Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အထောက်အထားမဲ့ ဖြစ်လို့ ပြန်လာဖို့ အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတွေကို သံရုံးက အထောက်အထား ထုတ်ပေးပြီး တော့ ပြန်လာလို့ရအောင် ကူညီသွားမယ်”

၂၀၁၃ ဇွန်လ ၁၂ ရက်နေ့ထုတ် The Voice Daily နေ့စဉ်ထုတ်သတင်းစာပါ “မလေးရှားရောက် မြန်မာများအရေး ဖြေ ရှင်းရန် သမ္မတဦးသိန်းစိန် အထူးကိုယ်စားလှယ်အဖွဲ့စေလွှတ်”သတင်းမှ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အင်အားကြီး ပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ အင်န်အယ်လ်ဒီ နှစ်ခုလုံးရဲ့ ခေါင်းဆောင်ပိုင်းမှာ ဘယ်တိုင်းရင်းသားမှ မပါဘူး၊။ ဒါကြောင့် တိုင်းရင်းသားတွေ သမ္မတဖြစ်ဖို့ အခွင့်အလမ်းမရှိဘူး”

၂၀၁၃ ဇွန်လ ၁၂ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နိုင်ငံရေးလောကမှ ထင်ရှားသူများ သမ္မတတာဝန်ယူလိုကြောင်း ထုတ်ဖော်ပြောကြားလာ”သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလိတ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“နောက်ကြောင်းပြန်လှည့်နိုင်သလား ဆိုတာကတော့ ကြီးမားတဲ့ စကားလုံးတစ်ခုပါ။ သေချာတာကတော့ ပြည်တွင်းပြည်ပက အခုလုပ်ငန်းစဉ်ကို ထောက်ခံအားပေးမှု ကြီးကြီးမားမား ရှိနေတယ်ဆိုတာပါ။ ဒါကြောင့် နောက်ကြောင်း ပြန်လှည့်ချင်တဲ့ ဘယ်သူမဆို နေရာတိုင်းမှာ အတိုက်အခံအများကြီးနဲ့ ရင်ဆိုင်ရမယ်လို့ ကျွန်တော်ထင်ပါတယ်”

၂၀၁၃ ဇွန်လ ၁၂ ရက်နေ့ 7 Day Daily နေ့စဉ်သတင်းစာတွင် ပါရှိသော “မြန်မာ့မြေပေါ်မှ သမိုင်းဝင် စီးပွားရေးဖိုရမ်” သတင်းဆောင်းပါးမှ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“ကျွန်တော်တို့ နယ်မြေပိုင်းခြား သတ်မှတ်မှု မလုပ်နိုင်သေးတဲ့အတွက် တပ်ပိုင်းဆိုင်ရာ နေရာချထားရေးမှာ မပြေလည်ဘဲ တိုက်ပွဲငယ်လေးတွေ ဖြစ်နေတာပါ။ ဒါကိုပြေလည်ဖို့ ကျွန်တော်တို့ အခု ဦးစားပေး ၁-၂-၃ အနေနဲ့ ဆောင်ရွက်နေပါတယ်”

၂၀၁၃ ဇွန်လ ၁၃ ရက်နေ့ထုတ်  Popular News ဂျာနယ် အတွဲ (၅)၊ အမှတ် (၂၃)ပါ “နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်မှ တပ်ပိုင်းဆိုင်ရာကိစ္စများကို ဆက်လက်ဆွေးနွေးနိုင်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြောကြား” သတင်းမှ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စစ်တပ်က စိုက်ပျိုးမွေးမြုရေးတွေ မလုပ်သင့်တော့ပါဘူး။ လစာတွေလည်း တိုးပေးထားတာပဲ။ လယ်သမားတွေနဲ့ဖက်ပြီး ပြဿနာဖြစ်တာ မကောင်းပါဘူး။ ပြည်သူတွေ ဆင်းရဲတွင်းနက်နေတာ အခုအရပ်သားအစိုးရ လက်ထက်ရောက်တော့မှ လယ်တွေယာတွေ စိုက်ပျိုးလို့ မရဘူးဆိုတော့ အားလုံးအတွက်မကောင်းဘူးလေ”

၂၀၁၃ ဇွန်လ ၁၃ ရက်နေ့ထုတ်  Popular News ဂျာနယ် အတွဲ (၅)၊ အမှတ် (၂၃)ပါ “အသက်မဲ့နေသော ထွန်တုံးများတွင် ပျောက်ဆုံးနေသော ဘဝများရှိသည်” သတင်းဆောင်းပါးမှ သိနီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

RCSS/SSA နှင့် SNLD ပါတီတို့ တွေ့ဆုံကာ နိုင်ငံရေးပြဿနာများ အဖြေရှာမည်

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)တို့သည် ရန်ကုန်တွင် ပထမအကြိမ် တွေ့ဆုံကာ နိုင်ငံရေးပြဿနာများ အဖြေရှာရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စရပ်များ ဆွေးနွေးသွားမည် ဖြစ်ကြောင်း RCSS/SSA ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ဝင်၊ ဗဟို ကော်မတီ ၀င် ဦးစိုင်းလှ၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် နိုင်ငံရေးပြဿနာများနှင့် ငြိမ်းချမ်းရေးနည်းလမ်းဖြေရှင်းရန် ပင်လုံကဲ့သို့ တိုင်းရင်းသားအားလုံး ပါဝင် သော ညီလာခံကြီးတစ်ခု ကျင်းပမည်ဆိုသည့် အစိုးရ၏ ပြောဆိုချက်တွင် RCSS/SSA နှင့် SNLD ပါတီတို့အနေဖြင့် မည်သည့် အခန်းကဏ္ဍက ပါဝင်နိုင်မည်ကိုလည်း ယခုတွေ့ဆုံပွဲတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။


သီလ၀ါ အထူးဇုန်စီမံကိန်း EIA ဆန်းစစ်မှုနှင့် ဒေသခံ ပြောင်းရွှေ့မှု ပြီးပြတ်မှ စတင်မည်ဖြစ်ကြောင်း ဒုဝန်ကြီး အာမခံ

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအား သဘာဝပတ်ဝန်းကျင် သက်ရောက်မှု ဆန်းစစ်ချက်နှင့် စီမံကိန်းဧရိယာ အတွင်း နေထိုင်သူများကို စနစ်တကျရွှေ့ပြောင်းပြီးမှသာ နိုင်ငံတကာ ကျင့်ထုံးများနှင့်အညီ စတင်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်၏ ပြောကြားချက် အရသိရသည်။

လက်ရှိအချိန်တွင် အဆိုပါစီမံကိန်း ပထမအဆင့်အနေဖြင့် ဧရိယာ ၄၀၀ ဟတ်တာ(ဧက ၈၈၀)ခန့်အား ဇူလိုင်လတွင် စတင်ဆောင်ရွက်နိုင်ရန် ယင်းဧရိယာအတွင်းရှိ ဒေသခံများကို နစ်နာကြေးများ ပေးနိုင်ရေးအတွက် လူမှုစီးပွားရေး စစ်တမ်း ကောက်ယူမှုများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ထိုကဲ့သို့စစ်တမ်းများ ကောက်ယူရာတွင် ဒေသခံများနှင့်  ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။


တပ်မတော် အရာရှိများကို ရဲမှူးများအဖြစ် ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)စစ်ရာထူး ခန့်ချုပ်ရုံးသည် တပ်မတော်အရာရှိ ၃၀ ခန့်အား ပြည်ထဲရေး ၀န်ကြီး ဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးရုံး၏ အမိန့်ကြော်ငြာစာ ၂၆၁-၂၆၆/၂၀၁၃ များအရ တပ်မတော်(ရေ)မှ ဗိုလ်မှူးအဆင့် ၁၁ ဦးအား ရေကြောင်းရဲတပ်ဖွဲ့တွင် ရဲမှူးများအဖြစ် လည်း ကောင်း၊ တပ်မတော်(ရေ)မှ ဗိုလ်ကြီးအဆင့်သုံးဦးအား ရေကြောင်းရဲတပ်ဖွဲ့ဝင် ဒုတိယရဲမှူးများအဖြစ်လည်းကောင်း၊ တပ်မတော်(လေ)မှ ဗိုလ်မှူးအဆင့်တစ်ဦးအား လေကြောင်း ရဲတပ်ဖွဲ့ဝင် ရဲမှူးအဖြစ်လည်းကောင်း၊ တပ်မတော် (ကြည်း)မှ  ဗိုလ်မှူးအဆင့် ၁၄ ဦးအား ရဲမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တပ်မတော်(ကြည်း)မှဗိုလ်မှူးအဆင့်သုံးဦးအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် လက်ထောက် ညွှန်ကြားရေးမှူးများ အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။


အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခေါ်ယူ

အမေရိကန်ပြည်ထောင်စုဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံ အမတ်ကြီး ဦးသန်းဆွေအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ခေါ်ယူ၍ ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်းသိရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမိန့်အမှတ် ၁၉၈/၂၀၁၃ ဖြင့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မေလ ၆ ရက် ရက်စွဲ ဖြင့် ပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း မြစ်ကြောင်းများ ထိန်းသိမ်းရန် ကျပ် သိန်း ၁၀၀၀၀ ကျော် အသုံးပြုမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် သိန်း ၁၀၀၀၀ ခန့်အသုံးပြုသွားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရ သည်။

အဆိုပါမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများကို တွံတေးတူးမြောင်း၊ ပဲခူးမြစ်၊ နှစ်စဉ် ကမ်းပြိုမှုများ ဖြစ်ပွားလျက် ရှိသည့် နေရာများနှင့် အခြားဆောင်ရွက်ရန် လိုအပ်သည့်နေရာများတွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။


ပဋိပက္ခများအတွက် အဖြေရှာရန် သံဃာ့ခေါင်းဆောင် ၂၀၀ ကျော် ညီလာခံကျင်းပမည်

ရခိုင်ပြည်နယ်မှ အစပြုကာ မြန်မာနိုင်ငံ နေရာဒေသအချို့တွင် ဆက်တိုက်ဖြစ်ပွားနေသည့် ဘာသာရေး အသွင် ဆောင်ပဋိပက္ခများ အဆုံးသတ်ရေး အဖြေရှာရန်နိုင်ငံတစ်ဝန်းရှိ သံဃာ့ခေါင်းဆောင် ဆရာတော်အပါး ၂၀၀ ကျော် ပါဝင် မည့် ညီလာခံတစ်ရပ်ကို မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာရှိ ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်း တိုက်တွင် ဇွန်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ပါမောက္ခဆရာတော် ဒေါက်တာ အရှင် ဓမ္မပီယ၏ မိန့်ကြားချက်အရ သိရသည်။

အဆိုပါညီလာခံတွင် ပဋိပက္ခများအဆုံးသတ်များ တင်ပြလာသည်များအားလုံးကို လက်ခံဆွေးနွေးကြမည်ဖြစ်ပြီး ၉၆၉ နှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်း ဆရာတော်၏ ဆက်လက် မိန့်ကြားချက် အရ သိရသည်။ ယင်းညီလာခံသို့ ပြည်ပခရီးစဉ် ကြွရောက်နေသည့် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ ပါဝင် တက်ရောက်နိုင်မည် မဟုတ်သော်လည်း သြ၀ါဒကထာပေးပို့ထားကြောင်း ညီလာခံကျင်းပရေး ကော်မတီထံမှ သိရှိရသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment