Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. သီလဝါစီမံကိန်းဇုန်အတွက် ဖယ်ရှားပေးခဲ့ရသည့် ဒေသခံများ၏ မြေနေရာများအား ကာလပေါက်ဈေးတိုင်းပေးစေလို
  2. ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော် ဘတ်ဂျက်သာ သုံးစွဲရန် ကာ/လုံ အစည်းအဝေးမှ ဆုံးဖြတ်ချက်ချမှတ

သီလဝါစီမံကိန်းဇုန်အတွက် ဖယ်ရှားပေးခဲ့ရသည့် ဒေသခံများ၏ မြေနေရာများအား ကာလပေါက်ဈေးတိုင်း ပေးစေလို

မြန်မာနိုင်ငံ သီလဝါဒေသအတွင်း ဆိပ်ကမ်းတိုးချဲ့တည်ဆောက်မည့် နယ်မြေများရှိ ဒေသခံများကို မြေလျော်ကြေးငွေ ပေးအပ်ရာတွင် လက်ရှိ ကာလပေါက်ဈေး အတိုင်းသာ ပေးအပ်ရန် ဒေသခံများက တောင်းဆိုခဲ့ကြကြောင်း သိရသည်။ သီလဝါဆိပ်ကမ်း တည်ဆောက်ရာတွင် လွတ်ကင်းမှုမရှိသည့် မြေကွက် အမှတ် ၂၁၊၂၂၊၂၅ နှင့် ၂၆ အနီးဝန်းကျင်ရှိ ရွှေပြည်သာယာရပ်ကွက်၊ ဘေးပေါက်ကျေးရွာမှ ဒေသခံများ မှ ထိုကဲ့သို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

“အခု နိုင်ငံတော်ရဲ့ မဖြစ်မနေ လုပ်ရမယ့်လုပ်ငန်းအတွက် ကျွန်တော်တို့ ပြောင်းရွှေ့ပေးပါမယ်။ ညင်ညင်သာသာ အေးအေးချမ်းချမ်းနဲ့ ဖယ်ရှားပေးပါမယ်။ တစ်ခုပဲ တောင်းဆိုချင်တာက ဖယ်ရှားပေးရတဲ့ မြေနေရာအတွက် ဒေသပေါက်ဈေးထက် မနည်းအောင် စဉ်းစားပေးဖို့ အတွက်ပါ” ဟု သီလဝါဒေသရှိ ရွှေပြည်သာ ရပ်ကွက်နေသူ ဒေသခံတစ်ဦးမှ ပြောကြား သွားခဲ့သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များနှင့် သီလဝါဒေသခံများ ဇူလိုင်လ ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွင် ဒေသခံများဘက်မှ အဓိကအနေဖြင့် အချက်သုံးချက်ကို တောင်းဆို ခဲ့ကြသည်။ ယင်း အချက်များမှာ မိမိတို့မြေယာများအတွက် လျော်ကြေးငွေကို ကာလပေါက်ဈေး အတိုင်းသာ ရလိုကြောင်း၊ ဒေသခံများအနေဖြင့် ရေလုပ်သမားများဖြစ်သည့် အလျောက် ပြောင်းရွှေ့ပြီးပါက မိမိတို့အတွက် အလုပ်အကိုင်နှင့် နေထိုင်ရန် နေရာ စီစဉ်ပေးရန်တို့ပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့က  ဒေသခံတွေနဲ့ ဆွေးနွေးပြီး အထက်ကို ပြန်တင်ပြရ ဦးမယ်။ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆောင်ရွက် ပေးဖို့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ အထွေထွေမန်နေဂျာက ပြောကြားခဲ့သည်။

သီလဝါဆိပ်ကမ်း တည်ဆောက်ရန်အတွက် မြေကွက်တစ်ကွက်လျှင် မျက်နှာစာ အလျား မီတာ ၂၀၀၊ ကုန်းတွင်းဘက် သို့ မီတာ ၇၅၀ (အကျယ် ၃၇ ဒဿမ ၀၆ ဧက) ရှိ မြေကွက် စုစုပေါင်း ၃၇ ကွက်ကို တူးဖော်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ မြေကွက်များမှာ ၂၀၀၀ ခုနှစ်တွင် ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ၃၉ အရ သီလ၀ါဆိပ်ကမ်းမြေ အဖြစ် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်မှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အား ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။

“အိုးအိမ်က ၁၉၉၅ ခုနှစ်ထဲက သီလဝါဒေသရှိ ကမ်းရိုးတန်းတစ်လျှောက်ကို သိမ်းပြီးသားမြေကို ငွေလဲ အမ်းပြီးသား ပါ။ အစိုးရလည်း ၁၉၉၅ ခုနှစ်ထဲက တရားဝင်ဆိပ်ကမ်း အာဏာပိုင်မြေ အဖြစ်ပေးပြီးသားပါ” ဟု၎င်းက ထပ်လောင်းပြောကြား သွားခဲ့သည်။

လက်ရှိအချိန်တွင် ယင်းမြေကွက်များပေါ်၌ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ ရွှေတောင်ကုမ္မဏီ၊ မက်စ်မြန်မာဝန်ဆောင်မှု ကုမ္မဏီ၊ IGE Service Co.Ltd၊ ဒိုင်းမွန်းစတား ကုမ္မဏီ၊ မြတ်မေတ္တာမွန် ဝန်ဆောင်မှုကုမ္မဏီ နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အစည်း အသီးသီးမှ ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများကို တည်ဆောက် လျက်ရှိသည်။ အဆိုပါ သီလဝါဆိပ်ကမ်းတည်ဆောက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာသန်း ၂၀၄ သန်း ရရှိထားသည်။


ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော် ဘတ်ဂျက်သာ သုံးစွဲရန် ကာ/လုံ အစည်းအဝေးမှ ဆုံးဖြတ်ချက်ချမှတ်

နိုင်ငံတော်သမ္မတထံသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး အမြန်ဆုံး ခေါ်ယူပေးရန် သ၀ဏ်လွှာပေးပို့ချက်အရ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်၌ ကာ/လုံ အစည်းအဝေးကို ကျင်းပခဲ့ပြီး အဆိုပါ အစည်းအေးတွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော် ဘတ်ဂျက် ကိုသာ သုံးစွဲရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းအစည်းအဝေး၌ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ငွေကြေး အကူအညီများ လိုအပ်မည် ဖြစ်သည့်အတွက် ပြည်ပမှ ငွေကြေး အကူအညီများကို မျှော်လင့်မနေဘဲ နိုင်ငံတော်ဘတ်ဂျက်ဖြင့်သာ သုံးစွဲရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ အထူးသုံးစွဲ ရန် သတ်မှတ်ပေးထားသော ဘတ်ဂျက်တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းတွင် သုံးစွဲရန်ပာူသော ခေါင်းစဉ်တစ်ခု အနေဖြင့်ပါဝင်ပြီး ဖြစ်သောကြောင့် အဆိုပါငွေများကို ပေးထားပြီး ဘတ်ဂျက်ထဲမှသာ သုံးစွဲသွားရမည်ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ပြောကြားသည်။

“ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ ငွေကြေးပစ္စည်းနဲ့ အထောက်အပံ့များ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ပြင်ပနိုင်ငံ၊ ပြင်ပအဖွဲ့အစည်းများ ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် အဓိက မထားဘဲ ပြည်သူများရဲ့ ဘဏ္ဍာ၊ နိုင်ငံရဲ့ဘဏ္ဍာငွေကြေးများကို သုံးစွဲပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်။ ဆုံးဖြတ်ကြ ပါတယ်။ ဒီနေရာမှာ ဘေးထွက်ဆိုးကျိုးဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး မိမိတို့ နားလည်လက်ခံထားတဲ့ အချက်က ငြိမ်းချမ်းရေးရ အောင် တည်ဆောက်တဲ့အခါမှာ ဥပဒေနဲ့ မညီရင်၊ ပြည်သူများရဲ့ ဘဝလုံခြုံရေးကို အကာအကွယ် မပေးနိုင်တဲ့ ဖြစ်စဉ်များ ဖြစ်ရပ်မျိုးများဖြစ်လာရင် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဖို့ လည်း စဉ်းစားသုံးသပ်ကြပါတယ်” ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်း က ကာ/လုံ အစည်းအဝေးနှင့် ပတ်သက်၍ ပြောကြားသည်။

အဆိုပါ ကာ/လုံ အစည်းအဝေးတွင်  နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း အချို့သော ကိစ္စရပ်များတွင် မလိုလားအပ်သော ကိစ္စရပ်များဖြင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာစေမည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဆွေးနွေးသည့် အချက်များအပေါ် မူတည်၍ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မည်သို့ဖြေရှင်းနေသည်ကို သိရှိခဲ့ရပြီးဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိအောင် မဖြစ်မနေ ကြိုးစားလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ယခုအစည်းအဝေးသည် နိုင်ငံ၊ နိုင်ငံသားများနှင့် ငြိမ်းချမ်းရေးအတွက် အင်မတန်အကျိုးရှိ သည့် ဆွေးနွေးပွဲတစ်ခု ဖြစ်သည့်အတွက်  ပြည်တွင်း ပဋိပက္ခများ ကြောင့် ယခင်က မပြုလုပ်ဖြစ်ခဲ့သော ကာ/လုံ အစည်းအဝေးများကို လာမည့် လွှတ်တော်ကာလများအတွင်း အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် ပြန်လည်ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြောကြားသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ Myanmar Peace Center မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက “လက်ရှိမှာ ကောလာဟာလတွေ ပြောနေကြသလို နိုင်ငံခြားက ငြိမ်းချမ်းရေး အတွက် တကယ် လောက်လောက်လားလား ထောက်ပံ့မှုများ မရှိပါဘူး။ ပြည်တွင်းမှာ တကယ်ငြိမ်းချမ်းရေး ဖြစ်လာလို့ ထောက်ပံ့မယ် ဆိုရင်လဲ ပညာရှင်တွေနဲ့ စနစ်တကျ ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် နိုင်ငံတော်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ ပါဝင်ကြောင်း သိရသည်။


              

              

              

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment