Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးမျက်နှာစာတွင် တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ဟု ဂိုချောက်တောင်ပြော

(5 June 2013 ရက်စွဲပါ Channel News Asia မှ Myanmar made progress on political, economic fronts: ESM Goh ကို ဘာသာပြန်ဆိုသည်)

  1. တရုတ်နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ပွဲရှေ့တန်းမြန်မာနယ်စပ်

(2013 June 5 ရက်စွဲပါ ABC news မှ Myanmar border the front line in China’s drug fight သတင်းဆောင်းပါးအား ဘာသာပြန်ဆိုသည်)

  1. ကချင်ပဋိပက္ခကြောင့် လူကုန်ကူးခံရမှုများ ပိုမိုဖြစ်ပေါ်

(IRIN မှ 6 June 2013 ရက်စွဲပါ Myanmar : Kachin conflict boosts trafficking ကိုဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးမျက်နှာစာတွင် တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ဟု ဂိုချောက်တောင် ပြော

(5 June 2013 ရက်စွဲပါ Channel News Asia မှ Myanmar made progress on political, economic fronts: ESM Goh ကို ဘာသာပြန်ဆိုသည်)

စင်္ကာပူနိုင်ငံ၏ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး ဂိုချောက်တောင်က ၎င်းပြီးခဲ့သည့်နှစ်ဇွန်လက လာရောက်စဉ်ကထက် စာလျှင် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ထင်သာမြင်သာသော တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါသည်။

ပို၍အရေးကြီးသည်မှာ မြန်မာခေါင်းဆောင်များသည် လာမည့်ရွေးကောက်ပွဲ ကျင်းပမည့် ၂၀၁၅ ကိုကျော်လွန်၍ တည်ငြိမ်ရေးသေချာစေရန် လုပ်ဆောင်နေခြင်းပင် ဖြစ်သည်ဟုဆိုပါသည်။

Mr. Goh က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံအပြီး သတင်းထောက်များသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး တွေ့ဆုံခြင်းမှာ တစ်နှစ်အတွင်းတွင် တတိယအကြိမ် ဖြစ်ပါသည်။ နောက်ဆုံးအကြိမ်မှာ ဧပြီလက တရုတ်နိုင်ငံ ဟိုင်နန်တွင်ကျင်းပသော BOAO ဖိုရမ်တွင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အသွင်ပြောင်းနေသည့် ကာလအတွင်း မှာပင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း တွေ့ရသည်ဟု Mr. Goh က ပြောပါသည်။

နိုင်ငံရေးမျက်နှာစာတွင် တိုးတက်မှုများရှိနေသော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ကျနေကြောင်း ၎င်း က ဆိုပါသည်။

“စီးပွားရေးဘက်မှာ တိုးတက်မှုတွေတွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးဘက်နဲ့စာရင် နည်းနည်းနှေးကွေးနေပါ တယ်။ ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေက နိုင်ငံရေးဘက်မှာဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေပါတယ်။ဒီနှစ်ခု ဟာ ဆက်စပ်နေပါတယ်။ သမ္မတကိုတော့ အမြန်ဆုံးတံခါးဖွင့်မှုအတွက် အမှတ်ပေးရမှာပဲ”ဟု Mr. Goh ကပြောပါသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများကို ရှေ့ဆက်လုပ်ဆောင် နေသော်လည်း မကြာခဏဖြစ်ပေါ်နေသော အကြမ်းဖက်မှုများသည် အစိုးရအပေါ် စိန်ခေါ်မှုအဖြစ် ထွက်ပေါ်နေပါသည်။

Mr. Goh က အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်း၏အမြင်ကိုပြောဆိုခဲ့ပြီး အလွန်ပင်စိန်ခေါ်မှုဖြစ်သော ကိစ္စရပ်ဖြစ်သည့် အတွက် အဖွဲ့အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောခဲ့ပါသည်။

“သူတို့မှာ တိုင်းရင်းသားရေးရာ တင်းမာမှုတွေ ရှိတယ်ဆိုတာသိကြပါတယ်။ အတိအကျဆိုရရင် ဗုဒ္ဓဘာသာနဲ့ မူဆလင်ကြား ဘာသာရေးပဋိပက္ခတွေ အပါအဝင်ပေါ့။ သူတို့ အကောင်းဆုံးလုပ်နိုင်မှာက ပဋိပက္ခကို အသေးဆုံးဖြစ်အောင် လုပ်ဖို့ပါပဲ”ဟု ၎င်းကဆိုပါသည်။

Mr. Goh သည် သမ္မတဦးသိန်းစိန်နှင့် တစ်နာရီကြာခန့်တွေ့ဆုံခဲ့ရာ မြန်မာသမ္မတသည် အသွင်ပြောင်းရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နေစဉ် ၎င်း၏တိုင်းပြည် ကြုံတွေ့နေရသော စိန်ခေါ်မှုများကို အပြည့်အဝသဘောပေါက်ကြောင်း ၎င်းက ပြောပါသည်။

ဥပမာတစ်ခုအနေဖြင့် အစိုးရသည်လယ်သမားများအား ငွေကြေးထောက်ပံ့ခြင်းဖြင့် ကူညီရန်ရည်ရွယ်သည်။နောက် တစ်ခုမှာ အစိုးရသည်တိုင်းပြည်တွင် ကြုံတွေ့နေရသော လျှပ်စစ်စွမ်းအားခက်ခဲမှုကို ဖြေရှင်းနိုင်ရန် လျှပ်စစ်စွမ်းအားထုတ် စက်ရုံများ ပိုမိုတည်ဆောက်လိုပါသည်။

ပုဂ္ဂိုလ်နှစ်ဦးတို့သည် စင်္ကာပူနှင့် မြန်မာနှစ်နိုင်ငံကြား ဆက်ဆံရေးအားကောင်းမှုကိုလည်း အလေးအနက်ပြောကြား ခဲ့ပါသည်။

Mr. Goh သည်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်းနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ၎င်းကယခုနိုင်ငံရေး လုပ်ငန်း စဉ်သစ်တွင် လွှတ်တော်ဥက္ကဋ္ဌ၏ အပေါင်းလက္ခဏာ ဆောင်သောကဏ္ဍမှပါဝင်မှုကို မီးမောင်းထိုးပြခဲ့ပါသည်။ ယခုနိုင်ငံရေး ဝန်းကျင်သစ်တွင် လွှတ်တော်၏ အခန်းကဏ္ဍသည် အရေးပါလှပါသည်။

Mr. Goh ကပြောကြားရာတွင် “သူက သူ့မှာ ပါတီစွဲမရှိပါဘူး။ မြန်မာဆိုတဲ့အစွဲပဲ ရှိပါတယ်။ ဒါဟာသူ့ရဲ့လုပ် ဆောင် မှုမှာအရေးကြီးတဲ့ ကဏ္ဍဖြစ်တယ်လို့ဆိုပါတယ်။ နောက်ထပ် သူလုပ်ဆောင်နေတဲ့ကဏ္ဍတစ်ခုက သမ္မတရဲ့အုပ်ချုပ်ရေး အစီ အစဉ်ကို ပံ့ပိုးပေးရေးဖြစ်ပါတယ်။ ရုပ်သေးလွှတ်တော်ဆိုရင် ဒီလိုမလုပ်နိုင်ဘူးလို့ဆိုပါတယ်။ သူတို့က အုပ်ချုပ်ရေးကို စောင့် ကြည့်ဖို့တာဝန်လည်း ထမ်းဆောင်ပါတယ်လို့ ဆိုပါတယ်။ ဒါဟာလွှတ်တော်ရဲ့ နေရာကဏ္ဍဖြစ်တယ်လို့ ဆိုပါတယ်”ဟု ၎င်း ကပြောပါသည်။

