Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ဗဟိုဘဏ်ဥပဒေ တစ်ပတ်အတွင်း အတည်ပြုဖွယ်ရှိ
  2. အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် UWSA တို့ဇူလိုင် ၁၂ ရက်နေ့တွင်  တွေ့ဆုံဆွေးနွေးရန်ရှိ
  3. အထူးစီးပွားရေးဇုန် ဥပဒေသစ် ထုတ်ပြန်ပြဋ္ဌာန်း

ဗဟိုဘဏ်ဥပဒေ တစ်ပတ်အတွင်း အတည်ပြုဖွယ်ရှိ

ပြည်ထောင်စုလွှတ်တော်မှ ဇူလိုင်လ ၈ ရက်နေ့တွင် အတည်ပြုခဲ့သော ဗဟိုဘဏ် ဥပဒေကြမ်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လာမည့် တနင်္ဂနွေနေ့ ဥရောပခရီးစဉ် မတိုင်ခင် လက်မှတ်ရေးထိုးအတည်ပြုဖွယ်ရှိကြောင်း သမ္မတရုံး၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

ဗဟိုဘဏ်ဥပဒေကြမ်းတွင် ဗဟိုဘဏ် ဥက္ကဋ္ဌမှာ ပြည်ထောင်စုအဆင့် ဝန်ကြီးဖြစ်ရမည်ဖြစ်ပြီး ဥက္ကဋ္ဌနှင့် ၎င်း၏ လက်ထောက် သုံးဦးတို့ကို လွှတ်တော်၏ အတည်ပြုချက်ဖြင့် သမ္မတက ခန့်အပ်ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယင်းဥပဒေအရ ဗဟိုဘဏ်မှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ခံ မဟုတ်တော့ဘဲ ဗဟိုဘဏ်၏ ဥပဒေ၊ နည်းဥပဒေများကို ဗဟိုဘဏ်ကိုယ်တိုင် အမှီအခိုကင်းကင်းဖြင့် ရေးဆွဲရမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကိုမူ ပြည်သူလူထုအား ထုတ်ပြန်ကြေညာခြင်း မပြု သေးပေ။

“ဒီထူးခြားတဲ့ အဖြစ်အပျက်ဟာ ဗဟိုဘဏ်ကို အမှီအခိုကင်းစွာနဲ့ ရပ်တည်နိုင်ပါလိမ့်မယ်။ ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန လက်အောက်ခံ မဟုတ်တော့ဘူး။ ဒါဆိုရင် ဗဟိုဘဏ်ဟာ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက် နိုင်ပါလိမ့်မယ်”ဟု ဗဟိုဘဏ်မှ ဝန်ထမ်းတစ်ဦးက ပြောကြားကြောင်း သိရသည်။

ဗဟိုဘဏ် ဥပဒေကြမ်းကို သမ္မတက “၎င်းနှင့်ပတ်သက်သည့် စည်းမျဉ်းများ၊ နည်းဥပဒေများကို ထုတ်ပြန်ခွင့်ရှိသည်”ဟူသည့် အချက်အပေါ် အခြေခံဥပဒေနှင့် မညီဟူသော သဘောထားမှတ်ချက်နှင့် လွှတ်တော်သို့ ပေးပို့ခဲ့သည်ကို လွှတ်တော်က လက်မခံဘဲ မူလအတိုင်း ဇူလိုင်လ ၈ ရက်နေ့က အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူလအတိုင်း အတည်ပြုထားသော ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က သမ္မတထံ ပြန်လည်ပေးပို့ခဲ့သည်ဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၀၆ အပိုဒ်ခွဲ (ခ) အရ ခုနှစ်ရက်အတွင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာရမည်ဖြစ်သည်။


အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် UWSA တို့ဇူလိုင် ၁၂ ရက်နေ့တွင်  တွေ့ဆုံဆွေးနွေးရန်ရှိ

မြန်မာနိုင်ငံ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် “၀”ဒေသမှခေါင်းဆောင်များပါဝင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ၁၂ ရက်မှာကျိုင်းတုံကိုသွားပါမယ်။ အဲ့ဒီနေ့မှာပဲတွေ့ဖို့များတယ်” ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၏ ကိုယ်ရေးအရာရှိမှ ပြောကြားခဲ့သည်။

ကျိုင်းတုံ၌ ပြုလုပ်မည့် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ “၀”သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA မှ “၀” တောင်ပိုင်း ဒေသ၏ စီးပွားရေး အကြီးအကဲ၊ “၀”တောင်ပိုင်းတပ်မဟာမှူးတို့နှင့်အတူ “၀”တောင်ပိုင်းမှ တာဝန်ရှိ သူများပါဝင်မည်ဖြစ်ကာ ပြည် ထောင်စုအစိုးရဘက်မှ ဦးသိန်းဇော်အပါအ၀င် စစ်ဘက်ဆိုင်ရာမှ တာဝန်ရှိသူများ လည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 လာမည့် ဇူလိုင်လ ၁၂ ရက် ကျိုင်းတုံ တွေ့ဆုံဆွေးနွေးပွဲတွင် UWSA အနေဖြင့် တပ်မတော်နှင့် လက်ရှိဖြစ်ပွား နေသော တင်းမာမှုများကို ဆွေးနွေးညှိနှိုင်း လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်းနှင့် အောင်မြင်စွာအကောင် အထည်ဖော်နိုင်လိမ့်မည်ဟုလည်း ယုံကြည်ကြောင်း UWSA မှ ပြောခွင့်ရ ပုဂ္ဂိုလ်ဦးအောင်မြင့်က ပြောကြားခဲ့သည်။

UWSA သည် ၁၉၈၉ ခုနှစ်တွင် ဗမာ့ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီးနောက် မြန်မာ့စစ်အစိုးရနှင့်  အပစ်အခတ်ရပ်စဲ ရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည်။

စစ်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့ပြီး လက်ရှိကျင့်သုံးဆောင်ရွက်လျက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ (စ) တွင် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်းဆန်မြို့ နယ် စသော မြို့နယ်ခြောက်မြို့နယ်ကို ခရိုင်ခုနှစ်ခု ဖွဲ့စည်း၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးခဲ့သည်။ လက်ရှိပြည်တွင်း ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနက် ‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးအဖွဲ့ UWSA မှာအင်အား အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။


အထူးစီးပွားရေးဇုန် ဥပဒေသစ် ထုတ်ပြန်ပြဋ္ဌာန်း

ယခင်အစိုးရလက်ထက်တွင် ထုတ်ပြန်ခဲ့သော်လည်းလက်တွေ့ အသုံးပြုခြင်းမရှိသေး သည့် အထူးစီးပွားရေးဇုန် ဥပဒေနှစ်ခု ကို ရုတ်သိမ်းကာ မြန်မာ့စီးပွာရေးဇုန် ဥပဒေသစ် အား ဇူလိုင် ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုဋ္ဌာန်းလိုက်ကြောင်း သိရှိရသည်။

လက်ရှိအရပ်သား အစိုးရအာဏာ အရယူမီ ၂၀၁၁ ခုနှစ်ဇန်နဝါရီလ ၂၇ ရက်တွင် မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေ (Myanmar Special Economic Zone Law) အား ပြဋ္ဌာန်းခဲ့ကာ ယင်းနောက်မကြာမီတွင် အချိန်အတွင်း၌ပင် ထားဝယ်အထူး စီးပွား ရေးဇုန် ဥပဒေအာဒ ထပ်မံထုတ်ပြန်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် အဆိုပါကွဲပြားနေသော ဥပဒေများအားဖျက်သိမ်းပြီး အထူး စီးပွားရေးဇုန်အားလုံးအတွက် တန်းတူ သက်ရောက် မည့် ဥပဒေသစ်အား ထုတ်ပြန် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အထူးစီးပွားရေးဇုန်ဥပဒေအား ပြဋ္ဌာန်းလိုက်သည့်အတွက် မြန်မာနိုင်ငံတွင်း သို့ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စောင့်ကြည့် နေကြဆဲဖြစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အတွက် တွန်းအားတစ်ရပ်ဖြစ်စေနိုင်မည်ဖြစ်ကြောင်း စီးပွားရေးကျွမ်းကျင် သူများက သုံးသပ်ပြောကြားခဲ့သည်။

အထက်ပါဥပဒေသစ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “အခုဥပဒေကတော့ အရင်ဥပဒေကို အဆင့်ဆင့်ပြင်ဆင်ပြီးမှ ပြဋ္ဌာန်းတာ ဆိုတော့ အရင်ဥပဒေတွေထက်တော့ အကောင်းဆုံးလို့ ဆိုရမှာပေါ့။ SEZ (အထူးစီးပွား ရေးဇုန်) ဆိုတာကတော့ သာမန်စက်မှုဇုန်တွေ ထက်ပိုပြီး အခွင့်ရေးတွေ ပေးထားတယ် ဆိုတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ကိုတော့ ပိုပြီး ဆွဲဆောင်နိုင်မှာပေါ့။ ပြည်တွင်းလုပ် ငန်းရှင်တွေလည်း SEZ ထဲ ဝင်လုပ်ခွင့်ပေးထားတဲ့အတွက်လည်း ပိုပြီးအဆင်ပြေတာ ပေါ့” ဟုသုံးသပ်ပြောကြားခဲ့သည်။

သို့ရာတွင်ယခု ပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ၏ လုပ်ကိုင် ခွင့်အပေါ် အကန့်အသတ် ပြုလုပ်နေသည့် အချက်များ ပါဝင်နေကြောင်း နှင့် ထိုအချက်များကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံသို့ လာရောက် လုပ်ကိုင်ရန် စဉ်းစားဖွယ်ဖြစ်စေနိုင်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင် က သုံးသပ် ပြောကြားခဲ့ကြောင်း သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment