Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1.  UMFCCI ဘဏ္ဍာရေးရှင်းတမ်းကို ကန့်ကွက်ခြင်း ပွင့်လင်းမှုသို့ဦးတည်ဟုဆို
  2.  လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးရမည်ဟု သမ္မတပြောကြား
  3. ပြည်တွင်း စစ်ပွဲများ ရပ်ဆိုင်းနိုင်မှ နှစ်ဘက်တပ်မတော် ဆက်ဆံရေးတိုးမြှင့်မည်ဟု အမေရိကန်ဆို


 UMFCCI ဘဏ္ဍာရေးရှင်းတမ်းကို ကန့်ကွက်ခြင်း ပွင့်လင်းမှုသို့ဦးတည်ဟုဆို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ (၂၂)ကြိမ်မြောက် အသင်းသားစုံညီအစည်းအဝေးတွင် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းကို အသင်းသားအချို့က ကန့်ကွက်ခြင်းကို ပြဿနာတစ်ရပ် ဟု မမြင်ဘဲ ပွင့်လင်းမြင်သာခြင်းသို့ဦးတည်သော ဒီမိုကရေစီအလေ့အကျင့်ကောင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားခဲ့သည်။

ယင်းအနှစ်ချုပ် ရှင်းတမ်းအပြင် အသင်းချုပ်၏ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ မကျေနပ်၊ ကန့်ကွက်သူများကို အသင်းချုပ် တာဝန်ရှိသူများ၊ စာရင်းစစ်အဖွဲ့နှင့် အလုပ်အမှု ဆောင် အဖွဲ့ဝင်များက အချိန်ပေး၍ ပြေလည်ကျေနပ်သည်အထိ ရှင်းပြရန်လို ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ကတိုက်တွန်းပြောကြားခဲ့သည်။

“အင်မတန်ကောင်းတဲ့ နမူနာကောင်းတစ်ရပ်ဖြစ်ပါတယ်။ ဒီမိုကရေစီအလေ့အကျင့်ပဲ ဖြစ်ပါတယ်။ စနစ်တကျပို၍ ပွင့်လင်း မြင်သာသော အများရဲ့ဆန္ဒနဲ့ သေသေချာချာလေး လုပ်ကိုင်သွားနိုင်အောင် ဦးတည်နေပြီလို့ သုံးသပ်ပါတယ်” ဟု၎င်းက ဆက်လက် ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်သော အသင်းချုပ်၏ အလုက်အမှုဆောင် အသစ်များရွေးချယ်ပွဲတွင် ရွေးကောက်ပုံစနစ်မကျမှု၊ မဲစာရင်းရေတွက်မှု၊ ရွေးကောက် ပွဲကျင်းပရက်ကို အချိန်ကပ်၍ အသိပေးမှုတို့ကြောင့် မျှတမှန်ကန်မှု မရှိသော ရွေးကောက်ပွဲဖြစ်ပြီး ယင်းရွေးကောက်ပွဲကို ပြန်လည်စစ်ဆေးပေးရန်အတွက် ဇောတိက အပြည်ပြည်ဆိုင်ရာကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်လှိုင်နှင့် အသင်းသားအချို့က နိုင်ငံတော်သမ္မတထံသို့ စာတင်ထားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ထို့ကဲ့သို့အသင်းချုပ်၏ ၂၀၁၃ - ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကို ပြန်လည် စစ်ဆေးပေးရန် အသင်းသားအချို့ ကတောင်းဆိုထားသော်လည်း အများဆန္ဒနှင့်အညီ ရွေးချယ်တင်ပြထားခြင်းဖြစ်၍ အစိုးရတာဝန်ရှိသူများအနေဖြင့် ဝင်ရောက်ဖြေရှင်း ပေး ရန်မရှိဘဲ အားပေးပံ့ပိုးကူညီမှုသာ ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားခဲ့ကြောင်း သိရသည်။


 လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးရမည်ဟု သမ္မတပြောကြား

လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးရမည်ဟု ဇူလိုင် ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် တွေ့ဆုံစဉ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ “မြန်မာနိုင်ငံ၏ ဒီမိုကရေစီရှင်သန် ရေးအတွက် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်တွေကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ ယုံကြည်ခွင့်ရှိ စေရန်အ အတွက် တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ လေးစားမှုနှင့် နားလည်စာနာ သည်းခံမှုတွေ ထားရှိရမည်” ဟုပြော ကြားခဲ့သည်။

ထို့အပြင် ဘာသာရေးကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ်အသုံးချပြီး ဘာသာရေး ပဋိပက္ခများ ပိုမိုကြီးထွားလာစေရန် ကိုယ်ကျိုးစီးပွားအတွက်ကြည့်ကာ အမြတ်ထုတ် လုပ်ဆောင်နေသူများကို ပြည်သူများအားလုံးက ဆန့်ကျင်ရန်နှင့် တရားဥပဒေအရ ထိရောက်စွာ အရေးယူသွားရန်လိုအပ်ကြောင်း နိုင်ငံသမ္မတမှ ဆက်လက်ပြောကြား ခဲ့သည်။

ပဋိပက္ခများဖြစ်ပွားခဲ့ရခြင်း၏ အဓိကအကြောင်းရင်းများမှာ ပညာရေးနိမ့်ပါးမှု၊ စီးပွားရေး အဆင်မပြေမှုများ ပါဝင်နေပြီး အဆိုပါပြဿနာများအား ဖြေရှင်းနိုင်ရန် လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်လျှက်ရှိပြီး ပဋိပက္ခဖြစ်စဉ်များ တွင် အကြမ်းဖက်ခံခဲ့ရသည့် ဒုက္ခသည်များကို လူမျိုးဘာသာမခွဲခြားဘဲ အကူညီများ ပေးရန် လိုအပ်သည့်အပြင် နှစ်ဖက်အကြား နာကြည်းနေသည့် စိတ်ဒဏ်ရာများကို ပြန်လည် ကုစားပေးမှုများ ပြုလုပ်သွားရန်လိုအပ်သည်ဟုလည်း နိုင်ငံတော်သမ္မတ မှ ပြောကြားခဲ့သည်။

သီတဂူဆရာတော်အပါအဝင် အဓိကဘာသာကြီးများမှ ဘာသာရေးခေါင်းဆောင်များက “ မည့်သည့်ဘာသာကမှ အမုန်း တရားများကို သင်ကြားထားခြင်းမရှိသည့်အတွက် မုန်တီးရေးစကားပြောဆိုခြင်း၊ ဘာသာရေးကို အခြေတည်ပြီး လူတစ်ဦး တစ်ယောက်ကို ဦးတည်တိုက်ခိုက်ခြင်း၊ နာကျင်စေခြင်းနှင့် ပျက်စီးစေခြင်း သို့မဟုတ် ဘာသာရေး အုပ်စုများကို ဦးတည်တိုက်ခိုက် ခြင်းများ မပြုလုပ်ရန်” ဇူလိုင် ၁၀ ရက်က ကြေညာချက် ထုတ်ပြန်ပြီး ပြည်သူများအား တိုက်တွန်းထားကြောင်း သိရှိရသည်။


ပြည်တွင်း စစ်ပွဲများ ရပ်ဆိုင်းနိုင်မှ နှစ်ဘက်တပ်မတော် ဆက်ဆံရေးတိုးမြှင့်မည်ဟု အမေရိကန်ဆို

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအမှန်တကယ် ရပ်ဆိုင်းနိုင်မှ သာ မြန်မာ့ တပ်မတော်နှင့် ဆက်ဆံရေးကို တိုြး့မှင့်သွားပြီး လိုအပ်သောနည်းပညာများ အကူအညီပေးသွားမည် ဖြစ်ကြောင်း အမေရိကန် တပ်မတော်စစ်ဥပဒေချုပ်က ဇူလိုင်လ ၁၂ ရက်နေ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာ လမ်းရှိ အမေရိကန်သံရုံး၌ ၈၈ မျိုးဆက် နှင့်တွေ့ ဆုံရာတွင် ပြောကြားခဲ့ကြောင်း အဆိုပါတွေ့ဆုံမှုတွင် ပါဝင်သူ ၈၈ မျိုးဆက်ဥပဒေရေးရာ တာဝန်ခံ ကိုမာကီးက ပြောသည်။

ထိုတွေ့ဆုံးဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော်အနေဖြင့် မြေယာသိမ်းမှုများ၊ တပ်မတော်တွင်း ကလေးစစ်သား များရှိခြင်းနှင့် အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုများ ဆက်လက်မဖြစ်ပေါ်စေရန်အတွက် ဆွေးနွေးမှုများနှင့် အမေရိကန်တပ်မတော်မှလည်း မြန်မာနိုင်ငံပြည်ထောင်စု အစိုးရထံသို့ တိုက်တွန်းသွားမည်ဟု သိရသည်။ ထိုသို့ ပြည်တွင်း စစ်ပွဲများ အမှန်တကယ် ချုပ်ငြိမ်း သွားပါ က အမေရိကန် တပ်မတော်အနေဖြင့် မြန်မာ့တပ် မတော်သို့ နည်းပညာ ပအကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်သည်။

“အမေရိကန်အနေနဲ့ နည်းပညာပိုင်း အကူအညီပေးဖို့ စဉ်းစားနေတယ်ပြောတယ်။ ဒါပေမဲ့ စစ်လက်နက်ပစ္စည်း ထောက်ပံ့ ဖို့တော့ မရှိသေးဘူး”ဟု အမေရိကန် စစ်တပ် စစ်ဥပဒေချုပ် ဗိုလ်မှူးချုပ် Tom Ayres ကပြောသည်။

ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက်အနေဖြင့် မြန်မာ့တပ်မတော်၌ ကျင့်သုံးနေသော ဥပဒေများကို အများပြည်သူများ နားလည် သိရှိအောင်ထုတ်ပြန်ပေးခြင်း၊ ကလေးစစ်သားအသုံးပြုမှုကို ထိရောက်စွာအရေးယူမှုနှင့် ပွင့်လင်း မြင်သာမှုချပြနိုင်ရန် အတွက် များစွာလိုအပ်နေကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်သည် ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်းတွင် ဖြေလျှော့မှုများပြုလုပ်ပေးခဲ့ပြီး ၂၀၁၃ ဖေဖော်ဝါရီ ထိုင်းနိုင်ငံတွင် ပြုလုပ်သော Cobra စစ်ဆင်ရေးလေ့လာရန်အတွက် မြန်မာတပ်မတော်ကို ပထမ ဆုံးအကြိမ် တက်ရောက် ခွင့်ပြုခဲ့ သည်။


 

        

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment