Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. Time မဂ္ဂဇင်း ပိတ်ပင်ခြင်းအပေါ် စိုးရိမ်မှုကို မြန်မာအစိုးရ ရှင်းလင်းဖြေလျှော့

(Channel News Asia မှ 1 July 2013 ရက်စွဲပါ “Myanmar attempts to ease concern over magazine ban” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ခရီးသွားများစီးဝင်လာမှုကို ကိုင်တွယ်မည့် မြန်မာလေဆိပ်အသစ်

(Bernama News မှ 1 July 2013 ရက်စွဲပါ “Myanmar’s new airport to cope with surge of tourists ”သတင်း ကို ဘာသာပြန်ဆိုပါသည်)

  1.  ရခိုင်ပြည်နယ်မှ လက်တလော အကြမ်းဖက်မှုအပေါ်  UNHCR  စိုးရိမ်

( Anadolu  Agency  New မှ 28 Jun 2013 ရက်စွဲပါ  “ UNHCR concerned over violence in Myanmar ” သတင်းကို ဘာသာပြန်ဆိုသည် )


Time မဂ္ဂဇင်း ပိတ်ပင်ခြင်းအပေါ် စိုးရိမ်မှုကို မြန်မာအစိုးရ ရှင်းလင်းဖြေလျှော့

(Channel News Asia မှ 1 July 2013 ရက်စွဲပါ “Myanmar attempts to ease concern over magazine ban” သတင်း ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ် TIME မဂ္ဂဇင်းစာစောင်ပိတ်ပင်မှုအပေါ် စိုးရိမ်ပူပန်မှုများ ကို မြန်မာအစိုးရက ဖြေလျှော့ပေးရန် ကြိုးစားနေပါသည်။

“Time မဂ္ဂဇင်း ပိတ်ပင်မှုသည် မီဒီယာဆင်ဆာဖြတ်သော နေ့ရက်များသို့ ပြန်သွားနေသည့် လက္ခဏာမဟုတ်ပါ” ဟု ပြန်ကြားရေးဒုဝန်ကြီး ကပြောကြားသည်။

အဆိုပါ Time မဂ္ဂဇင်းစာစောင်တွင် မြန်မာနိုင်ငံမှ အငြင်းပွားဖွယ် ဘုန်းတော်ကြီး ဦးဝီရသူနှင့် လူမျိုးရေးအကြမ်း ဖက်မှု ဇာတ်ကြောင်းကို ရေးသားတင်ပြထားသည်။

၎င်းဆောင်းပါးသည် အထင်အမြင်လွဲစေနိုင်သည့်အပြင် လူမျိုး၊ ဘာသာကွဲများအကြား အပြန်အလှန်လေးစားမှုကို တည်ဆောက်နေသည့် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို ထိခိုက်စေသည်ဟု မြန်မာအာဏာပိုင်များက ဆိုပါသည်။

ယခု ပိတ်ပင်မှုသည် သာမာန်မဟုတ်သော ထူးခြားကိစ္စတစ်ခုဖြစ်ပြီး၊ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် မဖြစ် မနေ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

“လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ ဖြစ်အောင် အားပေးတာမျိုး မဖြစ်သင့်ဘူးဆိုတဲ့ အချက်ကို ဒီစာစောင် ပိတ်ပင်ခြင်းအားဖြင့် အစိုးရက ရှင်းရှင်းလင်းလင်း အသိပေးလိုက်တာပါ။ အစိုးရက လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်နေတယ်ဆိုတာကို ကျွန်တော်တို့က ပြတ်ပြတ်သားသား အသိပေးချင်တာ ဖြစ်ပါတယ်။ ဒါကို ဘာသာရေးပြဿနာ တစ်ရပ်လို ပုံဖော်ဆွေးနွေးတာမျိုး နောက်ထပ်မလုပ်သင့်ပါဘူး။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တနင်္ဂနွေနေ့က ရန်ကုန်မြို့လယ်တွင် သံဃာတော်များအပါအဝင် လူ ၄၀၀ ခန့်က Time မဂ္ဂဇင်း ပိတ်ပင်မှုကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် ပြသခဲ့ကြသည်။

၎င်းဆောင်းပါးသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ပိုမိုဖြစ်ပွားအောင် လှုံဆော်ရာရောက်သည်ဟု ခံစားမိ ကြောင်း၊ အချို့ကမှတ်ချက်ပေးကြသည်။

ယခု သတင်းပတ်ကုန်ရက်က ရခိုင်ပြည်နယ် သံတွဲမြို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော်လည်း ပြန်လည် ငြိမ်သက်သွားပြီဟု မြန်မာအာဏာပိုင်များက ပြောကြားပါသည်။

ဗုဒ္ဓဘာသာကိုးကွယ်သော သီရိလင်္ကာနိုင်ငံကလည်း အဆိုပါ Time မဂ္ဂဇင်း စာစောင်ကို အလားတူ ပိတ်ပင်ထား သည်ဟု သိရှိရသည်။


ခရီးသွားများစီးဝင်လာမှုကို ကိုင်တွယ်မည့် မြန်မာလေဆိပ်အသစ်

(Bernama News မှ 1 July 2013 ရက်စွဲပါ “Myanmar’s new airport to cope with surge of tourists”သတင်းကို ဘာသာပြန်ဆိုပါသည်

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ရောက်လာပြီးနောက်ပိုင်း ခရီးသွားတိုးရစ်များ ဒလဟော စီးဝင်လာတော့မည့် အခြေအနေကို ကိုင်တွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံတကာလေဆိပ်သစ် အကောင်အထည် ဖေါ်မှုကို စတင်ရန်စီစဉ်နေပြီ ဖြစ်သည်။

ဟံသာဝတီနိုင်ငံတကာလေဆိပ် စီမံကိန်းသည် ရန်ကုန်မြို့တော်အနီး ပဲခူးဒေသတွင်တည်ရှိပြီး ၉၆၉၀ ဧက (၃၉၂၄ ဟက်တာ) ကျယ်ဝန်းသည်ဟု သိရှိရပါသည်။

အမေရိကန်ဒေါ်လာ ၁ ဘီလီယံကုန်ကျမည့် ၎င်းစီမံကိန်းကို ၂၀၁၇ ဒီဇင်ဘာလတွင် ပြီးစီးရန် ရည်မှန်းထားသည်။

ဆောက်လုပ်ရေးတင်ဒါအတွက် စိတ်ဝင်စားကြောင်းအဆိုပြုလွှာ တင်သွင်းထားသည့် ကုမ္မဏီ ၃၀ အနက်မှ ငွေကြေးအင်အား၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ ပစ္စည်းကိရိယာအားကောင်းမှုတို့ပေါ် မူတည်ကာ ဆန်ကာတင် ကုမ္မဏီ ၇ ခုရွေးချယ်ထားသည် ဟု လေကြောင်းဦးစီးဌာနက ဆိုပါသည်။

ဆန်ကာတင်အရည်အချင်းစစ်ဆေးမှုအောင်မြင်သော ကုမ္မဏီများသည် မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ အများပိုင်-ပုဂ္ဂလိကပိုင် လက်တွဲမှုဖြင့်တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း BOT စနစ်ဖြင့် အကောင် အထည်ဖော်မည့် လေဆိပ်သစ်စီမံကိန်းအတွက် တရားဝင် တင်သွင်းကြရမည် ဟု လေကြောင်းဦးစီးဌာနက ပြောကြားသည်။

သို့ရာတွင် Incheon Airport Consortium, Yongram-CAPE- JGC Consortium, Vinci Airport နှင့် Taisei Corporation ကုမ္မဏီ ၄ ခုသာလျှင် ကန်ထရိုက် တင်ဒါတင်သွင်းခဲ့ကြသည်ဟု သိရှိရသည်။

တင်ဒါအောင်သူကို ဇူလိုင်လတွင် အပြီးသတ်ရွေးချယ်ထုတ်ပြန်မည်ဟု လေကြောင်းဦးစီးဌာနက ပြောကြားသည်။

၎င်းလေဆိပ်ကို Airbus-380 လေယာဉ်နှင့် ကုန်တင်လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန်နှင့် တစ်နစ်လျှင် ခရီးသွား ၁၂ သန်းလက်ခံ ကိုင်တွယ်နိုင်ရန် ဒီဇိုင်းထုတ်မည်ဖြစ်ပြီး တစ်နှစ်လျှင် ခရီးသွားဧည့်သည် ၃၅ သန်း အထိ တိုးချဲ့လက်ခံ နိုင်မည်ဟုဆိုသည်။

ဟံသာဝတီလေဆိပ် တည်ဆောက်နေစဉ်ကာလအတွင်း ရန်ကုန်လေဆိပ်ကိုလည်း လက်ရှိခရီးသွား ၂.၇ သန်း ကို ဝန်ဆောင်မှုပေးနေရာမှ တစ်နှစ်လျှင် ၆ သန်းအထိ လက်ခံနိုင်ရန် အဆင့်မြှင့်တင်သွားမည်ဟု သိရသည်။

ဧရိယာ ၁၀၀၀ ဧက ကျယ်ဝန်းသော ရန်ကုန်လေဆိပ်သည် ၂၀၁၂ ခုနှစ်တွင် ခရီးသွားဧည့်သည် ၅၀၀,၀၀၀ (ငါးသိန်း) နီးပါးဝင်ရောက်လာခဲ့ပြီးနောက် ၂၀၁၇ တွင် ခရီးသည် ၆ သန်း အထိဝင်ရောက်လာဖွယ် ရှိသည်ဟု မျှော်လင့်ရသည်။

နိုင်ငံတကာနှင့်ယှဉ်လျှင် ခရီးသွားဧည့်သည် အဝင်အထွက် ခန်းခြောက်သည်ဟု ဆိုနိုင်သော မြန်မာနိုင်ငံတွင် မကြုံစဖူး အပြောင်းအလဲများ ရှိလာသောကြောင့် ဧည့်သည်များလှိမ့်ဝင်လာတော့မည်ဖြစ်ရာ ၊ ဟံသာဝတီ လေဆိပ်စီမံကိန်း အကောင်အထည်ဖော်မှု မြန်ဆန်လာတော့မည်ဖြစ်သည်။

အမှန်စင်စစ် ဟံသာဝတီလေဆိပ်စီမံကိန်းကို ၁၉၉၆ ခုနှစ်ကတည်းက ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ အကြောင်းအမျိုးမျိုး ကြောင့် မလေးရှား အခြေစိုက်ကုမ္မဏီ၏ အကောင်အထည်ဖော်မှု ရပ်ဆိုင်းသွားခဲ့သည်။

မြန်မာနိုင်ငံသည် အရပ်ဖက် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို အားပေးမြှင့်တင်ရန်အတွက် ပြည်တွင်းလေဆိပ် စီမံခန့်ခွဲမှုအားလုံးကို ပုဂ္ဂလိကသို့ လွှဲပြောင်းမည့် အစီအစဉ်ကိုလည်း ဆောင်ရွက်လျက်ရှိ သည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ရန်ကုန်၊ မန္တလေး (တံတားဦး)၊ နေပြည်တော် နိုင်ငံတကာလေဆိပ် ၃ ခု အပြင် နောက်ထပ် ပြည်တွင်းလေဆိပ် စုစုပေါင်း ၂၉ ခုကိုဖွင့်လှစ်ဝန်ဆောင်မှုပေးနေပါသည်။

မြန်မာနိုင်ငံသို့ ပျံသန်းနေသော နိုင်ငံတကာလေကြောင်းလိုင်း ၂၄ လိုင်းရှိပြီး၊ ပြည်တွင်းပြေးဆွဲသော လေကြောင်း လိုင်း ၇ လိုင်းရှိသည်ဟု သိရှိရသည်။


 ရခိုင်ပြည်နယ်မှ လက်တလော အကြမ်းဖက်မှုအပေါ်  UNHCR  စိုးရိမ်

( Anadolu  Agency  New မှ 28 Jun 2013 ရက်စွဲပါ  “ UNHCR concerned over violence in Myanmar ” သတင်းကို ဘာသာပြန်ဆိုသည် )

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည် IDPs နှစ်ဦးနှင့် ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ကြာသပတေးနေ့က ဖြစ်ရပ်အပြီးတွင် တင်းမာမှုနှင့် အကြမ်းဖက်မှု ကြီးထွားလာခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း UNHCR  ပြောရေးဆိုခွင့်ရှိသူ အေဒရီးယမ် အက်ဒွပ်က ပြောကြားလိုက်ပါသည်။

ကုလသမဂ္ဂ ဂျီနီဗာရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သော အက်ဒွပ်က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းတွင် အခင်းဖြစ်ပွားခဲ့ကြောင်းနှင့် ၄င်းဒေသရှိ အိုးအိမ်မဲ့ ရိုဟင်ဂျာ ၄၄၀၀ ခန့်အတွက် ယာယီ အမိုးအကာများကို UNHCR  က ထောက်ပံ့ထားကြောင်း ပြောကြားပါသည်

“ရိုဟင်ဂျာ အိုးအိမ်မဲ့ဒုက္ခသည်များကို ခွဲခြားထားကာ ၊ မူလ နေရာများတွင် ပြန်မနေအောင် တားဆီးမည် ဟူသော ကောလဟလသတင်းမှားများကြောင့် အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရပြီး၊ အိုးအိမ်မဲ့ ဒုက္ခသည်များက အနီးရှိ တပ်စခန်းရှေ့တွင် စုဝေးကာ ခေါင်းဆောင်ကို လွှဲပြောင်းပေးရန် တောင်းဆိုမှုကြောင့် အာဏာပိုင်များက သေနတ်ပစ် ဖောက် လူစုခွဲရာမှ ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်”   ဟု အက်ဒွပ်က ရှင်းလင်းပြောကြားသည်။

“ ထိခိုက်ဒဏ်ရာသူများအတွက် ဆေးကုသမှု အဆင်ပြေ လွယ်ကူစေရန်အတွက် UNHCR  ဝန်ထမ်းများ အချိန်တို အတွင်း ရောက်ရှိသွားခဲ့ကြောင်းနှင့်  မိမိတို့အနေဖြင့် ကျေးရွာခေါင်းဆောင်နှင့် သူ့မိသားစု ဘေးကင်းလုံခြုံရေးကို စိုးရိမ်ပူပန် နေကြောင်း” အက်ဒွပ်က ဆက်လက်ပြောဆိုပါသည်။

အခင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် UNHCR က တောင်းဆိုထားပြီး နောက်ထပ် အကြမ်းဖက်မှု လှုံဆောင်ခြင်းနှင့် အသက်ဆုံးရှုံးခြင်းများ မဖြစ်အောင် ရှောင်ရှားနိုင်ရန်အတွက် ယခုကိစ္စကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ကိုင်တွယ် ဖြေရှင်းရန် အာဏာပိုင်များကို မေတ္တာရပ်ခံထားသည်ဟု UNHCR ပြောရေးဆိုခွင့်ရှိသူက  ဆိုပါသည်။

အက်ဒွပ်က ဆက်လက်၍ ဆိုင်ရာအသိုင်းအဝိုင်းများအကြား မကျေလည်မှုများကို ဖြေရှင်းရန် ဒိုင်ယာလော့ ဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ပြီး၊  အစိုးရအနေဖြင့် လူထုအသိုင်းအဝိုင်းများနှင့် ယုံကြည်မှု တည်ဆောက်ကာ ပြန်လည် သင့်မြတ်ရေးကို  အားပေးသင့်ကြောင်းနှင့် သို့မှသာ အိုးအိမ်မဲ့ ဒုက္ခသည်များ ၄င်းတို့၏ မူလနေရာများသို့ ပြန်နိုင်ကြမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ဇွန်လ အကြမ်းဖက်မှု နောက်ပိုင်းတွင် အိုးအိမ်မဲ့ဒုက္ခသည် ၁၄၀,၀၀၀ ခန့်ရှိနေသည်ဟု တရားဝင်ကိန်းဂဏန်းများအရ သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment