Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တစ်ပါတီစနစ် စစ်အာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ကို နိုင်ငံရေးလမ်းကြောင်းအရ ပြောင်းလဲလာ သလို တံခါး ပိတ်စီးပွားရေးစနစ်ကနေ တံခါးဖွင့်စီးပွားရေးစနစ်ကို ကျင့်သုံးလာတယ်။ ပြည်တွင်းစစ်ဖြစ်တဲ့ တိုင်းပြည်ကနေ ပြည်တွင်း စစ်ရပ်စဲတဲ့တိုင်းပြည် ဖြစ်အောင် ကြိုးစားလာတယ်။ တစ်ခုအဆင်မပြေရင် ကျန်တဲ့ နှစ်ခုက လွဲချော်သွားမယ်။ အရေးကြီးဆုံး က အမျိုးသားပြန်လည်သင့်မြတ်ရေးပဲ။”

ဇွန်လ ၃၀ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဒီမိုကရေစီပြုပြင်ပြောင်းလဲရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးသည်  အဓိကကျဟုဆို” သတင်းမှ နိုင်ငံရေသုတေသီ ဆရာကျော်ဝင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံမှာ PR စနစ်ကျင့်သုံးဖို့ အနည်းငယ်စောနေသေးပါတယ်။ သမ္မတကြီးက မှတ်ချက်ပြုပြောကြား တယ်လို့ ကျွန်တော်တို့သိရပါတယ်။ ပြည်ခိုင်ဖြိုးပါတီထဲမှာလည်း PR စနစ်ကို လက်မခံချင်သူတွေ ရှိနေပါတယ်။ PR စနစ်နဲ့ ပတ်သက် လို့ ပြောရရင်တော့ အများကြီးရှိတယ်ဗျ။ PR မှာတောင်မှ Mixed PR ဆိုတာလည်း ရှိသေး တယ်။ PR စနစ်က စိတ်ဝင်စား ဖို့ကောင်းပါတယ်။ သို့သော်လည်း ပြည်သူတွေနားလည်ဖို့တော့ လိုပါသေးတယ်။ နည်းနည်းခက်ပါတယ်။”

ဇူလိုင်လ ၁ ရက်နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် အတွဲ (၄) အမှတ် (၃၇) တွင်ပါရှိသော “PR ကို NLD အနေ ဖြင့် သဘော မတူကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော်တရား စီရင်ရေး နှင့် ဥပဒေ ရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ပြီးဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒ ဒီနှစ်ခုဟာ ဘယ်တုန်းကမှ ကျွန်တော် တို့ မပြောင်း လဲခဲ့ဘူး။ အစိုးရပြောင်းချင်ပြောင်းမယ်၊ နိုင်ငံရေးစနစ် ပြောင်းချင်ရင်ပြောင်းမယ်။ သို့သော် ဒီကနေ့ ဘယ်တုန်းကမှ မပြောင်း လဲခဲ့တဲ့ တန်ဖိုးနှစ်ခုထဲက တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့  ပုံရိပ်ဟာ အတိုင်းအတာတစ်ခုအထိ ထိခိုက်ဖို့ရှိလာ နေတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ နောက်တစ်ခုကတော့ Social Security ပေါ့။ ဒါနဲ့ ဆက်စပ်ပြီးတော့မှ လူမှုရေး တည်ငြိမ်မှုကို ထိခိုက်တယ်။”

ဇူလိုင်လ ၄ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၅) တွင်ပါရှိသော “အမုန်းတရားပွား အောင်ပြုလုပ်နေတာ ဟာ  ပြုပြင်ပြောင်းလဲရေးကို ထိခိုက်” သတင်းမှ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


“သူရဦးရွှေမန်းက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတော့ အစိုးရကို တိုက်တွန်းတဲ့သဘောနဲ့ အစည်းအဝေးခေါ်ဖို့ တိုက်တွန်းတာပဲဖြစ်မယ်။ ဒီအဖွဲ့က ဘာတွေလုပ်တယ်ဆိုတာကို တိတိကျကျမသိရတော့ တိုင်းရင်းသားကိစ္စတွေ၊ နိုင်ငံရေး ကိစ္စတွေအတွက် လုပ်သင့်တဲ့အချိန်ရောက်ပြီလို့ တိုက်တွန်းတာပါ။ ဒီ ကော်မတီမှာ ဘာတွေလုပ်နေတယ်ဆိုတာ ဒီအစည်း အဝေးခေါ်မှပဲ သိနိုင်မယ်။ ဘယ်လိုသဘောနဲ့ ဒီလိုအစည်း အဝေး ခေါ်ယူဖို့ ပြောတယ်ဆိုတာမသိပေမယ့် ကောင်းပါတယ်။ ကန့်ကွက်စရာ မရှိပါဘူး။”

ဇူလိုင်လ ၂ ရက်နေ့ထုတ် True News Journal အတွဲ (၅) အမှတ် (၃၇) တွင် ပါရှိသော “ငြိမ်းချမ်းရေး လုပ်ငန်းများဖော် ဆောင်နိုင်ရေး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူရန် သမ္မတထံ သဝဏ်လွှာပို့” သတင်းမှ ဝါရင့်နိုင်ငံရေးသမား ဟံသာဝတီဦးဝင်းတင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်ထင်ပါတယ်။ အစိုးရအဖွဲ့ဆိုတာကလည်း ရွေးကောက်ပွဲပြီးမှ စဉ်းစားရမယ့်ဟာပါ။ ကျွန်တော်တို့ ရဲ့မူအရကတော့ ပါတီတွေအားလုံးကို လုပ်ဖော်ကိုင်ဖက်လို သဘောထားတာပဲလေ။ အကုန်လုံး ပူးပေါင်း ဆောင်ရွက်မှာပါ။ သို့သော်လည်းပဲ အဲဒီအစိုးရဖွဲ့မယ်၊ မဖွဲ့ဘူးဆိုတာကတော့ စောသေးသလားမသိဘူး။ ဟိုအရင်တုန်းကလည်း ကျွန်တော်ပြောပါတယ်။ ကျွန်တော်တို့ ပါတီဆိုတာ ပြည်သူ့အတွက်ပဲလေ။ ပြည်သူတွေ ယုံကြည်စိတ်ချမှုရှိအောင် ကျွန်တော်တို့အားလုံး လုပ်ပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ ကျွန်တော်တို့ အဖြေထွက်လာမယ်လို့ထင်ပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့လျာထား တုန်းပဲ။ နောက်ကျရင် ကျွန်တော် တို့ အချိန်ကျရင်ပြောမှာပေါ့နော်။”

ဇူလိုင်လ ၄ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၅) တွင်ပါရှိသော “၂၀၁၅ တွင် NLD နှင့် ညွှန့်ပေါင်းအစိုး ရဖွဲ့၊ မဖွဲ့ အပေါ် USDP ဒု-ဥက္ကဋ္ဌ ဦးဌေးဦး၏ မှတ်ချက်စကား” သတင်းမှ ဦးဌေးဦး၏ ပြောကြား ချက်အားကောက်နှုတ် ချက်။


သတင်းတိုများ

အကြမ်းဖက်မှုနှိမ်နင်းရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်တာပိုလ်မှ လက်နက် အကူအညီယူ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် လိုအပ်သည့် အကြမ်းဖက် တိုက်ဖျက်မှုများတွင် အသုံးပြုမည့် နည်းပညာသုံး လက်နက်များကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုလ်မှ ကူညီထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ တာဝန်ရှိ ရဲအရာရှိတစ်ဦး၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရသည်။ အကြမ်းဖက် တိုက်ဖျက်ရာတွင် ထိုသို့ အဓိကရုဏ်းများ နှိမ်နင်းရာ၌ နိုင်ငံတကာ ရဲတပ်ဖွဲ့များ အသုံးပြုသည့် လက်နက်များ၊ ကြိုတက်ကာကွယ်ရေး လုပ်ငန်း များတွင် အသုံးပြုသည့် အဆင့်မြင့် သိပ္ပံနည်းကျ စက်ကိရိယာများ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည့် အပြင် အဓိကရုဏ်း တိုက်ဖျက်ရေးနှင့် ပတ်သက်သည်များ ကိုပါ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အစီအစဉ်ဖြင့် ကျောက်ဖြူတွင် ဒီရေတာ ဧက ၄၀၀ ကျော် စိုက်မည်

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း အစီအစဉ်ဖြင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒီရေတော ၄၀၀ ကျော် ကို ဇူလိုင်လတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးမြေ တစ်ဧကလျှင် အပင်ရေ ၁၂၀၀ နှုန်းဖြင့် ဒီရေတာဧက ၄၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကာ စိုက်ပျိုးသူများအတွက် တစ်ဧကလျှင် ငွေကျပ် ကိုးသောင်းခြောက်ထောင်ကို သက်ဆိုင် ရာကျေးရွာများမှ ဒေသခံများအား ထုတ်ပေးသွားမည် ဖြစ်ပြီး ကျောက်ဖြူမြို့နယ်အတွင်း ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အပါ အဝင် ရေနက်ဆိပ်ကမ်း စီမံကိန်း ကား၊ ရထား၊ လမ်းစီမံကိန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခြင်းနှင့် လူအ များ ထိခိုက်နစ်နာခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများ၏ အကျိုးစီးပွားဖြစ်စေမည့် ကူညီထောက်ပံ့မှုများကို အဆိုပါ စီမံကိန်းများမှ ပြုလုပ်ပေးလာခြင်းဖြစ်ကြောင်း သိရသည်။


အမေရိကန်မှ ပေးအပ်သည့် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ရရှိပါက ပို့ကုန်အမည် ၅၀၀၀ ကျော်ကို အကောက် ခွန်လွတ် တင်ပို့နိုင်မည်

အမေရိကန်ပြည်ထောင်စုမှ ပေးအပ်သည့် ကုန်သွယ်မှုအထူးအခွင့်အရေး (GSP) ရရှိပါက ပို့ကုန်အမည်ပေါင်း ၅၀၀၀ ကျော်ကို အကောက်ခွန်လွတ် တင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရှိရ သည်။ GSP သည် ဖွံ့ဖြိုးပြီး နိုင်ငံများမှ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများသို့ တစ်ဖက်သတ် အကောက်ခွန် လျှော့ချ ပေးသည့် စနစ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုသည် ၁၉၇၄ ခုနှစ်မှ စကာ အဆိုပါ အခွင့်အရေးကို မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ် တပ်မတော် အစိုးရတက် လာပြီးနောက် ၁၉၈၉ ခုနှစ် ဇူလိုင် ၁ ရက်မှ စပြီး ပေးအပ်ထားသည့် ကုန်သွယ်မှုအထူးအခွင့်အရေး (GSP) ကို ပြန်လည် ရုပ်သိမ်းခြင်းခံခဲ့ရသည်။


မြန်မာနိုင်ငံ၏ ဥပဒေဆိုင်ရာ လိုအပ်ချက်များကို ဂျပန်မှ ကူညီပေးမည်

မြန်မာနိုင်ငံ၏ ဥပဒေဆိုင်ရာ လိုအပ်ချက်မျးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဂျပန်နိုင်ငံက ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ နာဂိုယာတက္ကသိုလ် မှ President Prof. Dr Hamaguchi Michinari က ဇွန်လ ၂၉ ရက်နေ့ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပသည့် မြန်မာ-ဂျပန်နှင့် ဥပဒေ သုတေသနဌာန ဖွင့်ပွဲတွင် ပြောကြားသွားခဲ့သည်ဟု သိရှိရသည်။ ထို့ပြင် ဂျပန်မှ မြန်မာနိုင်ငံတွင် သုတေသီများ အပြန်အလှန် လဲလှယ်ရေး၊ ပညာသင်များ ဖလှယ်ရေး၊ အထောက် အကူပစ္စည်းများ၊ စာစောင်များနှင့် ဥပဒေ ပညာရပ်ဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ပြီး နှစ်နိုင်ငံကြား နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်နှင့် ဥပဒေဘာသာရပ် နယ်ပယ်တို့တွင် သုတေသနနှင့် ပညာရပ်ဆိုင်ရာ တိုးတက်ပြန့်ပွားရေးများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားမဟုတ်သည့် လွှတ်တော်ကိုယ်စားလှယ်များအား တည်ဆဲဥပဒေအရ အရေးယူသွားမည်

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့၏ နိုင်ငံသားမဟုတ်ကြောင်း သတင်းများ ထွက်ပေါ် နေသည့်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး တွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည် ဖြစ်သည့်အပြင် လက်ရှိ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ ခြောက်နှစ်ကြား တိုင်းရင်းသား ပြည်သူလူထုဆန္ဒများ ခံယူ၍ ရေးဆွဲထားခြင်းကြောင့် နိုင်ငံတော်အား များစွာအကျိုးပြုသည့်အတွက် ပြင်ဆင်ရန် မလိုအပ်ကြောင်းနှင့် ပြင်ဆင်မည်မဟုတ်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇွန်လ ၂၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်ဟု သိရှိရသည်။


မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ရုရှားနိုင်ငံ နှင့် နှစ်နိုင်ငံဆက်ဆံရေကို မြှင့်တင်သွားမည် ဖြစ်ပြီး ရုရှားနိုင်ငံမှ မြန်မာ့တပ်မတော်နှင့် သက်ဆိုင်သည့် အခက်အခဲများ တင်ပြလာပါက တာဝန်ယူ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ရေနံတူးဖော်သည့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တစ်ခုတည်းသော ရုရှားကုမ္ပဏီ Novel Oil ဥက္ကဋ္ဌ  နှင့် ရုရှားနိုင်ငံတွင် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ကြောင်း မြန်မာ့တပ်မတော်ပိုင် မြ၀တီ သတင်းဌာနတွင် ဖော်ပြထားချက်အရ သိရှိရသည်။


လူကုန်ကူးမှု တားဆီးရေး နည်းဥပဒေ ယခုနှစ်အတွင်း အပြီးရေးဆွဲမည်

လူကုန်ကူးမှု တားဆီးကာကွယ်ရေး နည်းဥပဒေကို စတင်ရေးဆွဲနေပြီဖြစ်ပြီး ယခုနှစ်အတွင်း အပြီးရေးဆွဲသွားမည် ဖြစ်ကြောင်း အဆိုပါ နည်းဥပဒေ ရေးဆွဲရေးကော်မတီ၏ ပြောကြားချက်အရ သိရှိရသည်။ အဆိုပါ နည်းဥပဒေတွင် လူကုန် ကူးမှုဆိုင်ရာ ကာကွယ်တားဆီးရေး၊ လူကုန်ကူးခံရသူများကို အကာအကွယ်ပေးရေး၊ တရားစွဲတင်ရေးနှင့် အခြားလိုအပ်သည် များကို အသေးစိတ် ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ကြောင်း သိရှိရသည်။


သံတွဲမြို့တွင် ဆူပူမှုများနှင့် နေအိမ်မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပုဒ်မ ၁၄၄ ထုတ်ပြန်

ဇွန်လ ၃၀ ရက်နေ့က ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်တွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရရာမှ စတင်ကာ ရုန်းရင်း ဆန်းခတ်မှုများ နေအိမ်မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း၊ ဆူပူမှုများကြောင့် နေအိမ် နှစ်လုံးခန့် မီးရှို့ပျက်စီးသွားခဲ့ပြီး ယခုအခါ အဆိုပါ အမိန့်တည်စေရန် သံတွဲမြို့ဝင်ထွက်လမ်းများကို ပိတ်ပင်ထားပြီး ပြစ်မှုကျုး လွန်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဥပဒေနှင့် အညီ ဖော်ထုတ်အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ယင်းဖြစစဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာတွင်   ည ၁၀နာရီခွဲ အချိန်ခန့်က ဖော်ပြထားချက်အရ သိရှိရသည်။


Ooredoo ကုမဏီမှ မိုဘိုင်းလ်ကွန်ရက်အသစ် တစ်ခုတည်ထောင်ပြီး အလုပ်အကိုင်များစွာ ဖန်တီးပေးသွားမည်ဟု ပြောဆို

ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိသည့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီမှ မြန်မာနိုင်ငံအတွက် မိုဘိုင်းလ် ကွန်ရက်တစ်ခု တည်ထောင်ကာ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များစွာ ဖန်တီးပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ တရားဝင် ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။ ယခုအချိန်တွင် အဆိုပါ Ooredoo ကုမ္ပဏီသည် ရရှိသော တင်ဒါလုပ်ငန်းလိုင်စင်နှင့် ပတ်သက်၍ အသေးစိတ် သဘောတူညီမှု ရရှိရန် မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆက် လက်လုပ်ဆောင်သွားမည် ဖြစ်ပြီး ဆွေးနွေးမှုများ ပြီးစီးသည်နှင့် ဆက်သွယ်ရေးကွန်ရက်များ စတင်တည်ဆောက်ရန် နည်းပ ညာပိုင်း ပြင်ဆင်မှုများ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။  

                                                                                                                                                   


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment