Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြောက်ကိုရီးယားဒုက္ခသည်များကို မြန်မာသူပုန်များ ဖမ်းဆီးထား

(The News မှ 13 July 2013 ရက်စွဲပါ “N.Korean refugees Being held by Myanmar rebels” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. တရုတ်တို့ မြန်မာနိုင်ငံတွင် ကျဆင်းနေသော ပုံရိပ်ကို မြှင့်တင်ရန် ကြိုးပမ်း

( 12 July 2013 ရက်စွဲပါ The Christian Science Monitor မှ Joseph J. Schatz ရေးသားသော Chinese firms in Myanmar attempt to fix image problem ကို ဘာသာပြန်ဆိုသည်)

  1. “ဝ” တပ်ဖွဲ့နှင့် မြန်မာအစိုးရ သဘောတူလက်မှတ်ရေးထိုး

(BBC News မှ 13 July 2013 ရက်စွဲပါ “Burma Signs treaty with Wa ethnic group” သတင်းကိုဘာသာ ပြန်ဆိုသည်)


မြောက်ကိုရီးယားဒုက္ခသည်များကို မြန်မာသူပုန်များ ဖမ်းဆီးထား

(The News မှ 13 July 2013 ရက်စွဲပါ “N.Korean refugees Being held by Myanmar rebels” သတင်းကို ဘာသာ ပြန်ဆိုသည်။)

ဒါဇင်နှင့်ချီသော မြောက်ကိုရီးယားဒုက္ခသည်များကို မြန်မာနိုင်ငံမှ သူပုန်များက ထိန်းသိမ်းထားပြီး ဘိန်းစိုက်ခင်း တွင် အဓမ္မခိုင်းစေထားသည်ဟူသော သတင်းများကို တောင်ကိုရီးယားက စတင်စုံစမ်းနေကြောင်း လူ့အခွင့်အရေးလှုပ်ရှား သူများက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့အရှေ့မြောက်ဖက် သူပုန်စခန်းတစ်ခုသို့ မြောက်ကိုရီးယားဒုက္ခသည် ၆၄ ဦးကို ခေါ်ဆောင်သွားသည်ဟူသော သတင်းထွက်ပေါ် လာပြီးနောက် စုံစမ်းမှုကို စတင်လိုက်ခြင်းဖြစ်သည်။ ဒုက္ခသည်များ သည် ၎င်းတို့၏ ဇာတိမြေ ဒုက္ခဘုံကို စွန့်ခွာထွက်ပြေးလာကာ ထိုင်းနိုင်ငံဘက်သို့ ကူးရန်ကြိုးစားစဉ် အဖမ်းခံကြရခြင်း ဖြစ်သည်ဟု Yonhap သတင်းဌာနက ဆိုပါသည်။

ဒုက္ခသည်အမျိုးသားများမှာ သူပုန်တို့၏ ဘိန်းစိုက်ခင်းတွင် အလုပ်လုပ်ကြရပြီး ဒုက္ခသည်အမျိုးသမီးများမှာမူ မူးယစ်ဆေးဝါး (သို့) အရက်ထုတ်လုပ်ရာတွင် လုပ်ကိုင် ကြရသည်ဟု တောင်ကိုရီးယားလူ့အခွင့်အရေးလှုပ်ရှားသူ ကင်ထယ်ဟီး က Yonhap သတင်းဌာနသို့ပြောကြားသည်။

သူပုန်များက ဒုက္ခသည်တစ်ဦးတိုင်းအတွက် ဒေါ်လာ ၅၀၀၀ စီတောင်းဆိုထားပြီး၊ ၎င်းတို့ လွတ်မြောက်လာစေရေး အတွက် အစိုးရ၏ အကူအညီတောင်းထားသည်ဟု မြောက်ကိုရီးယား လူ့အခွင့်ရေးတိုးတက်ရေးအတွက် ဆိုးလ်အခြေစိုက် အုပ်စုတွင် လုပ်ကိုင်နေသူ ကင်ထယ်ဟီး ကပြောကြားကြောင်း Yonhap သတင်းက ဆိုပါသည်။

ပတ်သက်နေသော သူပုန်အုပ်စု၏အမည်ကို Yonhap သတင်းဌာနက ပြောကြားခြင်း မပြုပါ။ သက်ဆိုင်ရာအစိုးရ ဌာနက ၎င်းသတင်းမှန်ကန်မှု ရှိ/မရှိ အတည်ပြုရန် လုပ်ဆောင်နေသည်ဟု တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကင်ယွန်ဆွတ် ကပြောကြားသည်။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးသာ နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဘိန်း ၁၀ ရာခိုင်နှုန်းကို ထုတ်လုပ်သည်။ ၁၉၅၃ ကိုရီးယားစစ်ပွဲ ပြီးဆုံး ပြီးနောက် မြောက်ကိုရီးယားဒုက္ခသည် ၂၅,၀၀၀ ခန့်ထွက်ပြေး လာခဲ့ကြပြီး တောင်ကိုရီးယားနိုင်ငံဖက်တွင် အခြေချနေထိုင်လျှက်ရှိသည်။

ဖမ်းမိလျှင်ပြန်ပို့ခံရသည့် တရုတ်နိုင်ငံကို ဖြတ်ကူးခြင်းဖြင့် ခရီးစတင်လေ့ရှိသော ဒုက္ခသည်များသည် ဒုတိယနိုင်ငံ အဖြစ် ထိုင်းနိုင်ငံကို အများဆုံးရွေးချယ်ကာ ရောက်အောင်သွားကြပြီးနောက် ထိုမှတစ်ဆင့် တောင်ကိုရီးယားတွင် ခိုလှုံခွင့် ရရှိရန် ကြိုးစားနေကြခြင်းဖြစ်သည်။ ဖမ်းမိလျှင် ပြန်ပို့ခံရသူများမှာမူ အကျဉ်းစခန်းများ၊ အကျဉ်းထောင်များတွင် ပြင်းထန်စွာ ပြစ်ဒဏ်ပေးခြင်းခံကြရသည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောကြားသည်။


တရုတ်တို့ မြန်မာနိုင်ငံတွင် ကျဆင်းနေသော ပုံရိပ်ကို မြှင့်တင်ရန် ကြိုးပမ်း

( 12 July 2013 ရက်စွဲပါ The Christian Science Monitor မှ Joseph J. Schatz ရေးသားသော Chinese firms in Myanmar attempt to fix image problem ကို ဘာသာပြန်ဆိုသည်)

တရုတ်သည် မြန်မာနိုင်ငံ၌ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများတွင် ရုတ်တရက် မမျှော်လင့်သော ငြင်းဆန်သည့်  အနေအ ထားကို ကြုံတွေ့လာရခြင်းကြောင့် အနောက်နိုင်ငံ ကော်ပိုရေးရှင်းများ အသုံးပြုလေ့ရှိကြသည့် စီးပွားရေးတွင် ပါဝင်သူများ၊ ပတ်ဝန်းကျင်နှင့် ကျယ်ပြန့်သော အသိုင်းအ၀ိုင်းများ အပေါ် အပေါင်းလက္ခဏာ ဆောင်သော သက်ရောက်မှုရှိစေမည့် စီးပွားရေးလုပ်ငန်း ဖြစ်စေရန် မဟာဗျူဟာကို (Corporate Social Resposibility) ကျင့်သုံးရန် ကြိုးစားလျက်ရှိပါသည်။

မကြာခင်ကအထိ အများက မြန်မာနိုင်ငံကို တရုတ်၏ ဖောက်သည်နိုင်ငံတစ်ခု အဖြစ် ရှုမြင်ခဲ့ကြသော်လည်း ယခုအခါ မြန်မာနိုင်ငံမှ တရုတ် စီးပွားရေးလုပ်ငန်းများအတွက် လိုက်နာရမည့် လမ်းညွှန်ချက်အသစ်များကို ပြီးခဲ့သည့်အပတ် က ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ လုပ်ဆောင်မှုသည် တရုတ်၏ ကျဆင်းနေသော ပုံရိပ် ပြဿနာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် သာမက အာရှနှင့် အာဖရိက နိုင်ငံများတွင် ကြေးနီ သတ္ထုတူးဖော်ခြင်း၊ ရေလှောင်တမံနှင့် ရေနံ တူးဖော်ရေးများ လုပ်ကိုင်နေ သော တရုတ် စီးပွားရေးလုပ်ငန်းများအတွက်လည်း ဖြစ်ပါသည်။ အဆိုပါ နေရာများတွင် အန္တရာယ် ကင်းရှင်းရေး ကိစ္စများ ချိုးဖောက်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကြောင့် ကန့်ကွက်မှုများ ရှိနေပါသည်။

ရန်ကုန်ရှိ တရုတ်သံရုံး၏ နိုင်ငံရေးဌာနမှ လူမှုရေးမီဒီယာဆောင်ရွက်မှုများ အကြီးအကဲ Gao Mingbo က မြန်မာ နိုင်ငံတွင် မဟာဗျူဟာပြောင်း၍ လုပ်ဆောင်မှုများကို ရှေ့ပြေး အဖြစ် ခံယူ၍ တရုတ်ကုမ္ပဏီများ နိုင်ငံခြားတွင် စီးပွားရေး လုပ်ကိုင်ရာတွင် မည်သို့ လိုက်နာရမည်ကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကျင့်သုံးမည့် ဗျူဟာမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမေရိကန်တို့ ကျင့်သုံးသော တာဝန်ယူမှုဗျူဟာပင် ဖြစ်ပါသည်။

သို့သော် တရုတ်တို့ မြန်မာနိုင်ငံတွင် ကြုံတွေ့ရသော ပြဿနာကို မြန်မာနိုင်ငံတွင် စီးပွားရေးလု့ပ်မည့် အခြားနိုင်ငံ များကလည်း သတိထားရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည်သူများသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို ဆိုးရွားစွာ ထိခိုက် မည် ဟု ယူဆရသော ရင်းနှီးမြှုပ်နှံမှုများကို ဆန္ဒပြရန် မကြောက်ရွံ့ကြ တော့ပေ။ ယခု လောလောဆယ် အများဆုံးဖြစ်လေ့ရှိ သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဆန္ဒပြမှုများမှာ မြေယာရပိုင်ခွင့်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပါသည်။

ရန်ကုန်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို အရင်ထက်ပို၍ အလေးပေးလျက် ရှိကြောင်း ရန်ကုန်အခြေစိုက် VDB – LOI မှ ရှေ့နေ Edwin Vanderbruggen က ပြောကြားခဲ့ပါသည်။ ထိုနေရာတွင် တရုတ်အပါအ၀င် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ နေရာအား ကောင်းစွာ ရပ်တည်နိုင်ရေးအတွက် အားလုံးမျှဝေ တာဝန်ယူသော နိုင်ငံသား ပီသစွာ ပြုမူရမည်ဖြစ်ပါသည်။

ယခု မဟာဗျူဟာ ပြောင်းလဲကျင့်သုံးမှုမှာ တရုတ်၏ မြန်မာနိုင်ငံမှ ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းများ စတင် အသုံးပြုရန် ပြင်ဆင်နေချိန် ဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံ၏ လူထုအခြေပြု အဖွဲ့အစည်းများအတွင်း ပိုက်လိုင်းအတွက် မြေယာ သိမ်းယူမှုများနှင့် ပတ်သက်၍ တိုး၍ ဆန္ဒပြမှုများ ရှိလာပါသည်။ ထိုနည်းတူပင် အခြား တရုတ်၏ အငြင်းပွားဖွယ် သယံဇာတ် ထုတ်ယူသော စီမံကိန်းများအတွက်လည်း ဆန္ဒပြမှုများ ရှိပါသည်။ ထိုသို့ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးတွင် စိတ်ကျေနပ် ဖွယ်ရှိသည် ဟု ခံယူထားသော ဘေဂျင်းအတွင် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါသည်။

“ဒါကတော့ ခံယူချက်အတိုင်း ဖြစ်သွားပါတယ် ဟု Mr. Gao က ပြောပါသည်။ တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် ထိခိုက်ရသည့် ဒေသခံများကို များစွာ အကူအညီများပေးခဲ့ကြောင်း၊ သို့သော် ၎င်းတို့၏ လုပ်ဆောင် မှုများကို အများသိအောင် မလုပ်ဆောင်ခဲ့ခြင်းကြောင့်ဟု ၎င်းက ဆိုပါသည်။

“ဒါကတော့ ကြီးမားတဲ့ သင်ခန်းစာ ပါပဲ။ ဒေသခံ အသိုင်းအ၀ိုင်းတွေကို တရုတ် ကုမ္ပဏီတွေ ဘာမှ လုပ်မပေးဘူးလို့ စွပ်စွဲတာတော့ တရားမျှတမှု မရှိပါဘူး” ဟု ၎င်းက ပြောပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ မြန်ဆန်စွာ ထွက်ပေါ်လာခြင်းကြောင့် တရုတ် - မြန်မာ ဆက်ဆံရေး၏ အမှန်တကယ် သဘာဝ၏ ရှုတ်ထွေးပုံများ ပုံပေါ်လာခဲ့ရပါသည်။ မြန်မာနိုင်ငံသည် သမိုင်းဝင် တရုတ် အပေါ် မှီခိုရမှုကို ချိန်ခွင်လျှာ ညှိနိုင်ရန် ကမ္ဘာကြီးကို တံခါးဖွင့်ခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပ တို့နှင့် ဆက်ဆံရေး တိုးချဲ့ခဲ့ ပါသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း စီးပွားရေးအရ ဆက်ဆံရေးတွင် ကြီးမားသော ထိခိုက်မှုများကို ကြုံခဲ့ရရာ 2011 ခုနှစ်က တရုတ်တို့၏ ရေလှောင်တမံ ဆောက်လုပ်ရေးကို သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းခဲ့ခြင်းနှင့် တရုတ် - မြန်မာ ကြေးနီစီမံ ကိန်းတို့ ဖြစ်ပါသည်။

ယခုအခါ တရုတ်အစိုးရသည် ၎င်း၏ ကျဆင်းနေသော ပုံရိပ်ကို ပြန်လည် မြှင့်တင်ရန် လိုအပ်ပုံကို သဘောပေါက် လာပါသည်။ ဘေဂျင်းသည် Coporate Social Resposibility ကိုမြှင့်တင်ရန် ရုတ်တရက် စိတ်ဝင်စားလာပြီး အကူအညီ ပေးမှုများကို လည်း လူသိအောင် ပြသရေးကို ဗျူဟာ၏ အစိတ်အပိုင်းအဖြစ် လိုအပ်ပုံကို သိရှိလာပါသည်။

ပြီးခဲ့သည့်အပတ်က သတင်းစာရှင်းလင်းပွဲတွင် တရုတ်သံရုံးနှင့် တရုတ် - မြန်မာ လုပ်ငန်းရှင်အသင်းက မြန်မာပြည် သားများ ယုံကြည်မှုရှင်းလင်းရေးအတွက် ကိုယ်ပိုင် လိုက်နာရမည့် မူများကို ထိန်းသိမ်းရန် ၊ အလုပ်အကိုင် ဖန်တီးမှုကို အာရုံပြုရန် နှင့် ဒေသခံ အသိုင်းအ၀ိုင်းများနှင့် ပိုမို ထိတွေ့ဆက်ဆံရန် ကတိပြုခဲ့ပါသည်။

နောက်ထပ် ဘာတွေ လုပ်ဦးမည်ဆိုသည်မှာတော့ မသဲကွဲသေးပေ။ တရုတ်၏ ကြိုးပမ်းမှုများမှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ဘေဂျင်းအနေဖြင့် အရေးတကြီး နေရာတွင် သတ်မှတ်ထားသည်ကိုမူ ပြသလျက် ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် အနောက်၏ ပြိုင်ဆိုင်မှုများက တိုးလာလျက်ရှိပါသည်။ ဥပမာအားဖြင့် တရုတ်၏ ရေနံပိုက်လိုင်းသည် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တင်သွင်းလာသော ရေနံများသည် စစ်ရေးအရ ညှစ်ထားနိုင်သည့် မလက္ကာ ရေလက်ကြားကို ရှောင်သွားနိုင်သဖြင့် အကျိုးများလှပါသည်။


“ဝ” တပ်ဖွဲ့နှင့် မြန်မာအစိုးရ သဘောတူလက်မှတ်ရေးထိုး

(BBC News မှ 13 July 2013 ရက်စွဲပါ “Burma Signs treaty with Wa ethnic group” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရနှင့် “ဝ” တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ အကြားငြိမ်းချမ်းရေးသဘောတူညီမှု ရရှိသွား ကြောင်း နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်သည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ရှမ်းပြည်နယ်နှင့် တရုတ်နယ်စပ် “ဝ”ဒေသသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည် ဟု အစိုးရ နေ့စဉ် သတင်းစာက ဆိုပါသည်။

လက်ရှိတင်းမာမှု မဖြစ်ခင် တပ်စွဲထားသောနေရာများသို့ ပြန်ဆုတ်ကြရန်နှင့် ပုံမှန်တွေ့ဆုံစည်းဝေးမှု များပြုလုပ် သွားကြရန် တပ်မတော်နှင့် UWSA “ဝ”တပ်ဖွဲ့တို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်သည်။

နိုင်ငံအတွင်းရှိ တိုင်းရင်းသားအုပ်စုနှင့် ငြိမ်းချမ်းရေးရအောင် အစိုးရက ကြိုးစားနေခြင်းကြောင့် ယခုလို သဘော တူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုသော လက်နက်ကိုင်အုပ်စုများစွာ၏ တော်လှန်မှုကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး၊ ထိုအထဲတွင် အင်အား ၃ သောင်းခန့်ရှိသော UWSA “ဝ”တပ်ဖွဲ့မှာ အင်အား အကြီးဆုံးဟု ယုံကြည်ရသည်။

“ဝ”တပ်ဖွဲ့သည် ၁၉၈၉ တပ်မတော်အစိုးရ တက်လာပြီးနောက် အပစ်အခတ်သဘောတူခဲ့သော အဖွဲ့ဖြစ်ပြီး၊ မကြာ သေးမီက တောင်ပိုင်း“ဝ”တပ်ဖွဲ့ကို တပ်မတော်က ဝိုင်းရံခဲ့ပြီးနောက် တင်းမာလာခဲ့ခြင်း ဖြစ်သည်။

ဘိန်းကုန်ကူး UWSA “ဝ”တပ်ဖွဲ့သည် လက်နက်တိုးချဲ့တပ်ဆင်လျက်ရှိပြီး မကြာသေးမီက စစ်ဘက်သုံး ရဟတ်ယာဉ်များကို တရုတ်နိုင်ငံထဲမှ လက်ခံရရှိခဲ့ကြောင်း ယူကေအခြေစိုက် ထောက်လှမ်းစောင့် ကြည့်ရေးအဖွဲ့ Jame’s Information Group ပြီးခဲ့သော မေလတွင် သတင်းထုတ်ပြန်ထားသည်။

“ဝ”ဒေသသည် ဒေသတွင်းအကြီးမားဆုံး မူးရစ်ဆေးဝါး ပြဿနာများတွင် ပါဝင်ပတ်သက်ခြင်းတို့ ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မဆက်ဆံပဲ သီးခြားလှုပ်ရှားရပ်တည်နေသော ဒေသဖြစ်သည်။

သို့သော် တရုတ်အပါအဝင် နိုင်ငံတကာ ဖိအားပေးမှုကြောင့် ၂၀၀၅ တွင်ဘိန်းစိုက်ပျိုးခြင်းကို ပိတ်ပင် ခဲ့သည်။ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် ဘိန်းစိုက်ပျိုးသော မြန်မာနိုင်ငံသည် ကမ္ဘာတွင် အာဖဂန်နစ္စတန် ပြီးလျှင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်သည်ဟု ကုလကိန်းဂဏန်းများက ဆိုသည်။

ယခုအခါ အပစ်ရပ်စဲမှုများနှင့် နိုင်ငံရေးပွင့်လင်းလာမှုများကြောင့် ကုလမဂ္ဂကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ယခင်မသွားနိုင်သော ဒေသများသို့ သွားရောက်နိုင်ကြတော့မည် ဖြစ်သည်။

မြန်မာအစိုးရသည် ယခုနှစ် အစောပိုင်းတွင် ကရင်တို့နှင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးပြီးနောက် မကြာသေးမီ က မြောက်ပိုင်းဒေသမှ ကချင် KIO အဖွဲ့နှင့် (အပစ်ရပ်ဟုဆိုနိုင်သော) သဘောတူညီမှု ရရှိထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment