Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မြန်မာသည် နောက်ထပ် သြစတြီးယားလော

(CNBC မှ 1 June 2013 ရက်စွဲပါ Myanmar: The Next Austria? ကိုဘာသာပြန်ဆိုသည်)

  1. လုံခြုံရေးတပ်များနှင့် ပဋိပက္ခဖြစ်ပွားမှုတွင် ရိုဟင်ဂျာ အမျိုးသမီး ၃ ဦး သေဆုံး

(ABNA News မှ 5 June 2013 ရက်စွဲပါ Police shoot dead three Rohingya women in Western Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဘန်ကောက်မှ နေပြည်တော်သို့ ပထမဆုံး ပြေးဆွဲမည့် Thai Air Asia

(Travel Daily News မှ 6 June 2013 ရက်စွဲပါ Thaia Air Asia First Carrier to Serve Myanmar Capital Nay Pyi Daw from Bangkok ကို ဘာသာပြန်ဆိုသည်)


မြန်မာသည် နောက်ထပ် သြစတြီးယားလော

(CNBC မှ 1 June 2013 ရက်စွဲပါ Myanmar: The Next Austria? ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နောက်ထပ်သြစတြီးယားနိုင်ငံမျိုး ဖြစ်လာနိုင်သည်ဟု သမ္မတဦးသိန်းစိန်အစိုးရ၏ အမျိုးသား စီးပွား ရေး နှင့် လူမှုရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်ထွန်းသက်က ပြောကြားသည်။

"သြစတြီးယားနိုင်ငံဟာ ဥရောပရဲ့အလယ်ခေါင် တည့်တည့်မှာရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို ချိတ်ဆက်ပေးတဲ့ စင်္ကြံတစ်ခုလိုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကလည်း အဲဒီလိုပါပဲ။ ကျွန်တော်တို့ဟာ နောက်ထပ် သြစတြီးယားနိုင်ငံ ဖြစ်နိုင်ပါတယ်။ တရုတ်နဲ့အိန္ဒိယတို့ကို ချိတ်ဆက်ပေးတဲ့ နိုင်ငံမျိုးပေါ့"ဟု ၎င်းကပြောကြား သည်။

ဦးအောင်ထွန်းသက်အဆိုအရ စီးပွားရေးအင်အားကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယတို့ကြားတွင် ရှိနေသည့် မြန်မာနိုင်ငံ၏ မဟာဗျူဟာ တည်နေရာသည် သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ထောက်ပံ့ ပေးပို့မှုဆိုင်ရာ အခန်းကဏ္ဍတို့ အတွက်ကြီးမားသော အခွင့်အရေးကြီးတစ်ရပ်ကို ဖန်တီးပေးလျက် ရှိသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင်စတင်ကာ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုလုပ်ဆောင်ခဲ့ပြီး ယခု အခါတွင်မူ အာရှဒေသ၏ နောက်ဆုံးစီးပွားရေးနယ်ပယ်သစ်တစ်ခုဖြစ်လာသည်။ မြန်မာသည် သဘာဝသယံဇာတ ပေါကြွယ် ဝသလို လူငယ်လူရွယ်များလည်း အများအပြားရှိရာ လတ်တလောအနေအထားတွင် ရင်းနှီးမြှုပ်နှံသူ အတော်များများ၏ စိတ် ဝင်စားမှုကိုခံနေရသည်။

မြန်မာနိုင်ငံအခြေစိုက် World Bank ၏ Country Manager ဖြစ်သူ Kanthan Shankar က "သူတို့တတွေ အဆက် ပြတ်နေခဲ့တာ အတော့်ကိုကြာခဲ့ပြီ။ အဲဒီတော့အစိုးရဘက်က အမီလိုက်နိုင်အောင် အရေးတကြီးလုပ်လာတယ်။ အမီလိုက်ချင် နေကြတယ်။ အောင်မြင်မှုဆိုတာကတော့ အဲဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လက်တွေ့ကျကျ ဘယ်လိုအကောင် အထည်ဖော်မလဲဆိုတဲ့ အချက်အပေါ်မှာပဲ မူတည်ပါတယ်"ဟု သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ် စစ်အုပ်ချုပ်ရေးစနစ်ထံမှ အာဏာလွှဲပြောင်းရယူလိုက်သည့်အချိန်မှစ၍ စိန်ခေါ်မှု ပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှု ထိန်းသိမ်းရေးမှသည် အခြေခံအဆောက်အဦး တည်ဆောက်ရေးအထိ အခန်းကဏ္ဍအသီးသီးတို့တွင် စိန်ခေါ်မှုများစွာရှိနေသည်။ ပေါ်ထွန်းခါစဈေးကွက်သစ်က ရင်းနှီးမြှုပ် နှံသူများကို ဆွဲဆောင်လျက်ရှိသလို စိန်ခေါ်မှုများလည်း ဖန်တီးလျက်ရှိသည်။

နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်ပင် ပြီးခဲ့သည့်ဧပြီလ ဂျပန်နိုင်ငံသို့ အလည်အပတ် သွား ရောက်ခဲ့စဉ် မြန်မာနိုင်ငံ ကြုံတွေ့နေရသည့် ပြဿနာများကို မီးမောင်းထိုးပြောဆိုခဲ့သည်။

တိုကျိုတက္ကသိုလ်၌ မိန့်ခွန်းပြောဆိုရာတွင် မြန်မာနိုင်ငံ၏ အလားအလာများသည် ပြည့်ဝမှုမရှိသော အခြေခံအ ဆောက်အဦးများကြောင့် ထိခိုက်နစ်နာခဲ့ရကြောင်း ၎င်းကပြောကြားသည်။

Shankar ကမူ "ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဟာ အရေးတကြီးလိုအပ်တဲ့အရာ ဖြစ်လာပါလိမ့်မယ်။ ဒီနိုင်ငံဟာ မိုဘိုင်းဖုန်း နည်းပညာအရပဲပြောပြော၊ ဘဏ္ဍာရေးစနစ်ထိတွေ့ ခွင့်ဆိုတာနဲ့ပဲပြောပြော၊ ချိတ်ဆက်မှုနှုန်းအနိမ့်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေ ပါတယ်"ဟု ဆက်လက်ပြောဆိုသည်။

ထိုသို့သော စိန်ခေါ်မှုများကိုရင်ဆိုင်ပစ်ရန် ဆန္ဒရှိနေသော ရင်းနှီးမြှုပ်နှံသူတစ်ဦးမှာ Alisher Ali ဆိုသူဖြစ်ပြီး ၎င်းသည် Ulaanbaatar အခြေစိုက် Silk Road Fianance ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ Ali သည် စီးပွားရေးနယ်ပယ်သစ်၊ ဈေးကွက်သစ် အစရှိသည်တို့၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရသည်တို့နှင့် ပတ်သက်၍ စိမ်းသူတစ်ဦးမဟုတ်ပေ။

မွန်ဂိုလီးယားနှင့် မိုဇမ်ဘစ်တို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားသည်။

၂၀၁၂ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်ခဲ့ပြီးနောက် Ali က သူ၏မိသားစုကို ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

"ဒီကိစ္စဟာ ခရီးရှည်ကြီးတစ်ခု ဖြစ်မယ်ဆိုတာကို ကျွန်တော်သိထားတယ်။ အဲဒီခရီးရှည်ကြီးက ချောချောမွေ့မွေ့ ဖြစ်မှာတော့မဟုတ်ဘူး။ ဒါပေမဲ့မနှစ်တုန်းက ရှင်းရှင်းလင်းလင်းဖြစ်သွားတာရှိတယ်၊ အခုအချိန်မှာပိုပြီး သိသိသာသာရှင်း လင်းသွားတာရှိတယ်၊ အဲဒါကဘာလဲဆိုရင် ဒီခရီးရှည်ကြီးက နောက်ဆုံးမှာ ဥစ္စာဓနပေါကြွယ်ဝမှုဆိုတဲ့ဆီကို ပို့ပေးမယ့် လမ်း တစ်လမ်း ဆိုတာပါပဲ"ဟု ၎င်းကပြောကြားသည်။

Ali သည် Mandalay Capital ဟူသောမြန်မာနိုင်ငံ၏ ပထမဆုံးဘဏ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေး လုပ်ငန်းကို ပြီးခဲ့သည့်သြဂုတ်လတွင် စတင်ထူထောင်လိုက်သည်။ တိုင်းပြည်အတွက်များစွာ လိုအပ်လျက်ရှိသော အရင်း အနှီးများ ဝင်ရောက်လာရန် မျှော်လင့်ချက်ဖြင့်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ဆိုသည်။ Mandalay Capital သည် မြန်မာနိုင်ငံကို ဦးတည်သော စီးပွားရေးလုပ်ငန်း အရင်းအနှီးများနှင့် ပုဂ္ဂလိကအစုရှယ်ယာ ရန်ပုံငွေအတွက် အရင်းအနှီးရှာဖွေပေးသည့် အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။

"မြန်မာပြည်မှာ စောစောစီးစီးရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ်ဆိုရင်လုပ်ရမှာက အစိုးရထိန်းချုပ်မှုနည်းပါးတဲ့ နယ်ပယ် ရယ်၊ ခရိုနီတွေနည်းတဲ့ နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှာဖို့ပါပဲ"ဟု ၎င်းကပြောကြားသည်။


 

လုံခြုံရေးတပ်များနှင့် ပဋိပက္ခဖြစ်ပွားမှုတွင် ရိုဟင်ဂျာ အမျိုးသမီး ၃ ဦး သေဆုံး

(ABNA News မှ 5 June 2013 ရက်စွဲပါ Police shoot dead three Rohingya women in Western Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

ရခိုင်ပြည်နယ်၊ ပုရိန်ကုန်းကျေးရွာတွင်နေထိုင်သူ ရိုဟင်ဂျာများကို ရဲတပ်ဖွဲ့ကနေရာရွှေ့ပြောင်းရန် ကြိုးစားရာမှ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားကာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု လုံခြုံရေးအာဏာပိုင်များက ပြော ကြားလိုက်ပါသည်။

နေရာရွှေ့ပြောင်းရန် ငြင်းဆန်ရာမှဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်တွင် ရိုဟင်ဂျာအမျိုးသမီး ၃ ဦးသေဆုံးခဲ့ ရပြီးတစ်ဦးမှာ ကိုယ်ဝန်ဆောင်ပုဂ္ဂိုလ်ဖြစ်သည်ဟု ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားသူများနှင့် မျက်မြင်သက်သေအချို့က ပြော ကြားသည်။

အထက်ပါ ရိုဟင်ဂျာတို့သည် မနှစ်ကလူမျိုးရေး အဓိကရုဏ်းဖြစ်ရပ်အတွင်း သူတို့၏ မူလနေအိမ်များ ဖျက်ဆီးခံခဲ့ ရပြီးနောက် ထိုနေရာတွင် ဆက်လက်နေထိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုပါသည်။

အင်္ဂါနေ့ကဖြစ်စဉ်တွင် အမျိုးသမီး ၄ ဦးသေဆုံးပြီး နောက်ထပ်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်တွင်းမီဒီယာ အချို့က သတင်းဖော်ပြထားသည်။

ပရိန်ကုန်းကျေးရွာ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွင် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကြောင်း၊ နေရာရွှေ့ပြောင်းရန် ငြင်းဆန် သူများ၏ အကြမ်းဖက်တုန့်ပြန်မှုကို မထိန်းနိုင်တော့သဖြင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးမှ ပြောကြားပါသည်။

နေပြည်တော်တွင် ကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် နိုင်ငံတကာ ခေါင်းဆောင်များ၊ စီးပွားရေးပညာရှင်များ ကုမ္ပဏီအကြီးအကဲများ မြောက်များစွာ မြန်မာသို့ ရောက်ရှိနေကြချိန်တွင် အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ဘန်ကောက်မှ နေပြည်တော်သို့ ပထမဆုံး ပြေးဆွဲမည့် Thai Air Asia

(Travel Daily News မှ 6 June 2013 ရက်စွဲပါ Thaia Air Asia First Carrier to Serve Myanmar Capital Nay Pyi Daw from Bangkok ကို ဘာသာပြန်ဆိုသည်)

၂၀၁၃ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် ပူးတွဲစီစဉ်သူ Air Asia လေကြောင်းလိုင်းစီအီးအို တိုနီဖာနန် ဒက်စ်က Air Asia လေကြောင်းလိုင်းသည် ဘန်ကောက်-နေပြည်တော်အကြား နေ့စဉ်ပျံသန်းမှုကို ၂၀၁၃ အောက်တိုဘာ တွင်စတင်ရန် စီစဉ်နေကြောင်း ပြောကြားလိုက်သည်။

“၂၀၁၃ အောက်တိုဘာမှာ ဘန်ကောက်-နေပြည်တော်နေ့စဉ် ပျံသန်းမယ့် တစ်ခုတည်းသော ပထမဆုံးလေကြောင်း လိုင်းဖြစ်လာမှာကို ကျွန်တော်တို့တကယ် စိတ်လှုပ်ရှားနေပါတယ်။ အာဆီယံလေကြောင်းလိုင်း စစ်စစ်ဖြစ်တဲ့ ကျွန်တော်တို့ အနေနဲ့ အာဆီယံဒေသအတွင်း ခရီးသွားမှုကို အဆင်ပြေလွယ်ကူအောင် ပြုလုပ်ပေးဖို့ တာဝန်ရှိပါတယ်။ အထူးသဖြင့်တော့ နေပြည်တော်ခရီးစဉ်ဟာ ဒေသတွင်းပိုမိုအရေးပါလာမယ့် ခရီးစဉ်ဖြစ်ပေမယ့်အချက်ပါပဲ။ ၂၀၁၃ ဒီဇင်ဘာမှာ ဆီးဂိမ်း ကျင်းပ မှု၊ ၂၀၁၄ မှာအာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမှု၊ ၂၀၁၅ မှာအာဆီယံစီးပွားရေး အသိုင်းအဝိုင်း အကျုံးဝင်သက် ရောက်မှုတွေကြောင့် နေပြည်တော်ဟာ ကျန်တစ်ကမ္ဘာလုံးနဲ့ ထိထိရောက်ရောက် ဆက်သွယ်ရတော့မှာဖြစ်ပြီး ဘန်ကောက် ဟာ ဒီလိုစတင်ဖို့အတွက် နေရာမှန်ဖြစ်ပါတယ်”ဟု Air Asia စီအီးအို တိုနီဖာနန်ဒက်စ် ကပြောကြားသည်။

ဖာနန်ဒက်စ်ကဆက်လက်၍ “အာဆီယံစီးပွားရေးအသိုင်းအဝိုင်း အောင်မြင်ရေးဟာ အာဆီယံ မိုးကောင်းကင်တွေ ပွင့်သွားအောင်အမှန်တကယ်ကူညီပံ့ပိုးတဲ့ ဒေသတွင်းအဆက်အသွယ်နဲ့ မူဝါဒတွေအပေါ်မှာ ကြီးကြီးမားမားမူတည်နေတယ် လို့ ကျွန်တော်အမြဲတစေ ပြင်းပြင်းထန်ထန် ယုံကြည်ခဲ့တယ်။ မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်း သာမကပဲ တရုတ်နဲ့ အိန္ဒိယကိုပါချိတ်ဆက်ထားတဲ့ ဂိတ်ပေါက်တစ်ခုဖြစ်နေပါတယ်။ ဒီတော့ မြန်မာတွေရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး အောင်မြင်မှုဟာ မြန်မာနိုင်ငံကို ဒေသတွင်းရင်းနှီးမြှုပ်နှံစရာ နေရာကောင်းတစ်ခု ဖြစ်လာစေတဲ့ အချက်ကသဘာဝကျပါ တယ်။ ၂၀၁၁-၂၀၁၂ မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ငါးဆတိုးလာခဲ့တဲ့အတွက် ဒီလိုပေါ်ပြူလာဖြစ်နေတဲ့ နေရာကို တစ်ကမ္ဘာလုံး ရောက်လာအောင်လုပ်ပေးဖို့ ဒီထက်ကောင်းတဲ့အချိန် မရှိတော့ပါဘူး”ဟု ပြောကြားသည်။

“Thai Air Asia ၏ စီအီးအို တာဆာပွန်ဘီဂျလီဗဲ့ကလည်း အာဆီယံကို ပိုမိုနီးကပ်လာအောင် ဆောင်ကြဉ်းပေးရေး ဟာကျွန်တော်တို့ရဲ့ အမြဲတမ်းမျှော်မှန်းချက်တစ်ခုပါ။ လွယ်ကူအဆင်ပြေတဲ့ခရီးစဉ်ဖြစ်အောင် ကျွန်တော်တို့ရဲ့အကောင်းဆုံး ပျံသန်းမှုတွေနဲ့ ပြုလုပ်ပေးရတာကို ကျွန်တော်တို့ ကျေနပ်ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့ လေကြောင်းလိုင်းရဲ့ ခရီးစဉ် တစ်ဝက်လောက်က အာဆီယံဒေသတွင်း ခရီးစဉ်တွေဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

“ရန်ကုန် မန္တလေးအပြင် အောက်တိုဘာမှာ နေပြည်တော်- ဘန်ကောက် ခရီးစဉ် ပျံသန်းရတော့မှာကို ကျွန်တော်တို့ အရမ်းကျေနပ်နေပါတယ်။ ဒီဇင်ဘာမှာကျင်းပမယ့် ဆီးဂိမ်းကြောင့်ဧည့်သည်တွေ သိသိသာသာများလာမယ်လို့ မျှော်လင့်ရတဲ့ အတွက် ဒါဟာအချိန်ကိုက်ပဲလို့ ဆိုနိုင်ပါတယ်။ နေပြည်တော်နဲ့အာဆီယံကို ချိတ်ဆက်ပေးရာမှာ ကျွန်တော်တို့ လေကြောင်း လိုင်းက ဦးဆောင်ပါဝင်ခွင့်ရလို့ ကျွန်တော်တို့ဝမ်းသာပါတယ်။ တကယ်ကိုစိတ်လှုပ်ရှားစရာပါ”ဟု တာဆာပွန်က ဆက်လက် ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment