Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နှင့် စိန်ခေါ်မှုများကို အိုဘားမားနှင့် ဦးသိန်းစိန် ဆွေးနွေးမည်

(VOA သတင်းဌာနမှ 18 May 2013 ရက်စွဲပါ Obama, Burmese President to Discuss Reform Progress, Challenges ကိုဘာသာပြန်ဆိုသည်)

  1. Qatar လေကြောင်းလိုင်း နှင့် Bangkok လေကြောင်းလိုင်းတို့၏ Code Share သဘောတူညီမှုပြုလုပ်

(မေလ ၁၆ ရက်နေ့ AME info.com တွင်ပါရှိသော “Qatar Airways, Bangkok Airways in code share deal” သတင်းအား ဘာသာပြန်ဆိုပါသည်)

  1. ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ သွားရောက်မည်

(19 May 2013 ရက်စွဲပါ Japan Times မှ Abe to cook up business in Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအပေါ် အမေရိကန် မူဝါဒကို တိုင်းတာခြင်း

(19 May 2013 ရက်စွဲပါ Washington Post မှ Calibrating U.S policy on Burma ကို ဘာသာပြန်ဆိုသည်)

  1.  ရှင်ဇိုအာအေး၏ ကြိုးပမ်းမှုဖြင့် ပြန်လည်ဦးမော့လာသော ဂျပန်စီးပွားရေး

(www.BBCNews.com မှ Japan's economy shows recovery signs in boost for Abe သတင်းကို ဘာသာပြန်ဆိုသည်။)


ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နှင့် စိန်ခေါ်မှုများကို အိုဘားမားနှင့် ဦးသိန်းစိန် ဆွေးနွေးမည်

(VOA သတင်းဌာနမှ 18 May 2013 ရက်စွဲပါ Obama, Burmese President to Discuss Reform Progress, Challenges ကိုဘာသာပြန်ဆိုသည်)

Photo Credit by Online

အမေရိကန်ပြည်ထောင်စု သမ္မတအိုဘားမားနှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ တနင်္လာနေ့တွင် အိမ်ဖြူတော်၌ တွေ့ဆုံကာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် စိန်ခေါ်မှုများကို ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ဆွေးနွေးရာတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် တိုးတက်ဖွံ့ဖြိုးမှုများ၊ ဒီမိုကရေစီ ဆက်လက်ဖော်ဆောင်ရာတွင် တွေ့ကြုံရမည့် အဟန့်အတားများ၊ နှစ်နိုင်ငံဆက်ဆံရေးတွင် အမေရိကန်ပြည်ထောင်စုမှ ပြောင်းလဲမည့်ကိစ္စများ အစရှိသည်တို့ကို အလေးပေးသွားမည်ဖြစ်သည်။

သမ္မတအိုဘားမားသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ရာ အဆိုပါခရီးစဉ်ကြောင့် မြန်မာပြည်သို့ ပထမဆုံးလာရောက်သည့် အမေရိကန်သမ္မတဖြစ်လာခဲ့သည်။ ထိုခရီးစဉ်တွင် ၎င်းအနေဖြင့် မြန်မာနိုင်ငံတွင် အရေးပါသော ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိသည့် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ပြင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ခဲ့ဖူးသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းတွေ့ဆုံခဲ့သည်။

၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးအကြီးအကဲတာဝန်ယူခဲ့ဖူးသူ အငြိမ်းစားသံတမန် Priscilla Clapp က ယခု ဦးသိန်းစိန်၏ ခရီးစဉ်ကို “သမိုင်း၏ အပိုင်းအစတစ်ခု” ဟု သတ်မှတ် ပြောဆိုသည်။

“အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံတော်ခေါင်းဆောင် လာရောက်လည်ပတ်ခဲ့ဖူးတာဆိုလို့ တစ်ကြိမ်တည်း ရှိခဲ့ဖူးတယ်။ အဲဒါက ၁၉၆၆ ခုနှစ်မှာ ဦးနေဝင်းလာရောက်ခဲ့တာပါ” ဟု Priscilla Clapp ကပြောကြားသည်။

အိုဘားမားအုပ်ချုပ်ရေးအဖွဲ့သည် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးဖိနှိပ်မှုများဖြစ်ပေါ်နေခဲ့သည့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပိုမိုဖြစ်ထွန်းလာအောင် ဆက်လက်ဖိအားပေးလျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသော ဦးအောင်ဒင်ကမူ မြန်မာနိုင်ငံ၌ ဒီမိုကရေစီအပြည့်အဝရရှိသွားအောင် ဆက်လက်ဆော်သြသွားမည်ဟု ပြောကြားသည်။

“သူတို့(အမေရိကန်အစိုးရ)က မြန်မာနိုင်ငံမှာ ဆက်လက်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေပေါ်ပေါက်လာဖို့အတွက် သူတို့ရဲ့ အကောင်းဆုံးရွေးချယ်မှုဟာ ဦးသိန်းစိန်နဲ့ စေ့စပ်ညှိနှိုင်းသွားရေးပဲဖြစ်တယ်ဆိုတာကို ယုံကြည်နေကြတယ်” ဟု ၎င်းကပြောကြားသည်။

အောင်မြင်ဖြစ်ထွန်းသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဖြစ်ပေါ်လာရေးမှာ လတ်တလောဖြစ်ပေါ်နေသည့် တိုင်းရင်းသားလူမျိုးစု တင်းမာမှုများနှင့် ဘာသာရေးအဓိကရုဏ်းများကို အပြည့်အဝ ဖြေရှင်းပေးနိုင်မည့် အစိုးရ၏ အရည်အချင်းအပေါ်တွင် များစွာမူတည်လျက်ရှိသည်။ တည်ငြိမ်သောဒီမိုကရေစီစနစ်နှင့် လွတ်လပ်သော ဈေးကွက်တို့သည်လည်း အရေးပါသည့် အချက်များပင်ဖြစ်သည်ဟု Priscilla Clapp ကပြောကြားသည်။

“အဂတိလိုက်စားမှုတွေကိုင်တွယ်ဖြေရှင်းတာတို့၊ ပွင့်လင်းမြင်သာမှုကို အစိုးရအဖွဲ့ထဲမှာသာမက စီးပွားရေး စနစ်ထဲမှာ ထည့်သွင်းအသုံးပြုနိုင်တာတို့ စတာတွေကအရေးကြီးပါတယ်။ လတ်တလောအကြီးမားဆုံးပြဿနာကတော့ အရာရာဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ နားလည်ရဖို့ခက်ခဲနေတာပဲဖြစ်ပါတယ်။ အဲဒီလိုအခြေအနေဟာ အဂတိလိုက်စားမှုတွေ ဖြစ်ပေါ်ဖို့ ရေကန်အသင့်ကြာအသင့်အခြေအနေမျိုးပါပဲ။ သူတို့က အဲဒါကိုနားလည်သဘောပေါက်ထားတယ်” ဟု ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း ယမန်နှစ်က  ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

“အောင်မြင်မှုတွေကို ကျွန်မတို့ တွေ့မြင်ရပြီလို့ ထင်မှတ်လိုက်တဲ့အချိန်ဟာ အသွင်ကူးပြောင်းမှုတွေရဲ့ အခက်ခဲဆုံး အချိန်ကာလပဲဖြစ်ပါတယ်။ အောင်မြင်မှုတံလျပ်တွေရဲ့ ဖျားယောင်းမှုမခံရဖို့ ကျွန်မတို့တတွေ အင်မတန် သတိကြီးကြီးရှိကြရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဖူးသည်။

ယခုဦးသိန်းစိန်ခရီးစဉ် မတိုင်မီအချိန်ပိုင်းတွင် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအောင်ဒင်က မြန်မာနိုင်ငံ၏အနာဂတ်အတွက် မျှော်လင့်ချက်ရှိသည့်ကိစ္စဖြစ်သည်ဟုဆိုပြီး အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးနိုင်ရေးအတွက် ဖိအားပေးရန် အိုဘားမားကို တိုက်တွန်းလိုက်သည်။

“ဒီခရီးစဉ်မှာ အိုဘားမားအနေနဲ့ ဦးသိန်းစိန်ကို ဖိအားပေးနိုင်မယ့် အခွင့်အရေးတွေရရှိပါလိမ့်မယ်။ သိသာထင်ရှားတဲ့ ရလဒ်တွေ၊ အဖြေတွေထုတ်နိုင်ဖို့ ပိုမိုဖိအားပေးနိုင်မှာပါ” ဟု ဦးအောင်ဒင်ကပြောသည်။

ဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်သည် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နေသည့် မြန်မာအစိုးရကို ထောက်ပံ့မှုပြုမည့် အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်ချက်ကို မီးမောင်းထိုးပြရာရောက်ပြီး မြန်မာနိုင်ငံ၏  အလားအလာကို ပြည်သူများ သိရှိသဘောပေါက်ရန် ကူညီရာလည်းရောက်ကြောင်း အိမ်ဖြူတော်ကပြောကြားသည်။


Qatar လေကြောင်းလိုင်း နှင့် Bangkok လေကြောင်းလိုင်းတို့၏ Code Share သဘောတူညီမှုပြုလုပ်

(မေလ ၁၆ ရက်နေ့ AME info.com တွင်ပါရှိသော “Qatar Airways, Bangkok Airways in code share deal” သတင်းအား ဘာသာပြန်ဆိုပါသည်)

Qatar လေကြောင်းလိုင်းသည် Bangkok လေကြောင်းလိုင်းနှင့် Code Share သဘောတူညီချက် စာချုပ်အသစ် အား ချုပ်ဆိုနိုင်ခဲ့သည်။ ယင်းစာချုပ်တွင် ထိုင်းနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနှင့် မြန်မာသို့ သွားရောက်မည့် ခရီးစဉ်များ ပါဝင်ကြောင်း Arabian Aerospace က သတင်းထုတ်ပြန်ထားပါသည်။

Qatar လေကြောင်းလိုင်းရှိ QR လေကြောင်းပျံသန်းမှု့သည် ယမန်နေ့မှ အစပြုပျံသန်းခဲ့ကာ စာချုပ်ပါ နည်းဥပဒေများ၏ တစ်ဖက်တွင်လည်း ခရီးစဉ် ဖြတ်သန်း သွားမည့် အိမ်ရှင်နိုင်ငံများဖြစ်သည့် ထိုင်းနှင့်ဘန်ကောက် လေကြောင်းလိုင်းသည်လည်း ခရီးသွားများအားပို၍ သက်တောင့်သက်သာ ဖြစ်စေပြီး ပိုကြီးမားသော ဈေးကွက်အား ချဉ်းကပ်နိုင်ရန် ဝန်ဆောင်မှုများကိုလဲ ပေးခဲ့သည်။

Qatar လေကြောင်းလိုင်းသည် ယခုလက်ရှိတွင် ဒိုဟာနှင့်ဘန်ကောက်သို့ တစ်နေ့လျှင် လေးကြိမ်ရပ်နားမှုမရှိဘဲ ပြေးဆွဲပျံသန်းလျက်ရှိပြီး Quatari မြို့မှ ထိုင်းနိုင်ငံရှိ ဖူးခက် သို့လည်း နေ့စဉ်ပြေးဆွဲပျံသန်းလျက်ရှိသည်။

ထို့အပြင် Qatar လေကြောင်းလိုင်းသည် ဒိုဟာမှ ဖနွမ်းပင်နှင့်ရန်ကုန်သို့ပါ နေ့စဉ်တာဝန်ယူ ပြေးဆွဲလျက်ရှိပါသည်။


ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ သွားရောက်မည်

(19 May 2013 ရက်စွဲပါ Japan Times မှ Abe to cook up business in Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မြဲစေရန် လာမည့်သောကြာနေ့တွင် မြန်မာနိုင်ငံသို့ သုံးရက်တာ ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း အစိုးရသတင်းတစ်ရပ်က စနေနေ့က ပြောကြားသည်။

၎င်းနှင့်အတူ ဂျပန်ကုမ္ပဏီ သုံးဆယ်ကျော်မှ ထိပ်တန်းအမှုဆောင်များ ပါဝင်မည်ဖြစ်ပြီး မြန်မာသမ္မတဦးသိန်းစိန်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် တိုးတက်မှုအပေါ် ဆွေးနွေးရန် မျှော်လင့်ရပါသည်။

သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံရာတွင် အာဘေးသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကူညီမည့် အစီအစဉ်များကို ပြောကြားမည်ဖြစ်ပါသည်။ ပြီးခဲ့သည့် မတ်လက တိုကျိုသည် ၂၆ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ယန်းငွေဖြင့် ချေးငွေပေးရန် ကြေညာခဲ့ပါသည်။


မြန်မာနိုင်ငံအပေါ် အမေရိကန် မူဝါဒကို တိုင်းတာခြင်း

(19 May 2013 ရက်စွဲပါ Washington Post မှ Calibrating U.S policy on Burma ကို ဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံမှ ခေါင်းဆောင်တစ်ဦးသည် ရာစုနှစ် တစ်ဝက်ခန့်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တနင်္လာနေ့တွင် အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ သမ္မတအိုဘားမား၏ ဖိတ်ကြားချက်သည် သမ္မတဦးသိန်းစိန်၏လူဦးရေ သန်း ၅၀ ရှိသော မြန်မာနိုင်ငံတွင် မည်သို့ အရာရာလျင်မြန်စွာ ပြောင်းလဲသွားသည် ဆိုသည်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပြသသည့် လက္ခဏာတစ်ခု ဖြစ်ပါသည်။ လာရောက်လည်ပတ်သည့် ခရီးစဉ်သည် တိုးတက်မှုများအတွက် အောင်ပွဲခံခြင်းနှင့် နောက်ထပ်လိုအပ်သော ပြောင်းလဲမှုများအတွက် အာပေးခြင်း ဖြစ်သင့်ပါသည်။

ဆယ်စုနှစ်ပေါင်းများစွာက ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံးနှင့် အထီးကျန်နိုင်ငံများတွင်ပါဝင်သော မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်နှစ်ကျော်အတွင်း အကြီးအကျယ် တံခါးဖွင့်ခဲ့ပါသည်။ သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အိမ်ရှေ့တံခါးလာခေါက်နေကြပြီး ရန်ကုန်တွင် နေ့စဉ်သတင်းစာများလည်း လွတ်လပ်စွာ ထုတ်ဝေလာကြပါသည်။ နိုင်ငံရေးပါတီများကလည်း ၂၀၁၅ ရွေးကောက်ပွဲကို မျှော်ကြည့်နေကြပြီဖြစ်သည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် မည်မျှအထိ လွတ်လပ်မည်နည်း။ မြန်မာနိုင်ငံ၏ အခြေခံဥပဒေအရ စစ်တပ်သည် လွှတ်တော်တွင် နေရာ လေးပုံတစ်ပုံရရှိထားပြီး အစိုးရ၏ လုပ်ဆောင်မှုများပေါ်တွင် ဗီတိုအာဏာ ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရွေးခံရခြင်းအတွက် တားမြစ်ခြင်းခံထားရပါသည်။ လွှတ်ပေးခဲ့သော အကျဉ်းသားများကို အစိုးရက အချိန်မရွေး ပြန်လည်ဖမ်းဆီးနိုင်ခွင့် ရှိနေပါသေးသည်။ လွန်ခဲ့သောခြောက်လ သမ္မတအိုဘားမား လာရောက်စဉ်က ကတိများအပါအဝင် အစိုးရက ပေးခဲ့သော ကတိများ ဖြည့်ဆည်းပေးရန် ကျန်ရှိနေပါသေးသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာရုံး ဖွင့်ခွင့်ပေးရန်ကိစ္စ၊ တိုင်းရင်းသားပဋိပက္ခ ဖြစ်ပွားသောနေရာများတွင် လူသားချင်းစာနာသော အကူအညီများ ရောက်ရှိရေးကိစ္စများ လုပ်ဆောင်ရန် ကျန်ရှိနေပါသေးသည်။ တချိန်တည်းမှာပင် ပြုပြင်ပြောင်းလဲရေးများနှင့်အတူ မူဆလင်လူမျိုးစုအပေါ် ပြင်းထန်သော အကြမ်းဖက်မှုများလည်း ပါဝင်လာသည်။ လူ့အခွင့်အရေးအုပ်စုများ၏ အဆိုအရ အစိုးရတာဝန်ရှိသူများ၏ အားပေးအားမြှောက်ပြုမှုများ ပါဝင်နေသည်ဟု ဆိုပါသည်။

အဆိုပါ အကောင်းအဆိုးရောနေသော အခြေအနေအပေါ် မည်သို့တုန့်ပြန်မည်နည်း။ ယေဘုယျအားဖြင့် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံတွင် ဖန်ခွက်ထဲတွင် ရှိသော ရေတစ်ဝက်ကိုသာ အာရုံပြုနေသည့် သဘောရှိပါသည်။ အစိုးရသည် စီးပွားရေးအရ အရေးယူမှုများကို ဖြေလျှော့ပေးခဲ့ပြီး အခြေအနေတချို့တွင် မြန်မာအစိုးရသဘောကျသော ‘Myanmar’ဟူသည့် အသုံးအနှုန်းကို အသုံးပြုလာပါသည်။ အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောကြားရာတွင် ယခုမြန်မာသမ္မတခရီးစဉ်သည် ပြုပြင်ပြောင်းလဲရေးများ ရှေ့ဆက်နိုင်ရန် မည်သို့ထိန်းသိမ်းမည်ဆိုသည်ကို ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်ပြီး အားပေးရန် အာရုံပြုမည်ဟု ဆိုပါသည်။ မြန်မာများ၏မျှော်လင့်ချက်မှာ မြင့်မားနေပြီး မြန်မာအစိုးရအနေဖြင့် အကယ်၍ ပြုပြင်ပြောင်းလဲမှုများကို နှေးကွေးစေလိုသူ သို့မဟုတ် ဖျက်ဆီးလိုသူ သဘောထား တင်းမာသူများအား နှီမ်နင်းပြီးဆိုပါက ရလဒ်များကို ပြသရန်လိုအပ်ကြောင်း တာဝန်ရှိသူများက ပြောပါသည်။

ကွန်ဂရက်သည် ပို၍ သံသယကြီးနေပြီး နှစ်နိုင်ငံတံခါးအဖွင့်တွင် လုပ်ငန်းစဉ်များနှေးကွေးစေမည့် လုပ်ဆောင်မှုအချို့ကို စတင်မည်ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေးများ ရပ်တန့်သွားခြင်းအပေါ် ပြစ်ဒဏ်ပေးခြင်း မရှိပါက ဦးသိန်းစိန်သည် သဘောထားတင်းမာသူများကိုသာ နားချရမည်ဖြစ်၍ နောက်ထပ်အရေးယူမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေးလမ်းပေါ်တွင် ရပ်တန့်သွားနိုင်ပြီး တရုတ်ပုံစံ ခရိုနီစီးပွားရေးစနစ်နှင့် ရုရှားပုံစံရွေးကောက်ပွဲအတုများဖြင့် အဆုံးသတ်သွားနိုင်ပါသည်။

အမေရိကန်၏ မူဝါဒသည် လိုအပ်သည့်ရလဒ်ထွက်ပေါ်ရန် သြဇာရှိသည်ဆိုပါက တိုးတက်မှုအစစ်အမှန်ကို သဘောပေါက်နိုင်မည့် ချိန်ခွင်လျှာညီရန် လိုအပ်ပါသည်။ ထို့ပြင်ထည့်သွင်းစဉ်းစားရမည့်အချက်မှာ မြန်မာနိုင်ငံသည် စစ်မှန်သောဒီမိုကရေစီသို့ ခရီးရှည်ကြီး သွားရဦးမည်ဆိုသည့် အချက်ဖြစ်ပါသည်။


 ရှင်ဇိုအာအေး၏ ကြိုးပမ်းမှုဖြင့် ပြန်လည်ဦးမော့လာသော ဂျပန်စီးပွားရေး

(www.BBCNews.com မှ Japan's economy shows recovery signs in boost for Abe သတင်းကို ဘာသာပြန်ဆိုသည်။)

ကမ္ဘာပေါ်တွင် တတိယအကြီးမားဆုံးဖြစ်သော ဂျပန်နိုင်ငံ၏စီးပွားရေး တစ်နှစ်အတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းသည်စီးပွားရေးပြန်လည်ကောင်းမွန်းလာမှု လက္ခဏာ တစ်ရပ်ကို ပြသနေခြင်းပင်ဖြစ်သည်။

အသားတင်ပြည်တွင်းထုတ်ကုန် သည် ပြီးခဲ့လများနှင့် နှိုင်းယှဉ်ပါက မတ်လအထိသုံးလတွင်းတွင် ၀.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်သည်။ နှစ်စဉ် ထုတ်ကုန်ရာခိုင်နှုန်း ၃.၅ ရာခိုင်နှုန်းရှိသည့်အနက် ပြီးခဲ့သည့်နှစ်တွင် ၁ ရာခိုင်နှုန်း တိုးတက်လာခြင်းကို ဖော်ပြရာလည်း ရောက်ပေသည်။

ထိုကဲ့သို့ စီးပွားရေးတိုးတက်လာခြင်းသည် ရှင်ဇိုအာဘေး၏အစိုးရအဖွဲ့အတွက် ကောင်းမွန်သော မှတ်တမ်း တစ်ခုဖြစ်သည်ဟု ပညာရှင်များက ပြောကြားခဲ့သည်။ “ဂျပန်နိုင်ငံရဲ့ စီးပွားရေးပြန်လည်ကောင်းမွန်လာဖို့ အတွက် လမ်းကြောင်းမှန်ပေါ်မှာ ရောက်ရှိနေပါပြီ” ဟု ဂျပန်သုတေသနတက္ကသိုလ်မှ Hideki Matsumura ကပြောကြားခဲ့သည်။ ၎င်းက တစ်ဦးချင်းအသုံးစရိတ် တိုးတက်လာမှုကြောင့် ဂျပန်စတော့ရှယ်ယာ မြင့်မားလာမှုနှင့်အတူ ပို့ကုန်ပြန်လည် ကောင်းမွန်လာသည့် အချက်ကိုအဓိက အကြောင်းပြချက် အနေဖြင့်ကိုးကားပြောဆိုခဲ့သည်။

“စီးပွားရေး ကမျှော်မှန်းထားတာထက် တိုးတက်တာကြောင့် Abenomics ရဲ့လုပ်ဆောင်ချက်တွေကို ကျေးဇူးတင်ပါတယ်” ဟု Mr .Matsumura ကထပ်မံပြောကြားခဲ့သည်။   ရပ်တန့်နေသော ဂျပန်နိုင်ငံ၏ စီးပွားရေးကို ပြန်လည်အသက်ဝင် လာစေရန်အတွက် အစိုးရအသုံးစရိတ်အများအပြားသုံးစွဲခြင်းနှင့် ဗဟိုဘဏ် ငွေကြေးမူဝါဒဖြေလျော့ခြင်း  အတွက် Mr.Abe ၏ကြိုးပမ်းချက်များကို ရည်ညွှန်းကာ Abenomics ဟုခေါ်ဆို ခဲ့ခြင်းဖြစ်သည်။ အဆိုပါပေါ်လစီသည် ယန်းငွေမာနေမှုကြောင့် ဆယ်စုနှစ် နှစ်ခုအကြာ အားနည်းနေသော ဂျပန်နိုင်ငံ၏စီးပွားရေးကို ပြုပြင်ရန်အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဈေးနှုန်းကျဆင်းခြင်းသည် စီးပွားရေး နှင့် ဝယ်သူများမှ ပိုမိုကောင်းမွန်သော အရောင်းအ၀ယ်များ အတွက်ရည်ရွယ်ကာ သုံးစွဲနေခြင်းတို့ကို တားဆီးရာ ရောက်ပေသည်။ ထို့ကြောင့် ဗဟိုဘဏ်မှ ထရီလီယံနှင့် ချီသော ဂျပန်ယန်းငွေများကို လက်ရှိ လည်ပတ် နေသော ငွေထဲသို့ ထည့်သွင်းပေးခဲ့ပြီး ငွေတန်ဖိုး ကျလာစေရန်အတွက် လုပ်ဆောင်ခဲ့ပါသည်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ဂျပန်ပို့ကုန်ထုတ်လုပ်သူများကို နိုင်ငံရပ်ခြားဈေးကွက် များတွင် ပိုမိုယှဉ်ပြိုင်လာစေနိုင်ပြီး ၎င်းတို့၏ ပြန်လည်ရရှိသောအကျိုးအမြတ် တန်ဖိုး ကိုလည်း မြင့်တက်လာစေသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ဂျပန်ယန်းငွေတန်ဖိုးသည် သုံးတစ်ပုံခန့် ကျဆင်းခဲ့သောကြောင့် ရင်းနှီးမြုပ်နှံသူများက ကုမ္ပဏီများအတွက် အကျိုးအမြတ် ရရှိမှုကို မျှော်မှန်းကာ ဂျပန်စော့ရှယ်ယာဈေးကွက်သို့ အကြီးအကျယ်ဝင်ရောက် စေခဲ့သည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment