Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခုမြန်မာနိုင်ငံ အစိုးရရဲ့ ဘတ်ဂျက်ငွေအများဆုံးရတာ သယံဇာတ၊ ဒါပေမယ့်လည်း အစိုးရရဲ့ဘတ်ဂျက်လိုငွေက နှစ်တိုင်း လိုလိုရှိတယ်။ ဘာလို့လဲဆိုတော့ အစိုးရပိုင်အကျိုးမရှိပဲ အရှုံးပြနေတဲ့လုပ်ငန်းတွေ အများကြီးပဲ။ ဒီလုပ်ငန်းတွေကို အစိုးရက လည်ပတ် ထားတယ်။ ဒီတော့လိုငွေက ပြပြီ၊ ဒါတွေကြောင့် ငွေစက္ကူတွေ ရိုက်ထုတ်ပြန်ပြီ။ ဒါတွေကမှားယွင်းနေတယ်”

ဇွန်လ ၁၄ ရက်နေ့ထုတ် Hot News Weekly Journal အတွဲ(၃) အမှတ် (၁၄၄) တွင်ပါရှိသော “ငွေကြေးလိုငွေ ပြတိုင်း ငွေစက္ကူထုတ်ဝေခြင်းက ငွေကြေးဖောင်းကြွမှုကိုဖြစ်စေ”သတင်းမှ စီးပွားရေးတက္က သိုလ် အငြိမ်းစား ပါမောက္ခ ဦးရှုပ၏ ပြော ကြားချက်အား ကောက်နှုတ်ချက်။


“ဒါကတော့ အခြေအနေ စောင့်ကြည့်ရမယ့် သဘောရှိပါတယ်။ ဘယ်သူမဆို မိမိခေါင်းဆောင် ဖြစ်တဲ့အခါမှာ ကိုယ့်နိုင်ငံကို ကောင်းအောင်တော့ လုပ်ကြတာပဲ။ စေတနာကောင်းသလို လုပ်နည်းလုပ်ဟန်မှန်မှလည်း တိုးတက်မှာဖြစ်ပါတယ်။ ဒါ ကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်မှာ စေတနာတွေအပြည့်ရှိကြောင်း နားလည်ပါတယ်။ သို့သော်လည်း လုပ်နည်းလုပ်ဟန် အပိုင်း နဲ့ လုပ်ငန်းဆိုင်ရာအပိုင်းကတော့ စောင့်ကြည့်ရပါမယ်”

ဇွန်လ ၁၂ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် RFA သတင်းဌာန တွေ့ဆုံမေးမြန်းခြင်း” သတင်းမှ ဦးရွှေမန်း ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“အခုအချိန်ဟာ ပြည်သူနဲ့အစိုးရကြား တိုင်းရင်းသားတွေနဲ့ အစိုးရနဲ့ယုံကြည်မှု အပြန်အလှန်နားလည်မှု တည်ဆောက်နေတဲ့ အချိန် ဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ လူထုကအစိုးရအပေါ် အယုံအကြည်မဲ့စေတဲ့ကိစ္စမျိုးတွေကို အောက်ခြေပိုင်း အုပ် ချုပ်ရေး တာဝန်ရှိသူတွေအနေနဲ့ ပြုမူဆောင်ရွက်ခဲ့မယ်ဆိုရင် ကျွန်တော်လုံးဝ လက်ခံမှာမဟုတ်ပါဘူး။ တည်ဆဲဥပဒေဘောင် အတွင်းကနေ ပြင်းထန်ထိရောက်စွာ အရေးယူသွားမှာပါ”

ဇွန်လ ၁၄ ရက်နေ့ထုတ် Hot News Weekly Journal အတွဲ(၃) အမှတ် (၁၄၄) တွင် ပါရှိသော “ပြည်နယ်အတွင်း အောက်ခြေ အုပ်ချုပ်ရေးအပိုင်း၏ ခြစားမှုများကို တည်ဆဲဥပဒေအတွင်းမှ ထိရောက်စွာ အရေးယူသွားမည်” သတင်းမှ ကရင်ပြည်နယ် အစိုးရဝန်ကြီးချုပ် ဦးဇော်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဂတိလိုက်စားမှု ဖြစ်ပေါ်လာပုံဟာ ပေါင်းဆုံပါနေတာတွေ့ရမှာဖြစ်ပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ အကြောင်းအချက်တွေရှိသလို လွတ်လပ်စွာ ထုတ်ပြောဆို ရေးသားခွင့်၊ လွတ်လပ်စွာ အသင်းဖွဲ့ခွင့်၊ မီဒီယာလွတ်လပ်ခွင့်၊ ပြည်သူလူထုရဲ့ ပြောရေးဆိုခွင့်၊ ဥပဒေ၊ နည်းဥပဒေ သတင်းအချက်အလက် ရယူပိုင်ဆိုင်ခွင့်စတဲ့အကြောင်း အချက်တွေဟာလည်း အဂတိလိုက်စားမှု လျှော့ ချရေး စပ်ဆက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်”

ဇွန်လ ၁၃ ရက်နေ့ထုတ် Yangon Time Daily နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “နိုင်ငံရေး အဂတိလိုက်စား မှုကို တရားသဖြင့်အရေးယူရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းပြော” သတင်း မှ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခြေခံဥပဒေကို ပြည်သူအများစုရဲ့ထောက်ခံချက်နဲ့ အတည်ပြုခဲ့တာဖြစ်တဲ့အတွက် ပြည်သူတွေကလည်း အခြေခံဥပဒေ ကိုပြင်ဖို့ သဘောတူဖို့လိုမယ်။ လွှတ်တော်ကလည်း အတည်ပြုဖို့လိုမယ်။ လွှတ်တော်ရဲ့ဆောင်ရွက်ချက်အပေါ်မှာ မိမိအနေနဲ့ ဝင်ရောက်ပြောဆိုပိုင်ခွင့် မရှိဘူး”

ဇွန်လ ၁၄ ရက်နေ့ထုတ် First Weekly Journal  အတွဲ (၂) အမှတ် (၈၃) တွင်ပါရှိသော “၂၀၁၅ မှာနိုင်ငံတော် သမ္မတ အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ သဘောထားပေးသူ ၃ ဦးအထိရှိလာ ၂၀၀၈ ဖွဲ့စည်းပုံမှာ သမ္မတရာထူး ကန့်သတ်ချက်များနဲ့ ပက်သတ်လို့ မိမိအနေနဲ့ သမ္မတအာဏာသုံးပြီး ဖွဲ့စည်းပုံကိုပြင်လို့မရဟု နိုင်ငံတော်သမ္မတ ကြီး ဦးသိန်းစိန်ပြောကြား” သတင်းမှ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ပြောကြားချက်အားကောက်နှုတ် ချက်။

 


သတင်းတိုများ

စီးပွားရေး

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ဆန်တန်ချိန် သုံးသန်းခန့်တင်ပို့နိုင်မည် ဖြစ်ကာ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဦးဆောင်နိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Kasikorn သုတေသနဌာနမှ ထုတ်ပြန်လိုက်သော အစီရင်ခံစာ၏ ဖော်ပြချက်မှသိရသည်။ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ယခုအခါတွင် စီးပွားရေးလွတ်လပ် ပွင့်လင်းသော နိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများ မျက်စိကျနေပြီး အစိုးရမှလည်း စိုက်ပျိုးရေး ကဏ္ဍတွင် ဦးစားပေးလုပ်ကိုင်လျက်ရှိ နေခြင်းတို့ကြောင့် ယခုလို ဆန်တင်ပို့မှု ပမာဏတိုးမြင့်လာနိုင်ခြင်း ဖြစ် ကြောင်းဖော်ပြထားသည်။ ပြည်ပသို့ ဆန်တင်ပို့မှု အနေဖြင့် မြန်မာနိုင်ငံ အစိုးရကလည်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တွင် ဆန်တန်ချိန် သုံးသန်းတင်ပို့ နိုင်ရန် ရည်ရွယ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ ပြောကြားချက်မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် တင်ဒါစည်းကမ်းချက် များတွင်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅ တွင်နိုင်ငံတော်၏ စီးပွားရေး စနစ်သည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပြီး ပုဒ်မ ၃၆၊ပုဒ်မခွဲ (ခ) တွင်နိုင်ငံတော်သည် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုလုပ်ခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်တားဆီးနိုင်ရန် အလို့ငှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားချက် အမှတ် ၁/၂၀၁၃ အရ သိရသည်။


နိုင်ငံရေး

လာမည့် တစ်လခွဲအတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် KIO/KIA နှင့် အပြီးသတ် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ ငြိမ်းချမ်းရေး အကျိုးတော် ဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်မှ သိရသည်။ မြန်မာနိုင်ငံတွင် အစိုးရနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသွားပြီဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် KIO အဖွဲ့တစ်ခုတည်းသာ ကျန်တော့သည် ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး အတွက် အစိုးရနှင့် KIO အကြား ဆွေးနွေးမှု ၁၃ ကြိမ်ပြုလုပ်ခဲ့ရာ ပြည်ထောင်စုအဆင့် ၁၀ ကြိမ်ပါဝင်ပြီး ပြည်နယ်အဆင့် ၃ ကြိမ်ပါဝင်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုလိုက်သည့် ကယားလူမျိုးစု ဒီမိုကရေစီပါတီ ကို တစ်လအတွင်း ဗဟိုကော်မတီဝင် အဖွဲ့ကို ရွေးချယ်သွားမည် ဖြစ်ကြောင်း ယင်းပါတီ၏ လူငယ်တာဝန်ခံ ဦးနိုင်နိုင်ထွေးမှ ပြောကြားခဲ့သည်။ထို့ပြင် မိမိတို့ပါတီထူထောင်ရသည့် အကြောင်းအရင်းမှာ ကယားပြည်နယ်ရှိ ဒေသခံလူထုကို ကိုယ်စားပြု သော ပါတီများထွက်ပေါ်လာပြီး နိုင်ငံရေး နိုးကြားစေရန် ရည်ရွယ်ကြောင်း သိရသည်။ ကယားလူမျိုးစု ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့်ကို ဦးတင်အောင်အပါအ၀င် ၁၆ ဦးတို့မှ လျှောက်ထားခဲ့ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၁၁ ရက်နေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုခဲ့ကြောင်း သိရသည်။


အုပ်ချုပ်ရေး

မြန်မာနိုင်ငံ အနေဖြင့် Extractive Industries Transparency Initiative (EITI) (အရင်းအမြစ်များ ထုတ်ယူသည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ရှိစေရေး) သို့ဝင်ရောက်မည်ဟု မြန်မာနိုင်ငံ အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးများမှ ကတိပြုပြောကြားလိုက်ကြောင်း ဝေါစထရီ၏ ဇွန်လ ၁၂ ရက်တွင် ဖော်ပြထားသော သတင်းတစ်ခုမှ သိရသည်။

မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် လူထုညီလာခံ (ASEAN People Forum 2014) ကျင်းပနိုင်ရန်အတွက် ကော်မတီ ၆ ခုဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ညီလာခံကျင်းပရေး တာဝန်ခံ ဦးကျော်လင်းဦး၏ ပြောကြားချက်မှ သိရသည်။ အဆိုပါကော်မတီ ၆ ခုမှာ ဦးဆောင်ကော်မတီ၊ ကျင်းပရေးကော်မတီ၊ အစီအစဉ်ရေးဆွဲရေး ကော်မတီ၊ ကြေငြာချက်မူကြမ်းကော်မတီ၊ ကြိုဆိုဧည့်ခံရေးကော်မတီနှင့် ပြန်ကြားရေးကော်မတီ တို့ဖြစ်ကြောင်း Myanmar People Working Group မှ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

ပြည်တွင်းတွင် ရင်းနှီးမြှပ်နှံရန် တရားဝင်ခွင့်ပြုပြီးသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု FDI ပမာဏမှာ မေလ အတွင်း အမေရိကန်ဒေါ်လာ ၁၀၇ ဒဿမ ၅၃၂ သန်းတိုးလာကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ကုန်ထုတ်လုပ်ငန်းကဏ္ဍများတွင် သိသာစွာတိုးတက်နေပြီး ဒေါ်လာ ၁၀၇ ဒဿမ ၆၂၆ သန်းအထိ ရင်းနှီးမြှပ်နှံထားကာ ၂၀၁၃ မေလ အတွင်း ပမာဏအများဆုံး ရင်းနှီးမြှပ်နှံသော အချိန်ဖြစ်ကြောင်း သိရသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment