Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားလုပ်ငန်းရှင်များ MIC မှရေးဆွဲထားသည့် တည်ဆဲဥပဒေများကိုလိုက်နာမှု မရှိပါကအရေးယူမည်
  2. အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့်  ပလောင်လွတ်မြောက်ရေးတပ်ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးရန်ရှိ
  3. လာရှိုးမြို့တွင် ပုဒ်မ ၁၄၄ ပြန်လည်ရုပ်သိမ်း
  4. ကချင်ပြည်နယ်၌  ငြိမ်းချမ်းရေးးလုပ်ငန်းစဉ်များ ပိုမိုဆောင်ရွက်လာနိုင်စေရန်  ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ ဖွဲ့မည်

မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားလုပ်ငန်းရှင်များ MIC မှရေးဆွဲထားသည့် တည်ဆဲဥပဒေများကိုလိုက်နာမှု မရှိပါကအရေးယူမည်

မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်မည့် နိုင်ငံခြားလုပ်ငန်းရှင်များအား လက်ရှိပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများအပေါ်တွင် လိုက်နာမှု ရှိမရှိကိုစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီးလိုက်နာမှု မရှိပါကအရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှသတင်းရရှိသည်။ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်အသစ် စတင်ဖွဲ့စည်းသည့် ၂၀၁၃ခုနှစ် စက်တင်ဘာမှ စတင်၍ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် နိုင်ငံခြားလုပ်ငန်းရှင် များအားလုပ်ကိုင်ခွင့်ပေးရာတွင် ယခင်ပြုလုပ်မှုမရှိခဲ့သော လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်မှုရှိမရှိကိုလည်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း MIC အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်မှ သိရသည်။

“မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီတွေကိုလူမှုတာဝန်သိတတ်မှု ရှိမရှိအဓိကစစ်ဆေးနေပါတယ်။ လူမှုတာဝန်သိတတ်မှု မရှိတဲ့ ကုမ္ပဏီတွေကိုလုံးဝရင်းနှီးမြှုပ်နှံခွင့် မပြုတော့ပါဘူး” ဟု၎င်းကပြောသည်။

နိုင်ငံခြားလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ရာတွင် လူမှုအကျိုးပြုလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (EIA/SIA)စံချိန်စံညွှန်းများစသည့် MIC မှထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကိုလိုက်နာမှု မရှိကြောင်းစစ်ဆေးတွေ့ရှိပါက အခွန်ကင်းလွတ်ခွင့် ရုတ်သိမ်းခြင်းအပြင် ရင်းနှီးမြှုပ်နှံမှုများအားပယ်ဖျက်၍ နာမည်ပျက်စာရင်း (Black List) သွင်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

“ရင်းနှီးမြှုပ်နှံလိုသူတွေ လိုက်နာရမဲ့ သတ်မှတ်ချက်တွေ မြန်မာနိုင်ငံမှ ရှိနေပါပြီ။ စီမံကိန်းစတင်ချိန်မှာ ပြည်တွင်းအလုပ်သမားကို ၂၅ ရာခိုင်နှုန်းခန့်ဖို့၊ ကျွမ်းကျင်မှု မလိုတဲ့နေရာမျိုးတွေမှာ မြန်မာလုပ်သားတွေကို ဦးစားပေးခန့်ဖို့ ဒီလိုအချက်တွေ ပါဝင်သတ်မှတ် ထားသလိုဒီလိုအချက်တွေ လိုက်နာမှု မရှိရင်လည်းအရေးယူ နိုင်ပါတယ်။ ကျွန်မတို့အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လိုက်နာရမယ့် ဥပဒေတွေ ပြဋ္ဌာန်းပြီးပါပြီ၊ လိုက်နာမှု ရှိမရှိကိုလည်း ကွင်းဆင်းစစ်ဆေးနေပါတယ် ” ဟုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်တစ်ဦး ဖြစ်သူဒေါ်ခိုင်ခိုင်နွယ်မှ ပြောသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ဝင်ရောက်လုပ်ကိုင်လျှက်ရှိပြီးတရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားပြီးထိုင်းနိုင်ငံမှ ဒုတိယ၊  ပောာင်ကောင်မှ တတိယ၊ တောင်ကိုရီးယားနိုင်ငံမှ တတိယနှင့် ဗြိတိန်နိုင်ငံမှ အဆင့် ၅ နေရာတွင်ရပ်တည်လျှက်ရှိသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ဆောင်ရွက်နိုင်ရန် အမေရိကန်၊ အီးယူနှင့် ဂျပန်နိုင်ငံတို့မှ ကမ်းလှမ်းထားပြီး ၎င်းတို့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ဆိပ်ကမ်းတည်ဆောက်မှုတို့တွင် အဓိကထားဝင်ရောက် ရင်းနှီးမြှုပ်နှံ လိုခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် ယင်းနိုင်ငံများမှ မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်း(SMEs)ကဏ္ဍများတွင်လည်းဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စားလျှက်ရှိသည်။

YC


 

 

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့်  ပလောင်လွတ်မြောက်ရေးတပ်ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးရန်ရှိ

ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့သည်ဦးသိန်းစိန်အစိုးရသက်တမ်းအတွင်းပထမဆုံးအကြိမ်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကိုဇူလိုင်လ ၃၁ ရက်နေ့၌ မူဆယ်မြို့တွင် ပြည်နယ်အဆင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း Myanmar Peace Center မှ သတင်းရရှိသည်။

အဆိုပါမူဆယ် ဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းမှ ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။ ပလောင်လွတ်မြောက်ရေးတပ်ဦးဘက်မှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးကော်မတီခေါင်းဆောင်အဖြစ် ဒုဗိုလ်မှူးကြီးတာဘုန်းကျော် ဦးဆောင်ပြီးဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးတားရော့ခြိုး၊ ဗိုလ်မှူးတာအောင်မြတ် အပါအဝင် စုစုပေါင်းကိုးဦးခန့် တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်းအဆိုပါ ပလောင်လွတ်မြောက်ရေးတပ်ဦး မှသတင်းထုတ်ပြန်သည်။

ဆွေးနွေးပွဲသို့ မဟာမိတ်အသိသက်သေ (Observer) များအနေဖြင့် KIA ၊ KNU ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နှင့် ‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) မှကိုယ်စားလှယ်များ တက်ရောက် မည်ဖြစ်ကြောင်းအဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

ပလောင်ပြည်လွတ်မြောက်ရေးပါတီသည် ၁၉၉၁ ခုနှစ်တွင် အစိုးရထံလက်နက်ချခဲ့ပြီးနောက် ပလောင်ခေါင်းဆောင် တာအိုက်ဖုန်းနှင့် တာဘုန်းကျော်တို့က ၁၉၉၂ ခုနှစ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးကို ပြန်လည်ဖွဲ့စည်း၍ အစိုးရကိုလက်နက်ကိုင် တော်လှန်ခဲ့ပြီးရှမ်းပြည်မြောက်ပိုင်းရှိနောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်လင်၊ လားရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ မန်ဆန်နှင့် မန်းပန်ဒေသများတွင် လှုပ်ရှားလျက်ရှိသည်။

 YC


လာရှိုးမြို့တွင် ပုဒ်မ ၁၄၄ ပြန်လည်ရုပ်သိမ်း

လာရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခပြဿနာများကြောင့် အရေးပေါ်ထုတ်ပြန်ထားသော ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ထိုဥပဒေ ပုဒ်မ ၁၄၄ အား လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်စွဲပါ အမိန့်အမှတ်(၁/၂၀၁၃)ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ပုဒ်မ ၁၄၄ ကိုရုပ်သိမ်းလိုက်ပြီဆိုတာကို ကြားရတော့ ကျွန်မတို့ ညဈေးကို လွတ်လွတ်လပ်လပ် ဈေးရောင်းလို့ ရပြီပေါ့။ ၁၄၄ ထုတ်ထားတဲ့အချိန်ကဆိုရင် အချိန်ကန့်သတ်ထားတယ်ဆိုတော့ ဈေးရောင်းရတာ တော်တော်ကို အဆင်မပြေဘူး” ဟု လားရှိုးညဈေးတန်းမှ ဈေးသည်အမျိုးသမီး တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

ထုတ်ပြန့်ခဲ့သောပုဒ်မ ၁၄၄ အမိန့်ကို ရုပ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ လားရှိုးမြို့ပေါ် (၁၂) ရပ်ကွက်အတွင်း တည်ငြိမ်အေးချမ်းလျက်ရှိပြီး ပြည်သူများ အေးချမ်းစွာသွားလာလှုပ်ရှားလျှက်ရှိပြီး နေ့အချိန်၊ ညအချိန်များတွင် ဈေးရောင်းဈေးဝယ်နှင့် လုပ်ငန်းခွင်အသီးသီးတွင် ပုံမှန်အတိုင်း လှုပ်ရှားသွားလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နယ်ရှိ နေထိုင်သူ ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် ဝါတွင်းကာလအတွင်း ဘုရားကျောင်းကန်သွားလာခြင်း၊ အရုဏ်ဆွမ်းလောင်းလှူခြင်းများ ရှိလာသည်အတွက် အများပြည်သူအကျိုးကို ရှေးရှ၍  ယင်းပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်အမိန့်အား ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၏ တရားဝင်ခွင့်ပြုချက်ဖြင့်  လားရှိုးမြို့၊ မြို့မဗလီကို ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ခွင့်နှင့် စုပေါင်းဝတ်ပြုခွင့်ပေးလိုက်သောကြောင့် အစ္စလာမ်ဘာသာဝင်များသည် ရာမဒန်ဥပုသ်လတွင် အေးချမ်းစွာ စုပေါင်းဆုတောင်း ဝတ်ပြုလျှက်ရှိကြောင်း သိရသည်။

“အခုဆိုရင် လားရှိုးရဲ့ အခြေအနေက အရင်ကအတိုင်းပဲ။ ရပ်ကွက်ထဲမှာ ရှိတဲ့ဘာသာဝင် အသီးသီးဟာ အတူသွားအတူလာ ပြန်ဖြစ်နေကြပြီ။ ဖြစ်ပျက်သွားခဲ့တဲ့ အပေါ်မှာလည်း ဘယ်သူကမှ အငြိုးအတေးတွေ မထားကြဘူး။ ဒါတွေမြင်ရတော့ ကျွန်တော်တို့လည်း အရမ်းစိတ်ချမ်းသာတယ်” ဟု လားရှိုးမြို့ပေါ်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေ ၂၈ ရက်နေ့က လားရှိုးမြို့၊ ရပ်ကွက်(၈)တွင်  နေထိုင်သူအမျိုးသမီးတစ်ဦးအား  ဓာတ်ဆီလောင်းမီးရှို့ခဲ့ခြင်းမှ စတင်ဖြစ်ပွားခဲ့သော ယင်းပဋိပက္ခပြဿနာများကို ထိန်းသိမ်းစေရန်အတွက် ယင်းပုဒ်မ ၁၄၄ အား အရေးပေါ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

YC


ကချင်ပြည်နယ်၌  ငြိမ်းချမ်းရေးးလုပ်ငန်းစဉ်များ ပိုမိုဆောင်ရွက်လာနိုင်စေရန်  ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ ဖွဲ့မည်

ကချင်ပြည်နယ်၌ ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးရာတွင် ရှမ်းမျိုးနွယ်စုများအရေးကို ကိုယ်စားပြု ဆွေးနွေးနိုင်ရေး အတွက် ရည်ရွယ်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

၂၀၁၃ ခုနှစ် မေလက မြစ်ကြီးနားမြို့၌  ပြုလုပ်ခဲ့သော ကေအိုင်အေအဖွဲ့နှင့် အစိုးရတာဝန်ရှိသူများ၏ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲတွင် ရှမ်းမျိုးနွယ်စုအနေဖြင့် ပါဝင်ခွင့်မရရှိသဖြင့် ယင်းကဲ့သို့ ရှမ်းမျိုးနွယ်စုအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေးပါတီအဖွဲ့ဝင် ဦးစောဝင်းထွန်းမှ ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှ သူတို့က ဒေသခံမြို့မိမြို့ဖတွေကို တက်ခွင့်ပေးပါတယ်လို့ပြောပေမယ့် ကျွန်တော်တို့ ဒေသခံ ရှမ်းမျိုးနွယ်စုတွေကိုတော့ ချန်ခဲ့တယ်။ ဒါကြောင့် နောက်ပိုင်းနိုင်ငံရေးဆွေးနွေးပွဲတွေမှာ မျိုးနွယ်စုတွေ ကိုယ်စားပြောဆိုနိုင်ဖို့အတွက် ဖွဲ့စည်းရတာပါ”ဟု ယင်းက ဆက်လက်ပြောဆိုခဲ့သည်။

နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသော အဓိက ရှမ်းမျိုးနွယ်စု ၅ စု ရှိပြီး ယင်းမျိုးနွယ်စုများမှာ တိုင်းလိုင်၊ တိုင်းလေ၊ လိုင်းလုံ၊ တိုင်းခန္တီး၊ တိုင်းဆာမျိုးနွယ်စု တို့ဖြစ်သည်။ အဆိုပါအသစ်ဖွဲ့စည်းမည့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အား မျိုးနွယ်စုတစ်စုစီက ကိုယ်စားလှယ်သုံးဦးစီနှင့် ဝန်းသိုဆရာတော် ဘုရား၏ လမ်းညွန်ချက်သြဝါဒအရ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့၌ ပြုလုပ်မည့် အဆိုပါ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်) ဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရီလည်း တက်ရောက်လာခဲ့ကြောင်း သိရသည်။

 YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment