INTERNATIONAL MEDIA (1) |
ဘာသာပြန်သတင်းများ
(Jakarta Globe မှ 8 June 2013 ရက်စွဲပါ MasterCard Further Cements Myanmar Presence ကို ဘာသာပြန်ဆိုသည်)
(7 June 2013 ရက်စွဲပါ Wall Street Journal မှ Natagha Brereton ရေးသားသော IMF Official: Kyat’s fall normal ကိုဘာသာပြန်ဆိုသည်)
(China.org မှ 8 Jun 2013 ရက်စွဲပါ “140,000 peoples still displaced in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)
မြန်မာတွင် MasterCard ဝန်ဆောင်မှုလုပ်ငန်းများ ထပ်မံတိုးချဲ့
(Jakarta Globe မှ 8 June 2013 ရက်စွဲပါ MasterCard Further Cements Myanmar Presence ကိုဘာသာပြန်ဆိုသည်)
ကမ္ဘာကျော် MasterCard မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီးနောက် တစ်နှစ်မပြည့်မီ အချိန်ကာလမှာပင် ပြည်တွင်းမှ အင်အားကြီးဘဏ်လုပ်ငန်းတစ်ခုဖြစ်သော ကမ္ဘောဇဘဏ်(Kanbazwa Bank-KBZ) က ယင်းဘဏ်၏ ATM စက်များတွင် MasterCard များကို စတင်လက်ခံအသုံးပြုလာသည်။
လတ်တလောအနေအထားတွင် KBZ သည် ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း၌ ATM စက်အလုံးပေါင်း ၅၅ လုံး တပ်ဆင်လည်ပတ်အသုံးပြုခွင့်ပြုထားပြီးဖြစ်သည်။ ထိုသို့ MasterCard ကွန်ယက်နှင့် လုပ်ငန်း ပူးပေါင်းလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် MasterCard လက်ခံအသုံးပြုနိုင်သော ATM စက်အလုံးပေါင်း ၁၄၀ အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ယင်းကုမ္ပဏီက သောကြာနေ့တွင် ကြေညာချက်ထုတ်ပြန်သည်။
"မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိလာသည့် အချိန်မှစ၍ ကျွန်ုပ်တို့ထားရှိသော ဦးတည်ချက်မှာ တိုင်းပြည်၏ ငွေပေးချေမှုဆိုင်ရာ အခြေခံအဆောက်အဦ တည်ဆောက်ပေးရေး၊ ငွေပေးချေမှု အရည်အသွေးနှင့် စွမ်းဆောင်မှုများ မြှင့်တင်ပေးရေးနှင့် ဘဏ္ဍာရေးစနစ်ဖွဲ့စည်းတည်ဆောက်မှု လွယ်ကူချောမွေ့စေရေး အစရှိသည်တို့ ဖြစ်သည်။ ဆိုလိုသည့်အဓိပ္ပာယ်မှာ လုံခြုံမှုရှိပြီး လွယ်ကူချောမွေ့သော ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်သည့် နယ်ပယ်များ တိုးပွားလာရန်ဖြစ်သလို ကြီးထွားလာသည့် စီးပွားရေး၏ အစိတ်အပိုင်းများဖြစ်သည့် စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့မှု ပြုရန်လည်းဖြစ်ပေသည်" ဟု ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ MasterCard ၏ Country Manager ဖြစ်သူ Antonio Corro က ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။
ထိုသို့ ATM ကွန်ယက်သစ်များ ထပ်တိုးလာမှုသည် ကြာသပတေးနေ့က မြန်မာနိုင်ငံတွင် စတင်ကျင်းပသော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု Antonio Corro က ဆက်လက်ပြောဆိုသည်။
MasterCard ကုမ္ပဏီသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြည်တွင်ဘဏ်လုပ်ငန်းတစ်ခုဖြစ်သော သမဝါယမဘဏ် (CB Bank) နှင့် သဘောတူညီမှုတစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယင်းသဘောတူညီမှုမှာ ရန်ကုန်မြို့ရှိ CB Bank ၏ ATM စက်များတွင် MasterCard များလက်ခံအသုံးပြုရေးပင်ဖြစ်သည်။
ထို့ပြင် MasterCard သည် United Amara Bank၊ Myanmar Apex Bank၊ Myanmar Citizens Bank အစရှိသည့် ဘဏ်များနှင့်လည်း သဘောတူညီမှုများရရှိထားပြီးဖြစ်သည်။
မြန်မာနိုင်ငံသားအတော်များများမှာ ဘဏ်လုပ်ငန်းနှင့် အကျွမ်းတဝင် မရှိသေးပေ။ သို့သော် အီလက်ထရွန်နစ် ငွေပေးချေမှု နည်းပညာက တိုင်းပြည်ကို ကမ္ဘာလုံးဆိုင် ရာစီးပွားရေးနှင့် ထပ်မံချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများအား လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုလွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်စေမည်ဖြစ်သလို ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့မှုအပါအဝင် ပိုမိုကောင်းမွန်သော စီးပွားရေးအခွင့်အလမ်းများရရှိရေးအတွက် လမ်းဖွင့်ပေးနိုင်မည် ဖြစ်သည်။
လတ်တလောအနေအထားတွင် ဘဏ္ဍာရေးဝန်ဆောင်မှုများကို မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းနီးပါးမျှကသာ ထိတွေ့အသုံးပြုလျက်ရှိသည်။
"ဘဏ္ဍာရေးပါဝင်ပတ်သက်မှုက မြန်မာပြည်သူတွေကို ဝန်ဆောင်မှုလုပ်ငန်းတွေ၊ရင်းမြစ်တွေနဲ့ ထိတွေ့မှုရရှိစေပြီး သူတို့ရဲ့ စီးပွားရေးဖွံ့ဖြိုးရေးမှာ ပူးပေါင်းပါဝင်နိုင်အောင် ထောက်ပံ့ကူညီပေးသွားမှာဖြစ်ပါတယ်။ အဲဒီ ဝန်ဆောင်မှုတွေဟာ တခါတရံမှာ သိပ်ပြီးအရေးမကြီးဘူးလို့ ထင်ရပေမယ့်လည်း တကယ်တမ်းကျတော့ တိုင်းပြည်စီးပွားရေး ဦးတည်ချက်တွေ ပြည့်မီအောင် အကူအညီပေးတဲ့နေရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်နေပါတယ်" ဟု Corro က ပြောကြားသည်။
MasterCard ၏ အဆိုအရ မြန်မာနိုင်ငံရှိ စားသောက်ဆိုင်၊ လက်လီအရောင်းဆိုင်နှင့် ဟိုတယ် ၅၀၀ ခန့်တွင် ယခုနှစ်ကုန်ပိုင်းမှစ၍ MasterCard များကို စတင်လက်ခံအသုံးပြုလာတော့မည်ဖြစ်ကြောင်း၊ အကြောင်းမှာ ၎င်း၏ စီးပွားရေးမဟာမိတ် CB ဘဏ်နှင့် ချိတ်ဆက်ကာ အရောင်းဌာနများဖွင့်လှစ်လိုက်သောကြောင့်ဖြစ်ကြောင်း သိရသည်။
ကျပ်တန်ဖိုးကျခြင်းမှာ ပုံမှန်သာဖြစ်ဟု IMF တာဝန်ရှိသူပြော
(7 June 2013 ရက်စွဲပါ Wall Street Journal မှ Natagha Brereton ရေးသားသော IMF Official: Kyat’s fall normal ကိုဘာသာပြန်ဆိုသည်)
ယခုတစ်လော မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းသည် စိုးရိမ်စရာအကြောင်းတစ်ခု မဟုတ်ပေ။ အဘယ့်ကြောင့် ဆိုသော် ယခင်က ရှိသင့်သည့်တန်ဖိုးထက်ပို၍ တက်နေခြင်းကြောင့် ဖြစ်ပါသည်။ သို့သော် ငွေကြေးနှင့် ပတ်သက်၍ မိမိကိုယ်မိမိ ယုံကြည်မှုရှိရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် သင့်လျော်သော မူဝါဒကိရိယာများလိုအပ်သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
IMF ဒုတိယမန်နေဂျင်း ဒါရိုက်တာ Nao Yuki Shinohara က အင်တာဗျူးတွင် ပြောကြားခဲ့ရာတွင် ယခုအခါ ကျပ်ငွေ၏ တန်ဖိုးကို ဈေးကွက်က ဆုံးဖြတ်နေခြင်းမှာ အပေါင်းလက္ခဏာဆောင်ကြောင်း သွင်းကုန်တိုးတက် လာခြင်းသည် ကျပ်ငွေတန်ဖိုးလျော့မှုနောက်ကွယ်မှ အရေးပါသောမောင်းနှင်အားဖြစ်ကြောင်း၊ ကျပ်ငွေတန်ဖိုးမှာ ကုန်သွယ်မှုပမာဏ နိမ့်ကျနေမှုကြောင့် ရှိသင့်သည်ထက်ချဲ့ကားမှု ရှိနေကြောင်း ဆိုပါသည်။
“ကျွန်တော့်အနေနဲ့ကတော့ ငွေလဲလှယ်နှုန်းမှာ ရေတိုလှုပ်ခတ်မှုတွေကို စိုးရိမ်စရာလို့မထင်ပါဘူး။ အရေးကြီး တာက ကျပ်ငွေတန်ဖိုးကို အတုအယောင်ဆုံးဖြတ်မှုတွေ မလုပ်ဖို့ပါပဲ။” ဟု Mr.Shinohara က အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ် တက်ရောက်ရင်းကြာသာပတေးနေ့ ကပြောကြားခဲ့ပါသည်။
“ကျပ်ငွေဟာ ရှိသင့်တဲ့ တန်ဖိုးထက်ပိုမိုနေရာကနေ သင့်လျော်တဲ့ တန်ဖိုးကို ကျလာပုံရပါတယ်” ဟု ၎င်းက ပြောပါသည်။ သို့သော်ဆက်လက်ကျဆင်းရန်အတွက် မမျှော်လင့်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။
ပြီးခဲ့သည့်နှစ် ဧပြီက မြန်မာနိုင်ငံဗဟိုဘဏ်သည် ၎င်း၏ငွေကြေးကို စီမံခန့်ခွဲမည့် အရှင်မျောစနစ်ကို ကျင့်သုံးပြီး တရားဝင်ငွေကြေးလဲလှယ်မှုနှုန်းနှင့် တရားမဝင်ငွေကြေးလဲလှယ်မှုနှုန်းကို ပေါင်းစည်းပေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ် အစပိုင်းကတည်းက မြန်မာကျပ်သည် ဒေါ်လာနှင့် လဲလှယ်နှုန်းတွင် ၁၀% ဝန်းကျင်တန်ဖိုးလျော့လာခဲ့ရာ ယခုအခါ တစ်ဒေါ်လာလျှင် ၉၄၁ ကျပ်ခန့်တွင် ရပ်တည်နေပါသည်။
Mr.Shinohara ကပြောကြားရာတွင် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ထိန်းချုပ်နိုင်လာသည့် သဘောရှိရာ ဈေးနှုန်းများတိုးရန်ဖိအားပေးမှုတိုးလာမှုမှာ သဘာဝဖြစ်ကြောင်း၊ လုပ်ခများ၊ အိမ်ဈေးနှုန်းများ တက်နေပြီ ဖြစ်ရာ ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံတကာပလေယာများလည်း တိုးလာနေသည်ဟု ဆိုပါသည်။
“ပြည်တွင်းငွေကြေးအတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရေးမှာ အဆိုးဆုံးရန်သူကတော့ ငွေကြေးဖောင်းပွမှုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းဖို့ဆိုရင် သင့်လျော်တဲ့ ငွေကြေး မူဝါဒ ကိရိယာများကို မိတ်ဆက်ပေးဖို့လိုမယ်လို့ ထင်ပါတယ်” ဟု ၎င်းကပြောပါသည်။
Mr.Shinohara က ပြောကြားရာတွင် IMF သည် မြန်မာအာဏာပိုင်များနှင့် သင့်လျော်သော ငွေကြေးမူဝါဒ ကိရိယာများ ဖွံ့ဖြိုးလာရေးအတွက် အတူပူးပေါင်းလုပ်ကိုင်နေသည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံတွင် ဘဏ်အချင်းချင်း ကြားတွင် ဈေးကွက်မရှိခြင်းကြောင့် အခြားနိုင်ငံများကဲ့သို့ ငွေအမြန်ဖော်နိုင်သော ပစ္စည်းများ၏ အခြေအနေကိုချိန်ညှိရန် အတိုးနှုန်းကို အသုံးပြု၍ မရနိုင်သေးပါ။
IMF နှင့် ပြည်တွင်းမှ အစိုးရတာဝန်ရှိသူများသည် ဘဏ်ကဏ္ဍတွင် ငွေအမြန်ဖော်နိုင်သော ပစ္စည်း ပိုမိုတိုးလာ စေရန် ငွေတိုက်စာချုပ်ဈေးကွက်ကို ဖန်တီးပေးနိုင်ရန် လုပ်ကိုင်လျက်ရှိပါသည်။ သို့သော် အစပိုင်းအဆင့်တွင် သာရှိပါသေးသည်။ စက်တင်ဘာလတွင် ငွေတိုက်စာချုပ်များစတင်ထုတ်ဝေနိုင်ရန် ဥပဒေများပြင်ဆင်လျက် ရှိသည်ဟု ၎င်းကပြောပါသည်။
ထိုသို့သော မူဝါဒများသေချာစေရေးအတွက်အရေးပါသော ခြေလှမ်းများသည် ဗဟိုဘဏ်ကို အစိုးရလက်အောက်မှ လွတ်လပ်သော အဖွဲ့အစည်းဖြစ်ရေးအတွက် ထိရောက်စွာ အထောက်အကူပြုပါသည်။ ရှေ့လာမည့်အပတ်များတွင် ဗဟိုဘဏ် ဥပဒေသစ်ကို လွှတ်တော်မှ အတည်ပြုရန်ရှိပါသည်။
လွှတ်တော်တွင် ဥပဒေတွင် စကားလုံးအသုံးအနှုန်းများကို ပြင်ဆင်လျက်ရှိရာ “ဗဟိုဘဏ်ဥပဒေမှာ ဘတ်ဂျက်ဆိုင်ရာနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ သေချာစေမှာဖြစ်လို့ ကျွန်တော်တို့ များစွာ ကျေနပ်ပါတယ်” ဟု Mr.Shinohara ကပြောပါသည်။ အကောင်အထည်ဖော်ရေးကိစ္စသည် နောက်ထပ်ကြီးမားသော ကိစ္စရပ်ဖြစ်၍ ၊ IMF သည် ဗဟိုဘဏ်နှင့်အတူ လုပ်ကိုင်ရန် အသင့်ရှိသည်ဟု ၎င်းကပြောပါသည်။
မြန်မာနိုင်ငံတွင် လူပေါင်း ၁၄၀,၀၀၀ ခန့် အိမ်မပြန်ရသေးကြောင်း UNHCR ပြောကြား
(China.org မှ 8 Jun 2013 ရက်စွဲပါ “140,000 peoples still displaced in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံမှ ပြည်တွင်း အိုးမဲ့၊အိမ်မဲ့ဖြစ်သူများအားလုံးကို မှတ်ပုံတင်ရာတွင် အစိုးရကို ကူညီအားပေးရန်နှင့် မိမိဆန္ဒအလျောက် ဘေးကင်း၊ရန်ကင်း ပြန်လာအောင် ညှိနှိုင်းဆောင်ရွက်မှုကို အားပေးရန် အဆင်သင့်ရှိကြောင်း ကုဘဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကပြောကြားလိုက်ပါသည်။
မနှစ်က ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်းကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူများကို ရေနှင့်သန့်ရှင်းရေးစနစ်၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ ဖြည့်ဆီးပေးရန်အတွက် UNHCR က အာဏာပိုင်များ၊ လုပ်ဖော်ကိုင်ဖက် အေဂျင်စီများနှင့်အတူတကွ ပူးပေါင်းလုပ်ဆောင်နေသည်။
မနှစ်က ရခိုင်ပြည်နယ်တွင် ဇွန်လပထမအကြိမ် အဓိကရုဏ်းကြောင့် လူပေါင်း ၇၅,ဝ၀၀ ခန့်နှင့် အောက်တိုဘာလ ဒုတိယအကြိမ် အဓိကရုဏ်းကြောင့် နောက်ထပ် ၃၆,၀၀၀ ခန့် အိုးမဲ့၊အိမ်မဲ့ ဖြစ်ခဲ့ရသည်။
“အဓိကရုဏ်းကြောင့် တိုက်ရိုက်မထိခိုက်တဲ့သူတွေကလည်း လုံခြုံရေးတင်းကျပ်မှု ရလဒ်အဖြစ် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရပါတယ်။” ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ အေဒရီယမ်အက်ဒွပ်က ဂျီနီဗာတွင် ပြောကြားသည်။
စစ်တွေမြို့တော် အနီးတဝိုက်မှ ယာယီစခန်းများတွင် ဒုက္ခသည် ၁၃,၀၀၀ ခန့်နေထိုင်လျက်ရှိပြီး၊ မောင်းတော မြို့နယ်မှ ၂၈၀၀ ခန့်မှာမူ တရားဝင်ဒုက္ခသည်အဖြစ် သတ်မှတ်ခြင်းမခံရသောကြောင့် စာနာမှုအကူအညီကို လက်ခံရရှိခြင်း မရှိဟု သိရှိရသည်။
ပြီးခဲ့သောနှစ်က UNHCR ဥည် ဒုက္ခသည် ၇၅,၀၀၀ ခန့် အတွက် ပလတ်စတစ်အခင်းအမိုးနှင့် မီးဖိုချောင်သုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ လူပေါင်း ၄၅,၀၀၀ ခန့် အတွက် အစိုးရ၏ ယာယီဒုက္ခသည်စခန်းတည် ဆောက်မှုအစီအစဉ်ကိုလည်း ကူညီပေးခဲ့သည်။ မိုးရာသီတွင် ဒုက္ခတွေ့မည့်ပေါက်တောနှင့် မြေပုံမြို့နယ်တို့မှ ဒုက္ခသည် ၂၅,၀၀၀ ခန့်အတွက်လည်း ထပ်တိုးယာယီစခန်းများကို UNHCR ကဆောက်လုပ်ပေးနေသည်။
ပြောရေးဆိုခွင့်ရှိသူ မစ္စတာအက်ဒွပ်က UNHCR သည် ပြည်တွင်းဒုက္ခသည်များအတွက် ရေနှင့်သန့်ရှင်းမှု စနစ်၊ ကျန်းမာရေးစနစ်များရရှိအောင် အာဏာပိုင်များ၊ အေဂျင်စီများနှင့်အတူ လုပ်ဆောင်နေကြောင်း သို့သော် အချို့ ဒေသများတွင် ကယ်ဆယ်ရေးလုပ်သားများ ခြိမ်းခြောက်ခံရမှု၊ ဒုက္ခသည်များ လွတ်လပ်စွာ သွားလာခွင့် မရှိမှုတို့ကြောင့် အခက်အခဲများ ရှိနေကြောင်း ဆက်လက်ပြောကြားသည်။
ဒုက္ခသည်များအား အထောက်အပံ့များ ဖြန့်ဖြူးရေးနှင့် လိုအပ်ချက်များ တုန့်ပြန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်တွင်းဒုက္ခသည်အားလုံးကို စနစ်တကျမှတ်ပုံတင် စာရင်းသွင်းရန် အရေးပေါ်လိုအပ်နေသည်ဟု UNHCR က ထုတ်ဖော်ပြောကြားသည်။
“UNHCR ဟာ ဒီလိုစာနာမှု အကူအညီတွေ ပေးနေတဲ့အပြင် ဒုက္ခသည်တွင် မိမိဆန္ဒအလျောက် နေရပ်ပြန်လာပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို ဆွေးနွေးညှိနှိုင်းကြဖို့ကိုလည်း တိုက်တွန်းအားပေးနေပါတယ်” ဟု မစ္စတာ အက်ဒွပ်ကပြောကြားသည်။
ထို့အပြင် အကာအကွယ်လိုအပ်နေသူများအတွက် တံခါးဖွင့်ပေးထားရန် ဒေသတွင်းအစိုးရများ တိုက်တွန်းခဲ့ပြီး၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ စက်လှေများဖြင့် ပင်လယ်ဖြတ်ကူးထွက်ပြေးနေမှုများကို ရပ်ဆိုင်းအောင် အရေးပေါ် ဖြေရှင်းဆောင်ရွက်ရန် မြန်မာအာဏာပိုင်များကို တောင်းဆိုထားသည်။
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှဒုက္ခသည် ပြည်သူများ၏ လိုအပ်ချက်များကို ပြည့်မှီအောင် ကူညီရန်အတွက် ဒေါ်လာသန်း ၈၀ ခန့် လိုအပ်နေသော်လည်း ယခုအချိန်ထိ ၁၈ ရာခိုင်နှုန်းခန့်သာ လက်ခံရရှိကြောင်း UNHCR က ပြောကြားခဲ့သည်။