“မေးခွန်းကတော့ သူတို့ဟာအမြဲတမ်း အုပ်ချုပ်ရေးကို စောင့်ကြည့်ဖို့ပဲလား။ တိုင်းပြည်ရဲ့ အကျိုးစီးပွားတစ်ခုလုံး ကိုလည်းကြည့်ရပါမယ်။ လွှတ်တော်ဟာလွတ်လပ်တဲ့ လွှတ်တော်ဖြစ်တယ်လို့ ပြရုံပဲလား။ ရာဘာတံဆိပ်တုံး လွှတ်တော် အဖြစ် ရှုမြင်မှုနဲ့ထိရောက်တဲ့ လွှတ်တော်အဖြစ် ရှုမြင်မှုကြားမှာ ချိန်ခွင်လျှာ ညှိနေခြင်းဖြစ်ပါတယ်”ဟု ဆိုပါသည်။

Mr. Goh က ဦးရွှေမန်းအား အားလုံးပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူ တွဲလုပ်ကိုင်နေခြင်းအတွက် ချီးကျူးခဲ့ပါသည်။

ကြာသပတေးနေ့တွင် Mr. Goh သည် အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်ပါသည်။


တရုတ်နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ပွဲရှေ့တန်းမြန်မာနယ်စပ်

(2013 June 5 ရက်စွဲပါ ABC news မှ Myanmar border the front line in China’s drug fight သတင်းဆောင်းပါးအား ဘာသာပြန်ဆိုသည်)

မြန်မာနယ်စပ်ဒေသ တစ်လျှောက်တွင် ဆိုးဝါးစွာပျံ့နှံ့နေသည့် ပြစ်မှုမှုခင်းများ၏ အမှန်တကယ်ဖြစ်ပွားနေခဲ့သည့် သက်သေအဖြစ် မတ်လတွင်မြန်မာနိုင်ငံသား မူးယစ်ဘုရင်နော်ခမ်းကို သေဒဏ်ပေးလိုက်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများ မှထုတ်ပြန်ခဲ့ကြသည်။ တရုတ်မြန်မာနယ်စပ်သည် ကီလိုမီတာ ၂၀၀၀ ကျော်ရှည်လျားပြီး အများစုမှာတောင်တန်းနှင့် ဝေးလံ ခေါင်ဖျား ဒေသများဖြစ်၍ နယ်စပ်လုံခြုံရေးကိစ္စမှာ ခက်ခဲသော အလုပ်တစ်ခုဖြစ်နေသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီမြို့သည် မူးယစ်ဆေးနှင့် လိင်အပျော်အပါးတို့အတွက်နိဗ္ဗာန်ဘုံအဖြစ် ကျော်ကြား သော မြို့တစ်မြို့ဖြစ်သည်။ “ကျွန်တော့် သူငယ်ချင်းတွေကိုကျွန်တော် ဒီကိုအလည်ခေါ်တဲ့အခါတိုင်း သူတို့ကပြည်နယ် မြို့ တော် ကူမင်းအထိပဲ လာရဲကြတယ်လို့ ပြောတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့ထင်တာက ဆေးတွေကိုနေ့ခင်းကြောင်တောင်ပဲ ရောင်းကြတယ်။ ဒါသိပ်မဆိုးသေးဘူး။ ကုန်းတွင်းဘက်မှာ ပိုဆိုးတယ်လို့ ကျွန်တော်သူတို့ကို ပြောရတယ်”ဟု ၎င်းကပြောသည်။

“အဲဒီမှာ လူဆိုးသူခိုးတွေများတယ်။ ရှုပ်ထွေးနေတာပဲ။ တိုက်ခိုက်၊ လုယက်၊ လူသတ်တဲ့လူတွေရှိတယ်။ ကျွန်တော် ကတော့ လယ်သမားအိုပဲ။ အဲဒီလိုပဲ ကျွန်တော်ပြောတယ်”ဟု အခြားတစ်ဦးကဆိုသည်။

ရွှေလီမြို့သည် တရုတ်ပြည်အနောက်ဘက်၏ အရိုင်းအစိုင်းမြို့ဟူသော သူ၏ပုံရိပ်ကို ခဝါချရန်ခက်ခဲနေသည်မှာ ထိုင်း၊ မြန်မာနှင့် လာအိုတို့ ဆက်စပ်နေသော မူးယစ်ဆေးဝါး ထုတ်လုပ်ထွက်ရှိရာ ရွှေတြိဂံဒေသနှင့် နီးစပ်နေမှုကြောင့် လည်း တစိတ်တပိုင်းသက်ဆိုင်သည်။

ယင်းဒေသရှိ မူးယစ်ဆေးဝါးများကို ယခုအခါ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ရေးအတွက် လိုအပ်သော သံမဏိနှင့် ဘိလပ်မြေများအား သယ်ယူပို့ဆောင်ရန် မြန်မာနှင့် တရုတ်ကြားဖောက်လုပ်ထားသော အဝေးပြေး လမ်းမသစ်များမှ သယ်ယူပို့ဆောင်နေသည်။

လွန်ခဲ့သော ၂၅ နှစ်က မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ကျောင်းသားဟောင်းအောင်မြင့်က “ရွှေလီက ရှုပ်တယ်။ ဒီမှာဆိုးဝါးတဲ့ အမှုအခင်းတွေ တခြားနေရာတွေထက်ကို ပိုဖြစ်တယ်။ တချို့ကတရုတ်တွေ လုပ်တာ။ တချို့ကျတော့ မြန်မာ တွေလုပ်တာ။ တခြားနိုင်ငံသားတွေ ကျူးလွန်တာတွေလည်း ရှိတယ်”ဟု ဆိုသည်။

ဘိန်းဖြူသည် တရုတ်နိုင်ငံတွင် ယခုထိအဓိက ထိပ်ဆုံးစာရင်းတွင်ပါဝင်သော မူးယစ်ဆေးဖြစ်သည်။ ဒုတိယ လိုက်သည်မှာ speed နှင့် ice အပါအဝင် စိတ်ကြွမူးယစ်ဆေးများဖြစ်သည်။ ကုလသမဂ္ဂ၏အဆိုအရ ဒေသတွင်းဖမ်းဆီးရမိ မှုများ၏ တစ်ဝက်သည် တရုတ်နိုင်ငံမှ ဖြစ်သည်ဟုသိရပါသည်။ တရုတ်နိုင်ငံတွင်   စိတ်ကြွဆေးသုံးသူများမှာ အများအားဖြင့် အသက် ၃၅ နှစ်အောက်များဖြစ်သည်။

ရွှေလီမြို့အစွန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၏ ရွက်ဖျင်တဲတွင် နေထိုင်သည့် Mr. Yin မှာ အသက် ၄၀ ရှိပြီ ဖြစ်ပြီး ဆေးစွဲနေသည်မှာ နှစ်၂၀ ခန့်ရှိပြီဖြစ်သည်။ “ကျုပ်တစ်ခါတလေ ဆေးသုံးတယ်။ နေ့တိုင်းတော့မဟုတ်ပါဘူး။ ကျုပ် အမှိုက်ပုံးတွေလိုက်စုတယ်။ ကျုပ်ဆေးသုံးဖို့အတွက် ငွေများများ ကျုပ်မှာမရှိဘူးလေ။ တခါတလေ လမ်းပေါ်မှာတွေ့တဲ့ ဆေးကို သုံးတယ်။ ကျုပ်သုံးတာနဲ့တူတယ်လို့ သိရင်ပေါ့။ တခါတလေလည်း ဝယ်သုံးတယ်။ ဒါပေမယ့် မြန်မာဘက်ကို သွားတဲ့အခါ ဆေးတချို့ရဖို့ ကျုပ်အတွက်ခက်ခဲတယ်”ဟု Mr. Yin ကဆိုသည်။

ရွှေလီရှိ မူးယစ်ဆေးဝါးသုံးစွဲမှုတိုက်ဖျက်ရေး ရှေ့တန်းအနီးမှလူများက တရုတ်လူငယ်များသည် သူတို့ကိုယ်သူတို့ ဆေးမစွဲနိုင်ဟု အမှတ်မှားနေကြကြောင်း ပြောကြသည်။

ပရဟိတသမား Zhang Wenjun ကို မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်းနှင့် အလုပ်စခန်းများသို့ ၁၅ နှစ်အတွင်း ၆ ကြိမ်တိတိ ပို့လွှတ်ခဲ့သည်။ သူသည် ၂၀၀၇ ခုနှစ်အထိ ယင်းနေရာများတွင်ကြာခဲ့ပြီး ကုသမှုစနစ်များမှာ အနည်းငယ် ပြောင်းလဲနေကြောင်း ပြောကြားသည်။ “အရင်က ဆေးဖြတ်တဲ့သူတွေကို အလုပ်စခန်းတွေမှာ အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ်။ အဲဒါက နည်းနည်းပြောင်းနေတယ်။ ဒါပေမယ့် တခြားဟာတွေတော့ အခြေခံအားဖြင့်တူပါတယ်။ သူတို့ အခု ထိ အဓိပ္ပာယ်မရှိတာတွေကို ထပ်ခါထပ်ခါလုပ်တုန်းပဲ”ဟု ၎င်းကဆိုသည်။

မလုံလောက်သော ကုသမှုနည်းလမ်းများမှာ ဆေးစွဲလန်းမှုကိုကျော်လွှားရန် အလွန်အမင်းရုန်းကန်နေရပြီး လူမှု ပတ်ဝန်းကျင်၏ အပြင်ဘက်တွင် ရှိနေဆဲဖြစ်ကာ အလုပ်အကိုင် မရှာဖွေနိုင်ကြသေးပေ။

Zhang Wenjun က သူ၏ Guiding Star အလှူအဖွဲ့သည် ဆေးဖြတ်သူများနှင့် တွေ့ဆုံဆွေးနွေး နှစ်သိမ့်မှုများ ပြု လုပ်ရာတွင် ဒေသအာဏာပိုင်များနှင့် ဆက်ဆံရခြင်းအပေါ် စိတ်ပျက်မိကြောင်း ဆက်လက်ပြောကြားသည်။“ပြီးခဲ့တဲ့နှစ်နှစ် အတွင်း နိုင်ငံခြားမှငွေကြေး အကူအညီတွေရရှိဖို့ အရမ်းခက်လာတယ်။ အခြေခံအဖွဲ့အစည်းကြီးတွေ တရုတ်ကနေ ပြန် ရုတ်သိမ်းသွားတာ ကျွန်တော်တို့အစီအစဉ်ကို အများကြီးထိခိုက်စေတယ်။ လူတွေလည်းထွက်ကုန်တယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့မှာ ထောက်ပံ့ရမယ့် မိသားစုတွေရှိတယ်။ သူတို့အလကား အလုပ်မလုပ်ပေးနိုင်ဘူး”ဟု ၎င်းက ပြောကြားသည်။

ထိုဒေသ၏ စီးပွားရေးသရုပ်မှန်များမှာ ရွှေလီကဲ့သို့ တရုတ်နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးတိုက်ပွဲများ အဖြစ် သို့ ပြောင်းလဲလာလိမ့်မည်ဟု ဆိုလိုသည်ဟု အောင်မြင့်ကဆိုသည်။ “မြန်မာနိုင်ငံဟာ သိပ်ဆင်းရဲတယ်။ အထူးသဖြင့် မူးယစ် ဆေးဝါးထုတ်တဲ့ နယ်စပ်တွေပေါ့”ဟု သူက ဆိုသည်။

“ပြဿနာတွေကတော့ ဆက်ရှိနေမှာပဲ။ ဆေးတွေကလည်း တရုတ်ပြည်ထဲကို ဆက်ဝင်နေဦးမှာပဲ”


      ကချင်ပဋိပက္ခကြောင့် လူကုန်ကူးခံရမှုများ ပိုမိုဖြစ်ပေါ်

(IRIN မှ 6 June 2013 ရက်စွဲပါ Myanmar : Kachin conflict boosts trafficking ကိုဘာသာပြန်ဆိုသည်)

ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများသည် ယခုအခါလူမှောင်ခိုကူးခံရမည့် အလားအလာများ ပိုမိုတိုးမြင့်လာ ကြောင်း ထိုင်းအခြေစိုက်၊ ကချင်အမျိုးသမီးအဖွဲ့(KWAT) က ဇွန်လ ၅ ရက်နေ့တွင်ထုတ်ပြန်သော အစီရင်ခံစာက ဆိုသည်။

"အမျိုးသမီးငယ် ထောင်ပေါင်းများစွာဟာ လူကုန်ကူးခံရမယ့် အန္တရာယ်နဲ့ရင်ဆိုင် ကြုံတွေ့နေရပါတယ်"ဟု KWAT မှ ပြောရေးဆိုခွင့်ရှိသူ Julia Marip က IRIN သို့ ပြောကြားသည်။

လွန်ခဲ့သည့် ၂ နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော ကေအိုင်အေနှင့် မြန်မာစစ်တပ်အကြား စစ်မက်ပဋိပက္ခတို့က လူကုန်ကူးသူများအနေဖြင့် ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူများအပေါ် ပစ်မှတ်ထား အမြတ်ထုတ်ရန် ကြီးမားသော အခွင့် အရေးတစ်ရပ်ကို ဖန်တီးပေးခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

လတ်တလော ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည့်တိုင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများက ဒုက္ခသည် စခန်းများသို့ ပုံမှန်ပေးပို့နေသည့် အထောက်အပံ့များ မရရှိအောင် ပိတ်ဆို့လျက်ရှိရာ ဆင်းရဲနွမ်းပါးမှုနှင့် လူကုန်ကူးမှုများ ပိုမို ဖြစ်ပေါ်စေရန် ဖန်တီးလိုက်သလိုဖြစ်နေသည်။ သတင်းပေးပို့ချက်တစ်ရပ်အရ အသက်မပြည့်သေးသော မိန်းကလေးငယ်များ ကို တရုတ်အမျိုးသားများအတွက် ရောင်းချရာတွင် ဒေါ်လာ ၆၅၀၀ အထိရရှိကြောင်း သိရသည်။ KWAT ၏အစီရင်ခံစာတွင် ပြည်တွင်းရွှေ့ပြောင်းသူများ အဓမ္မထိမ်းမြားလက်ထပ်ခိုင်းခံရမှု၊ ဖိအားပေးအလုပ်ကြမ်းစေခိုင်းခံရမှု သို့မဟုတ် လိင်ရောင်း ဝယ်မှုပြုခံရမှု ၂၄ မှုကို မီးမောင်းထိုးဖော်ပြထားသည်။

ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး မဟာမင်းကြီးရုံး(UNOCHA) အဆိုအရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ပြည်တွင်းရွှေ့ပြောင်းခံရသူပေါင်း ၈၅၀၀၀ ကျော်ရှိသည်။ အဆိုပါပမာဏမှာ ကေအိုင်အေ ထိန်းချုပ်ထားသည့် နယ်မြေများမှ ရွှေ့ပြောင်းခံရသူ ၅၀၀၀၀ ကျော် အပါအဝင်ဖြစ်သည်။


        

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment