Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ် 

  1. ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် လွှတ်တော်အပါအဝင် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း ဝန်ကြီး ဦးအောင်မင်းပြော
  2. နိုင်ငံတော်သမ္မတဦးသိန်းစိန် ဘာသာပေါင်းစုံခေါင်းဆောင်များနှင့်တွေ့ဆုံပွဲပြုလုပ်
  3. ရခိုင်ဘင်္ဂါလီ လူဦးရေစာရင်းကောက်ခံမှုကို နိုင်ငံတကာ ကြားခံအဖွဲ့အစည်းအကူအညီဖြင့် ဆက်လက်ဆောင်ရွက်မည်ဟု ဦးခင်ရီ ပြောကြား


ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် လွှတ်တော်အပါအဝင် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ရန်လို ကြောင်း ဝန်ကြီး ဦးအောင်မင်းပြော

ဇူလိုင်လ ၂၁ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်သော ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သော ရှင်းလင်းပွဲအပြီး၌ မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များတွင် လွှတ်တော်နှင့် အစိုးရသာမက အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ မီဒီယာများ အားလုံး အတူတကွ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းသို့ ပူးပေါင်းဆောင်ရွက်ကြရာတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် တရားဥပဒေစိုးမိုးရေး ကော်မတီ၊ ဆက်သွယ်ရေးဝန်ကြီးဟောင်းဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ဦးဆောင်သည့် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၊ ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးဌေးဦး ခေါင်းဆောင်သည့် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကို ဦးဆောင်သည့် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦး ခေါင်းဆောင်သည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ချည်းပဲလည်း မဟုတ်ပါဘူး။ အားလုံးဝိုင်းပြီး လုပ်ဆောင်ကြရမှာပါ”ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးဌေးဦးက မှတ်ချက်ပြု ပြောကြားခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေးကိစ္စများအတွက် အသုံးပြုမည့် ဘတ်ဂျက်ကို နိုင်ငံတော် ဘတ်ဂျက်မှ သုံးစွဲရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက ခွင့်ပြုထားပြီဖြစ်ကြောင်း၊ တိုင်းရင်းသားများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတကာ အကူအညီများကို စောင့်ဆိုင်းမနေဘဲ လိုအပ်သည့်ဘတ်ဂျက်ကို လွှတ်တော်မှ ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အကူအညီများ ရရှိလျှင်လည်း သုံးစွဲနိုင်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးက ပြောကြားခဲ့သည်ဟု သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “ကျွန်တော်တို့လည်း အသေးစိတ် တွက်ချက်ပါတယ်။ တွက်ချက်ပြီးတော့ သူတို့ကို ကျွန်တော်တင်ပြပါမယ်။ ဒီနေ့ ဆွေးနွေးပွဲမှာတော့ နိုင်ငံတကာ အကူအညီတွေလည်း ရမယ်ဆိုရင် ယူပါလို့ ပြောသွားပါတယ်။ ကျွန်တော်တို့လည်း ဒီနေ့ နိုင်ငံတကာ အကူအညီတွေကိုလည်း တောင်းဆိုနေတာပေါ့။ တကယ်တော့ ဒီနေ့ဒီအချိန်ထိ မရသေးဘူး။ ကြုံကြိုက်တုန်း ပြောချင်တာက ဟိုတစ်နေ့က သြစတြေးလျက နိုင်ငံခြားရေးဝန်ကြီး လာသွားတယ်။ ဒေါ်လာငါးသန်း ပေးသွား တယ်ဆိုပြီး သူကပြောပါတယ်။ အဲဒီဒေါ်လာငါးသန်း လက်ထဲလည်း မရောက်သေးဘူး”ဟုလည်း ပြောကြားသွားခဲ့သည်။

လက်ရှိတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအနေဖြင့် လက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်အ ခတ်ရပ်စဲရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ အပစ်အခတ် ရပ်စဲရေးအဆင့် ပြီးစီးပါက နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် ဥပဒေရေးရာ ကိစ္စများ၊ နိုင်ငံရေးဆိုင်ရာကိစ္စများ ထည့်သွင်းဆွေးနွေး ရမည်ဖြစ်ကြောင်း၊ ထိုအခါ လွှတ်တော်၏ အခန်းကဏ္ဍသည် အများအပြား ပါဝင်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ လုပ်ငန်းကော်မတီ အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ပြီးစီးသည့် အခြေအနေများကို လွှတ်တော်ဥက္ကဋ္ဌ အပါအ၀င် လွှတ်တော်အဖွဲ့ အနေဖြင့် သိရှိနိုင်ရန် တင်ပြသည့် တွေ့ဆုံပွဲဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယခုပြုလုပ် သည့် တွေ့ဆုံပွဲနှင့် ပတ်သက်၍ သတင်းထောက်များသို့ ရှင်းလင်းပြောကြားခဲ့သည်။

လာမည့် ဇူလိုင် ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် မြန်မာ့ငြိမ်းချမ်းရေးပွဲတော်ကို သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

YC


 

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဘာသာပေါင်းစုံခေါင်းဆောင်များနှင့်တွေ့ဆုံပွဲပြုလုပ်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ခေါင်းဆောင်များ၊ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက လူအုပ်စုနှစ်ခုကြားဖြစ်ပွားသည့် ရာဇဝတ်မှုသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဖြင့် ဒေသတွင်းအရေးကိစ္စ၊ နိုင်ငံတကာအရေးကိစ္စအဖြစ် ပုံဖော်ပြီး ကုလသမဂ္ဂမျက်နှာစာတွင် တင်ပြရန် ကြိုးစားမှုများ စတင် တွေ့ရှိလာရပြီဖြစ်ကြောင်း၊ ယခု ဥရောပခရီးစဉ်တွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုများကို လုံးဝလက်မခံကြောင်း အခိုင်အမာရှင်းပြခဲ့ရပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတွင် မျက်နှာမပျက်ရလေအောင် အသီးသီးတာဝန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ တာဝန်ယူဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်သုံးရပ်ရှိပြီး ပထမလုပ်ငန်းစဉ်မှာ ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများ၏ ပြန်လည်ထူထောင်ရေးကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဦးစားပေးဆောင်ရွက်ရန်၊ ဒုတိယလုပ်ငန်းစဉ်မှာ နောက်ထပ် ပဋိပက္ခများ ထပ်မံမဖြစ်ပွားအောင် ကာကွယ်ရန်နှင့် တတိယလုပ်ငန်းစဉ်မှာ ပဋိပက္ခဖြစ်ပွားသည့် အကြောင်းရင်းကို လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ရေရှည်ဖြေရှင်းရန်ဖြစ်သည်ဟု သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်မှုနှင့် လူဦးရေစာရင်း မှန်ကန်စွာ ကောက်ခံရန်အတွက် အခက်အခဲများ ကြုံတွေ့နေရပြီး နောက်ကွယ်မှ သွေးထိုးလှုံ့ဆောင်မှုများ အကြောင်းလည်း ဆွေးနွေး သွားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအပြီးတွင် ဆက်သွယ်ရေး ဒုဝန်ကြီး ဦးရဲထွဋ်ကလည်း မြန်မာနိုင်ငံကို ဖိနှိပ်လိုသူများသည် မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာကို ဖိနှိပ်မှုကြောင့် ဒေသတွင်း လုံခြုံမှုကို ထိပါးလာနိုင်သည်ဟု ပြောကြားမှုများ ရှိနေပြီး အချို့အဖွဲ့အစည်းများက ယင်းကိစ္စကို ကုလသမဂ္ဂသို့ တင်ပြရန်အထိ စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် ပဋိပက္ခများကို ကာကွယ်သည့်အနေဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သာမက ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အဆင့်အထိ အဖွဲ့များ ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဖွဲ့အစည်း များအနေဖြင့် ပဋိပက္ခများမဖြစ်စေရန် ကောလဟာလများကို တားဆီးခြင်း၊ ကောလဟာလလွှင့်သူများကို အရေးယူခြင်းတို့ကို ပြုလုပ်သွားမည်ဟုလည်း သိရသည်။

ယင်းသို့ ဖွဲ့စည်းဆောင်ရွက်ရာတွင် လူ့အခွင့်အရေးကော်မရှင်နှင့်အတူ အစိုးရက ပါဝင် ကူညီမည်ဟု ပြောလာသည့်အတွက် လုပ်ငန်းများဆောင်ရွက်ခြင်း ပိုမိုမြန်ဆန်ထိရောက်လာနိုင်သည်ဟု ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့၏ ခေါင်းဆောင် တစ်ဦးက သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ နိုင်ငံတော်သမ္မတအနေဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် တွေ့ဆုံခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး သမ္မတ၏ ဥရောပခရီးစဉ်မတိုင်မီ ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း တစ်ကြိမ် တွေ့ဆုံခဲ့သည်။

YC 


ရခိုင်ဘင်္ဂါလီ လူဦးရေစာရင်းကောက်ခံမှုကို နိုင်ငံတကာ ကြားခံအဖွဲ့အစည်းအကူအညီဖြင့် ဆက်လက် ဆောင်ရွက်မည်ဟု ဦးခင်ရီပြောကြား

လူဦးရေစာရင်းကောက်ခံသည့် စစ်ဆေးရေးအဖွဲ့များအား တိုက်ခိုက်ခံခဲ့ရမှုကြောင့် ခေတ္တရပ်ဆိုင်း ထားခဲ့ရသည့် ရခိုင်ပြည်နယ် ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံမှုကို ယခင် ဆောင်ရွက်နေကြအတိုင်း မဟုတ်တော့ဘဲ နိုင်ငံတကာရှိ ကြားခံအဖွဲ့ အစည်း (Third Party) ၏ အကူအညီဖြင့် ဆက်လက် ကောက်ယူသွား တော့မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့တွင် မြန်မာငြိမ်း ချမ်းရေးစင်တာ၍ ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက သတင်းမီဒီယာများသို့ ပြောကြားသည်။

အဆိုပါ လူဦးရေစာရင်း ကောက်ယူရန် ယခုအခါ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ပြီး ယခုကဲ့သို့ လူဦးရေးစာရင်းကောက်ယူမှုသည် စစ်ရေး၊ နိုင်ငံရေး အပြင် မည်သည့်အရေးကိစ္စနှင့် မျှ ပတ်သက် ဆက်နွယ်ခြင်း မရှိဘဲ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး နှင့်သာ သက်ဆိုင်သည့်အတွက်ကြောင့် မည်သူမျှ တားမြစ်၍မရ ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

“တိုင်းပြည်မှာ လူဦးရေ ဘယ်လောက်ရှိလဲ။ ယောကျာ်းဘယ်လောက်ရှိလဲ။ မိန်းမဘယ်လောက်ရှိလဲ။ သက်ကြီး ရွယ်အို ဘယ်လောက်ရှိလဲ။ အဲဒီ အချက်အလက်တွေကို ကောက်တာ။ အဲဒါတွေက လက်ရှိ အခြေအနေနဲ့ အနာဂတ်အတွက်။ ဒီလူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်က လုပ်ပေးတာ။ ဘာနဲ့မှ မဆိုင်တဲ့အတွက် ဒါကို ဘယ်လိုလူမျိုးကမှ မတားရဘူး”ဟု ၎င်းက ပြောကြားသည်။

ထို့အတူ ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အမည်ကွဲလွဲမှုများ ရှိနေခြင်းကြောင့် ကျေနပ်ခြင်းမရှိသည့် ရခိုင်ပြည်နယ်အတွင်းမှ အစ္စလာမ်ဘာသာဝင်များကိုလည်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် အားနည်းမှုမရှိစေရန် နိုင်ငံတကာ အဖွဲ့အစည်းတစ်ချို့နှင့် ဘာသာရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များက လက်ခံလာအောင် စည်းရုံးလုပ်ဆောင်လျက် ရှိကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် သန်းခေါင်းစာရင်းကောက်ယူမှုကို ၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက်နေ့မှ ဧပြီလ ၁ဝ ရက်နေ့အထိ ၁၂ ရက်ကြာ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းသန်းခေါင်စာရင်း မကောက်ခံမီ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ စာရင်းကို အပြီးသတ်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်ပ ရောက်ရှိနေသူများ၊  နယ်စပ်မှ ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ်၊ ‘ဝ’ ဒေသ၊ ကရင်ပြည်နယ် အားလုံး အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များကိုပါ သန်းခေါင်စာရင်း ကောက်ယူသွားမည် ဖြစ်ပြီး၊ ကောက်ယူမှုကို နိုင်ငံတော်အစိုးရမှ အကုန်အကျခံ ဆောင်ရွက်သွားမည် ဖြစ်ကာ UN နှင့် အခြား အလှူရှင်နိုင်ငံများမှလည်း လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ သိရသည်။

YC


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment