Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဦးအောင်မင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပျော့ပြောင်းညင်သာတဲ့သူဖြစ်တယ်။ သူနုတ်ထွက်သွားရင် ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေလမ်းကြောင်းပြောင်းတာတို့၊ ရပ်တန့်သွားမှာတို့ ကျွန်တော့် အနေနဲ့ စိုးရိမ်မှုတွေ ရှိနေတယ်။”

ဇူလိုင်လ ၄ ရက်နေ့ထုတ် Venus News Journal အတွဲ ၄/၄၉ ထုတ် တွင်ပါရှိသော “ဦးအောင်မင်း အနားယူပါက ငြိမ်းချမ်းရေးဆောင်ရွက်မှုများ လမ်းကြောင်းပြောင်းလဲမည်ကို စိုးရိမ်ကြောင်း ဦးခွန်ဥက္ကာပြော” သတင်းမှ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူး ဦးခွန်ဥက္ကာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်မယ်လို့ ကျွန်တော်တို့တစ်ခါမှ မပြောခဲ့ပါဘူး။ ကျွန်တော်တို့ ဌာနကလည်း တရားဝင်ပြောဆိုတာ မရှိပါဘူး။ ဒီဥပဒေကို ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်ကတည်းက ၆ နှစ်ခွဲလောက် အချိန်ယူပြီး တိုင်းနဲ့ပြည်နယ်အသီးသီးက ပြည်သူတွေကို တွေ့ဆုံပြီး လူထုဆန္ဒနဲ့အညီ ရေးဆွဲခဲ့တာပါ။ လက်ရှိအစိုးရ လက်ထက် ပြည်ထောင်စုလွှတ်တော်မှာ ဒီဥပဒေကို ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး အဆိုတစ်ရပ်တင်သွင်းခဲ့လို့ လွှတ်တော် ကိုယ်စားလှယ် (၈) ဦးလောက်ဆွေးနွေးခဲ့ပါတယ်။ ဒီ ဥပဒေဟာ အချိန်ယူပြီးရေးဆွဲခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ နိုင်ငံတော်အကျိုးစီးပွားရေးအတွက် အကျိုးဥပဒေဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီဥပဒေကို လတ်တလောမှာ ပြင်ဆင်စရာ မရှိပါဘူး။ ပြင်ဆင်ဖို့လည်း တစ်ကြိမ်တစ်ခါမျှ ပြောဆိုခြင်းမရှိပါဘူး။ နားလည်မှု လွဲကောင်း လွဲနိုင်ပါတယ်။”

ဇူလိုင်လ ၄ ရက်နေ့ထုတ် News Week Journal အတွဲ (၂) အမှတ် (၈၉) တွင်ပါရှိသော “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ဆက်လက်အသုံးပြုမည် ပြင်ဆင်ရန် တစ်ကြိမ်တစ်ခါမျှ ပြောဆိုခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား” သတင်းမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပီအာရ် စနစ်တွေကို လေ့လာထားပြီးသားသူတွေလည်း ရှိပါတယ်။ ဗဟိုကော်မတီတွေ တော်တော်များများက လေ့လာ ထားပြီးသား သူတွေလည်းရှိပါတယ်။ ဗဟိုကော်မတီတွေ တော်တော်များများက လေ့လာထားပြီးသား ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲပြီဆိုကတည်းက ရွေးကောက်ပွဲဆိုတာ ပါပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဘယ်စနစ်နဲ့သွားမလဲဆိုပြီး ပီအာရ်စနစ်အပါအဝင် စနစ်ပေါင်းများစွာ ပါလာ တယ်။ နိုင်ငံတော် နဲ့နိုင်ငံသားတိုင်း အတွက် ဒီပီအာရ်စနစ်နဲ့ ပတ်သက်လို့ရော ကျန်တဲ့စနစ်တွေနဲ့ ပတ်သက်လို့ရော ကျွန်တော်တို့ လေ့လာ သုံးသပ်ပြီးမှ ဆက်လုပ်ပါမယ်။”

ဇူလိုင်လ ၂ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ် အတွဲ (၃) အမှတ် (၁၃) တွင်ပါရှိသော  “၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ်စနစ် ကျင့်သုံးမှာလား” သတင်းမှ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဌေးဦး ၏ ပြောကြားချက် အား ကောက် နှုတ်ချက်။


“ဗဟိုချုပ်ကိုင်မှုကိုလျှော့ချဖို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အစိုးရအဖွဲ့တွေ ဖွဲ့ထားပေးပြီးပါပြီ။ နှစ်ပေါင်း များစွာ အသားကျနေတဲ့သူတွေမို့လို့ မလုပ်နိုင်သေးတာပါ။ အကျင့်ပျက်ခြစားမှုကတော့ နိုင်ငံတိုင်း ကြုံနေရပါတယ်။”

ဇူလိုင်လ ၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းတွင် ပါရှိသော “ဗဟိုချုပ်ကိုင်မှုကို လျှော့ချနိုင်မှုမရှိခြင်းနှင့် အကျင့်ပျက်ခြစားမှုအား တိုက်ဖျက်နိုင်မှုမရှိခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုများ ခရီးမရောက်ဖြစ်နေကြောင်း သုံးသပ်မှုများ ရှိနေ” သတင်းမှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန် ဦးညွန့်မောင်ရှိန် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သမ္မတပြောသလို သဘောကွဲလွဲတာကို သည်းခံနိုင်စွမ်းရှိရမယ်။ ဒီမိုကရေစီကို လိုလားပါတယ်ဆိုတဲ့ ပုဂ္ဂိုလ် တွေ ကိုယ်တိုင် အတိုက်အခံတွေအပါအဝင် ထောက်ပြပြောဆိုတဲ့ သတင်းမီဒီယာတွေကို တရားပြန်စွဲနေတယ်။ စွဲတာတောင်မှ သတင်းစာ ရှင်းလင်းပွဲမှာကို ပြောတာ ပညာပေးရမယ်။ သင်ခန်းစာပေးရမယ်တဲ့။ ကျွန်တော်လည်း နားမလည်ဘူး။ ယနေ့ ဒီမိုကရေစီကို လိုလားပါတယ်ဆိုတဲ့ အဖွဲ့ကြီးတွေကလဲ တရားစွဲနေတယ်။”

ဇူလိုင်လ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “အစိုးရနှင့် လွှတ်တော်အမှား များအား ထောက်ပြပြောဆိုနိုင်ဟု ပြည်ထောင်စုဝန်ကြီးပြော” သတင်းမှ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

အုပ်ချုပ်ရေး

မန္တလေးတိုင်းတွင် မွေးမြူရေးနှင့် အသားထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွေးမြူရေးလုပ် ကိုင်နေသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ချေးငွေများကို အတိုးနှုန်း သက်သာစွာနှင့် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနမှ သိရသည်။ ချေးငွေ ရယူသူများအနေဖြင့် ချေးယူသည့် အချိန်မှ စတင်၍ တစ်နှစ်ပြည့်သည့်နေ့တွင် ပြန်ဆပ်ရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ချေးငွေကျပ် ၃၇၅ သိန်းကို ထုတ်ချေး ပေးပြီးဖြစ်ကြောင်းနှင့် ချေးငွေလိုအပ်သည့် အခြားလုပ်ငန်းရှင်များကိုလည်း ဆက်လက်ထုတ်ချေးနေကြောင်း သိရသည်။

---------------------------------------------------------------------------

မုံရွာမြို့၏ အမှိုက်သိမ်းစနစ် ပိုမိုကောင်းမွန်စေရန်အတွက် တင်ဒါဖြင့်ခေါ်ယူ၍ ပုဂ္ဂလိက လုပ်ငန်းရှင်များအား လွှဲ ပြောင်းလုပ်ကိုင်စေမည် ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ အမှိုက်တင်ဒါ ခေါ်ယူမှုအား ယခုလ အတွင်း စတင်ခေါ်ယူနိုင်ရန်အတွက် စီစဉ်လျက်ရှိပြီး စည်းကမ်းပိုမိုကောင်းမွန်စေရန်အတွက် လျာထားချက်ရှိကြောင်း သိရသည်။


အလုပ်သမားရေးရာ

ထားဝယ် စီမံကိန်းတွင် အလုပ်လုပ်ကိုင်ကြမည့် အလုပ်သမားများ စုပေါင်း၍ အလုပ်သမားအဖွဲ့အစည်း တစ်ရပ်ဖွဲ့စည်း သွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ အဆိုပါအလုပ်သမားအဖွဲ့ကို စတင်ဖွဲ့စည်းသူ (၇) ဦးနှင့် အဖွဲ့ဝင်စုစုပေါင်း (၄၀) တို့ဖြင့်ပြီးခဲ့သည့် ဇွန်လအတွင်း ခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ လျှောက်လွှာတင်ခဲ့ကြောင်း ထားဝယ် အလုပ် သမား အဖွဲ့အစည်း (DLO) ၏ ဥက္ကဋ္ဌ ဦးဇော်မင်းထိုက်၏ ပြောကြားချက်မှ သိရသည်။ အဆိုပါ အဖွဲ့ ဖွဲ့စည်းရခြင်း အကြောင်းမှာ ထားဝယ်စီမံကိန်းတွင် လုပ်ကိုင်မည့် အလုပ်သမားများအနေဖြင့် နိုင်ငံတကာ နည်းတူ တန်းတူအခွင့်အရေး ရရှိ စေရေး၊ အလုပ်ရှင်နှင့် အလုပ်သမားကြား တရားမျှတစွာ ညှိနှိုင်းဆောင်ရွက်နိုင်ရေး နှင့် အလုပ်သမားများ တစ်ဦးချင်းစီ၏ (Individual Skill) မြင့်တက်စေပြီး ကုန်ထုတ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်စေရေး စသည့် ရည်ရွယ်ချက် (၃) ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

---------------------------------------------------------------------------------

ယခင်က မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သော လယ်ယာမြေဥပဒေများ၌ တောင်သူလယ်သမားများ၏ အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်သည့် အချက်များ ပါဝင်မှုနည်းပါးခဲ့ပြီး ငွေရှင်ကြေးရှင် လူတန်းစားများအတွက်သာ အလေးပေးရေးဆွဲထား သည့် အချက်များ အများဆုံးပါဝင်နေကြာင်း သိရသည်။ လယ်ယာမြေဥပဒေသစ်များ ရေးဆွဲရာတွင် တောင်သူလယ်သမား သမဂ္ဂများက တင်ပြလာသော အကြံပြုချက်များ အဓိကပါဝင်ရန်လိုအပ်ကြောင်း၊ ယင်းအတွက် တစ်နိုင်ငံလုံးတွင် တောင်သူ လယ်သမား သမဂ္ဂများ တရားဝင်ဖွဲ့စည်းသင့်ကြောင်း တောင်သူလယ်သမားရေးရာ တာဝန်ခံတစ်ဦးမှ သုံးသပ်ပြောကြား သည်။ အဆိုပါ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်းနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် အစည်း အဝေး တွင် ဆွေးနွေးနိုင်ရန်အတွက် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။


နိုင်ငံရေး

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၏ ရွေးကောက်တင်မြှောက်ပုံစနစ် ပြောင်းလဲရေးနှင့် ပတ်သက်ပြီး လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသဖြင့် ဆက်လက်ဆောင်ရွက်သွားမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဇွန်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ပြောကြားသွားခဲ့သည်။


ပညာရေး

လွတ်လပ်ခိုင်မာသော တက္ကသိုလ်ဥပဒေ တစ်ခုပြဋ္ဌန်းရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဇွန်လ ၃၀ ရက်နေ့တွင် နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ပြုလုပ်သော Empowering Higher Education ဆွေးနွေးပွဲတွင် ၎င်း၏ ပြောကြားချက်မှ သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ၁၉၇၄ ဥပဒေအား ပယ်ဖျက်နိုင်ရန် (သို့) လွတ်လပ်သော တက္ကသိုလ်အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်အတွက် မူကြမ်းရေးဆွဲလျက်ရှိကြောင်း သိရသည်။ အဆိုပါ မူကြမ်းထွက်ရှိလာပါက ပြည်သူများအား ထုတ်ပြန်၍ ပြင်ဆင်ခွင့်၊ ဆွေးနွေးခွင့်များလည်း ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

သြစတြေးလျနိုင်ငံ အခြေစိုက် သတ္တုတူးဖော်ရေး ကုမ္ပဏီ Eumeralla Resources က ပြည်တွင်းမိတ်ဖက် ကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်း၍ ကယားပြည်နယ်တွင် သံဖြူ နှင့် သံကြွပ်သတ္တု ရှာဖွေတူး ဖော်ရန်စီစဉ်နေသည်ဟု အဆိုပါကုမ္ပဏီ၏ ကြေညာ ချက်မှ သိရသည်။ အဆိုပါ ကုမ္ပဏီသည် ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Energy Resources Group နှင့် ပူးပေါင်းကာ ကယားပြည်နယ် ဘော်လခဲဒေသ မော်ချီးသတ္တုတွင်း ဧရိယာရှိ စတုရန်းမီတာ ၄၀၀ ခန့်ကျယ်ဝန်းသော နေရာ တွင် သတ္တုရှာဖွေတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း Eumeralla Resources ထံမှ သိရသည်။ စီမံကိန်း၏ ၇၀ ရာခိုင်နှုန်းကို Eumeralla Resources က ပိုင်ဆိုင်မည် ဖြစ်ပြီး Myanmar Energy Resources Group က ကျန် ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်သည်။ အဆိုပါကုမ္ပဏီက သတ္တုတွင်းဝန်ကြီးဌာနထံမှ တရားဝင်ခွင့်ပြုချက် ရရှိရန် စောင့်ဆိုင်းနေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

-------------------------------------------------------------------------

ဖွံ့ဖြိုးဆဲနိုင်ငံများသို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာစေရန်အတွက် အာမခံဆောင်ရွက်ပေးသည့် ကမ္ဘာ့ဘဏ် အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Multilateral Investment Guarantee Agency Convention – MIGA အား မြန်မာနိုင်ငံ သို့ ဝင်ရောက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ မှ ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ သဝဏ်လွှာတစ်ရပ်ပေးပို့ကာ တိုက်တွန်းခဲ့ကြောင်း သိရသည်။ အဆိုပါ MIGA အဖွဲ့မြန်မာ နိုင်ငံသို့ ဝင်ရောက်လာပါက ကမ္ဘာ့ဘဏ်အုပ်စုဝင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ပိုမိုတိုးတက်လာ မည်ဖြစ် ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အပေါ်တွင် ပိုမို အထောက်အကူ ဖြစ်စေနိုင်သောကြောင့် ပြည်ထောင်စုလွှတ်တော် အနေဖြင့် အတည်ပြုပေး ရန်ရှိနေသည်။

---------------------------------------------------------------------------------------

မြန်မာနိုင်ငံမှ လာမည့် ၂၀၁၃ ဒီဇင်လာ၌ စတင်ကျင်းပပြုလုပ်မည့် (၂၇) ကြိမ်မြောက် Sea Games ပြိုင်ပွဲကို တိုက်ရိုက် ထုတ်လွင့်နိုင်ရန်အတွက် နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်သော မြန်မာ့ရုပ်မြင်သံကြား (MRTV) က စင်ကာပူနိုင်ငံအခြေစိုက် အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သော Grass Valley ကိုရွေးချယ်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်မှ သိရသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment