/၁၃၊ ပြစ်မှုပုဒ်မ-၄၈၉ (ခ) /၄၈၉ (ဂ) အမှုဖြင့် သိမ်းဆည်းရမိသော ကျပ် ၅၀၀၀ တန်အတုများ၏ အက္ခရာနှင့်နံပါတ်စဉ်များတူညီနေကြောင်း တွေ့ရှိရသောကြောင့် ဆက်စပ်နေသည်ပာု ယူဆရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

အလားတူပင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျပ် ၅၀၀၀ တန်အတု သိန်းပေါင်း ၃၀၀ နီးပါးသယ်ဆောင် လာသော တရုတ်နိုင်ငံသားများပါဝင်သည့် ငွေတုလုပ်ဂိုဏ်းတစ်ခုကို မကြာမီရက်ပိုင်းအတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း ကချင် ပြည်နယ် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် ကျပ် ၅၀၀၀ တန်အတုများကို တရုတ်နိုင်ငံတွင်ပြုလုပ်၍ တရုတ် - မြန်မာ နယ်စပ်ဖြစ်သော ကချင်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ကာ ကျပ် ၅၀၀၀ တန်အတုများနှင့် အစစ် များကိုရောနှော၍ ကျောက်စိမ်းများဝယ်ယူရန် စီစဉ်ထားရာမှ ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ထို့ကဲ့သို့ ကျပ် ၅၀၀၀ တန်အတုများ ဝင်ရောက်နေမှုကိုတားဆီးရန် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းအပြင် ကျပ် ၅၀၀၀ တန်အတုများ မြန်မာနိုင်ငံငွေကြေးဈေးကွက်အတွင်း ဝင်ရောက်လာမှု လမ်းကြောင်းကို စီအိုင်ဒီငွေတုစစ်ဆေးရေးဌာနက စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ဗဟိုဘဏ်မှ လက်ခံရရှိသော ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု ၃၇၅၈ ရွက် (တန်ဖိုးကျပ် ၁၈၇၉၀၀၀) ရှိခဲ့ပြီး ကျပ် ၅၀၀၀ တန်ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်က စတင်ထုတ်ဝေ ခဲ့ကြောင်း သိရှိရသည်။

YC


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment