Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးလုပ်ဆောင်ရန် ညွှန်ထားကြောင်း ပြည်ထဲရေးဒုဝန်ကြီးဆို
  2. မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌကို  ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု
  3. ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းကို အဆင့်ငါးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်
  4. UNFC နှင့် ပြည်တွင်းပြည်ပ တိုင်းရင်းသားအဖွဲ့အစည်းတို့ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဆွေးနွေးပြုလုပ် 

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးလုပ်ဆောင်ရန် ညွှန်ထားကြောင်း ပြည်ထဲရေးဒုဝန်ကြီးဆို

ပြည်ထဲရေးဝန်ကြီး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက် ရယူဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ဇူလိုင် ၂၉ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၏ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေး အာဏာပိုင်များ ပူပေါင်းဆောင်ရွက်မှုမရှိသည့် ကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောထားကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဒုဝန်ကြီးက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ မြို့နယ်ရှိ အများပြည်သူက ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် မြို့နယ်ဖွံ့ဖြိုးရေးကိစ္စများအတွက် ပြုလုပ်သော မြို့နယ်စီမံခန့်ခွဲမှု အစည်းအဝေးများသို့ ၎င်းတို့အား ဖိတ်ကြား တက်ရောက်စေပြီး အကြံဥာဏ်များရယူ ဆောင်ရွက်ရမည်ဟုလည်း ပြည်ထဲရေး ဒုဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါကိစ္စအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်းက ယင်းအစည်းအဝေးတွင်ပင် အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြီးလျှင် အောက်ခြေတွင် အမှန်တကယ် လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ကြီးကြပ်ရန် လိုအပ်ပြီး ထုတ်ပြန်ထားသည့် အမိန့်၊ ကြေညာချက်အပေါ် တာဝန်ယူ တာဝန်ခံရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

YC


မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌကို  ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု

မြန်မာနိုင်ငံ၏ ငွေကြေးမူဝါဒများချမှတ်ရာတွင် အရေးပါဆုံးနှင့် အာဏာအရှိဆုံးဖြစ်သော မြန်မာနိုင်ငံ ဗဟိုဘဏ် ၏ ဥက္ကဋ္ဌအဖြစ် ယခင်တပ်မတော်အစိုးရ လက်ထက်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဦးကျော်ကျော်မောင်ကို ခန့်အပ်ရန် အတွက် နိုင်ငံတော်သမ္မတမှ  ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌထံသို့ ဇူလိုင်လ ၂၆ ရက်နေ့က သဝဏ်လွှာ ပေးပို့ထားခဲ့ရာတွင် ဇူလိုင်လ ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အတည်ပြု  ခဲ့ကြောင်း သိရသည်။ ယနေ့ ဇူလိုင်လ ၃၀ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး၏ အတည်ပြုချက်အရ  ဦးကျော်ကျော်မောင်ကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အမျိုသားစီမံကိန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဦးသိန်းငြိမ်း နှင့် ဒေါ်ခင်စောဦးတို့မှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်မည် ဖြစ်သည်။

လက်ရှိကျင့်သုံးမည့် ဗဟိုဘဏ်ဥပဒေသစ်အရ ဗဟိုဘဏ်သည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးအဆင့်ရှိမည်ဖြစ်ကာ ဒုဥက္ကဋ္ဌအသီးသီးတို့သည် ပြည်ထောင်စု ဒုဝန်ကြီးအဆင့်ရှိကြောင်း သိရသည်။ ဗဟိုဘဏ်သည် နိုင်ငံတော်သမ္မတ၏ လက်အောက်သို့ တိုက်ရိုက် ရောက်ရှိမည်ဖြစ်ပြီး ဗဟိုဘဏ်၏ ကြီးကြပ်ရေးဘုတ်အဖွဲ့တွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအပါအဝင် အဖွဲ့ဝင် (၉) ဦးပါဝင်မည်ဖြစ်ကာ အဖွဲ့ဝင်များအားလုံးကို နိုင်ငံတော်သမ္မတမှ လွတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်မည် ဖြစ်သည်။

ယခုခန့်အပ်လိုက်သော ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်တို့သည် ၂၀၁၅ ခုနှစ်အထိ ၂ နှစ် တာဝန်ထမ်းဆောင် ရမည်ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုအစိုးရသည် မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် ပုဂ္ဂလိကဘဏ်များနှင့် ပြည်ပဘဏ်များအကျိုးတူ ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေရေးဆွဲ လျက်ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။

ပြည်ပဘဏ်လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် အဆိုပါဥပဒေကို  ၂၀၁၃ ခုနှစ်နှစ်ကုန်ပိုင်းတွင် အပြီးသတ် ရေးဆွဲအတည်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဘဏ်များနှင့် အကျိုးတူ လုပ်ဆောင်မည့် ပြည်ပလုပ်ငန်းရှင်များအနေဖြင့်  ပြည်တွင်းကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ထားသည့် ဘဏ်များ ကို ဦးစားပေး သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းမှ ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ကော်မတီသည် ပြည်တွင်းပုဂ္ဂလိကဘဏ် များနှင့် ပြည်ပဘဏ်တို့ အကျိုးတူပူးပေါင်းဖွင့် လှစ်နိုင်ရန်အတွက် အကျိုးတူပူးပေါင်းခြင်းဆိုင်ရာ ကိစ္စရပ်များ ဖြစ်သော Joint Venture ဘဏ်များစတင် ဖွင့်လှစ်ခွင့်ပေးရန် စီစဉ်နေပြီး အကျိုးတူပူးပေါင်းရာတွင် ပြည်တွင်း ဘဏ်များ အနေဖြင့် ၂၀ ရာခိုင်နှုန်း၊ ပြည်ပဘဏ်များအနေဖြင့် ၈၀ ရာခိုင်နှုန်း စသည်ဖြင့် အကြမ်းဖျင်းဆွေးနွေး မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဘဏ်များနှင့်အကျိုးတူလုပ်ဆောင်ရန် ညှိနှိုင်းနေသည့် ဘဏ်များတွင် အမေရိကန်၊ ဂျပန် စသောနိုင်ငံများအပြင် ဥရောပအခြေစိုက် ဘဏ်များလည်း ပါဝင်သည်။

YC


ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းကို အဆင့်ငါးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် အကောင်အထည် ဆောင်ရွက်နေသည့် ထားဝယ် အထူးစီးပွားရေးဇုန်ကို အဆင့် ငါးဆင့်ခွဲ၍ ၇၅ နှစ်ကြာ ဖော်ဆောင်သွားတော့မည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးသောင်းလွင်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။

စီမံကိန်း၏ ပထမအဆင့်အဖြစ် မြေဧက ၂၅၀၀ ပေါ်တွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖြစ်သည့် အထည်ချုပ်၊ ရော်ဘာနှင့် အခြားထုတ်ကုန်များ ထုတ်လုပ်မည့် လုပ်ငန်းများကို ငါးနှစ်အတွင်း တည်ဆောက် သွားမည်ဖြစ်ပြီး စီမံကိန်း ဒုတိယဆင့်အဖြစ် နောက်ထပ်မြေဧက ၂၀၀၀ ပေါ်တွင် မြေသြဇာ လုပ်ငန်းများ၊ ရေနံသန့်စင်သည့် လုပ်ငန်းများနှင့် မော်တော်ယာဉ် ထုတ်လုပ်ငန်းများကို နောက် ငါးနှစ်အတွင်း ထပ်မံ အကောင်အထည်ဖော်သွားမည် ဟု သိရှိရသည်။

စီမံကိန်း တတိယဆင့်တွင်မူ ပလတ်စတစ်၊ ဓာတုပစ္စည်းစက်ရုံ နှင့် ရေနံစိမ်း သန့်စင်လုပ်ငန်းများပါဝင်ပြီး ထိုလုပ်ငန်းများကို စီမံကိန်း ပထမဆင့်နှင့် ဒုတိယဆင့် ဖော်ဆောင်ပြီး ၁၀ နှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည် ဟု သိရသည်။ နောက်ဆုံး အကောင်အထည်ဖော်မည့် ထားဝယ်စီမံကိန်း၏ စတုတ္ထအဆင့် နှင့် ပဉ္စမအဆင့် တို့တွင် ကြော်ငြာ ကုမ္ပဏီများနှင့် ဈေးကွက် ရှာဖွေချဲ့ထွင်ရေး ကုမ္ပဏီများကို ထည့်သွင်းသွားမည်ဟု သိရသည်။

အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ ကုမ္ပဏီတစ်ခုဖြစ်သော အီတာလျံ - ထိုင်း ကုမ္ပဏီက ဦးဆောင်ကာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်ထိ လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အပြင် ငွေကြေးစိုက်ထုတ်မှု အခက်အခဲများ ကြုံတွေ့နေရသည်။ ထို့ကြောင့် ယင်းကုမ္ပဏီမှာ နုတ်ထွက်မည့် အခြေအနေထိ ရောက်ရှိလာသည့်အတွက် စီမံကိန်းလုပ်ငန်းများ ပိုမိုမြန်ဆန် အောင်မြင်စေရန် နှစ်နိုင်ငံမှ နိုင်ငံတော် အကြီးအကဲများ အဆင့်မြင့် ကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားသည်။

ယခုအခါ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာ နှင့် ထိုင်းနိုင်ငံအပြင် မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် ဂျပန်နိုင်ငံမှ ပါဝင်လုပ်ဆောင်လာမည် ဖြစ်ကာ နိုင်ငံတကာမှ ရင်းနှီးတည်ဆောက်မည့် ကုမ္ပဏီများ ကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

 “ဂျပန်က ပါလာတဲ့ အဓိပ္ပာယ်ဟာ third party အနေနဲ့ပေါ့နော်၊ မြန်မာနဲ့ ထိုင်းကြားမှာ third party အနေနဲ့ balance လုပ်မယ့် framework agreement ကို ဘယ်လိုလုပ်မလဲဆိုတာကို review လုပ်မယ်။  approve လုပ်ပြီး balance benefit  ကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားပြီးမှ framework agreement ကို ပြင်ချုပ်ဖို့ စီစဉ်ထားတာပါ” ဟု ဦးဆက်အောင်က ပြောကြားသည်။ သို့သော် ဂျပန်နိုင်ငံအနေဖြင့်လည်း အဆိုပါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်လုပ်ဆောင်ရေး ညှိနှိုင်းရာတွင် အဆင်မပြေမှုများရှိနေပြီး လက်ရှိအချိန်တွင် စီမံကိန်း၌ ပါဝင်ရန် မရေမရာ ဖြစ်နေကြောင်း သိရှိရသည်။

လက်ရှိအချိန်၌ အဆိုပါစီမံကိန်း အောင်မြင်စေရန် မြန်မာ - ထိုင်း နှစ်နိုင်ငံ ပါဝင်ထားသည့် ပင်မကုမ္ပဏီ တစ်ခုဖြစ်သော Special Purpose Vehicle - 1 (SPV-1) ကို ထိုင်းနိုင်ငံတွင် မှတ်ပုံတင် ဆောင်ရွက်ထားပြီး မူဘောင် သဘောတူစာချုပ် (Framework Agreement) ကို ၎င်းနှင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီတို့ သဘောတူစာချုပ် ချုပ်ဆိုကာ လုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်သည်။ ဒုတိယ ကုမ္ပဏီဖြစ်သည့် Special Purpose Vehicle - (SPV-2) ကို မြန်မာနိုင်ငံတွင် မှတ်ပုံတင်မည်ဖြစ်သည်ဟုလည်း သိရသည်။

သို့သော်လည်း ထားဝယ် အထူးစီပွားရေးဇုန် နှင့် ဆက်စပ်စီမံကိန်း ကိစ္စရပ်များအားလုံးနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်များကို သူရ ဦးသောင်းလွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ထားသည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီကသာ အလုံးစုံ ချုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အလုပ်သမား ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားထားသည်။

YC


UNFC နှင့် ပြည်တွင်းပြည်ပ တိုင်းရင်းသားအဖွဲ့အစည်းတို့ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဆွေးနွေးပြုလုပ် 

              ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ (UNFC) မှ ဦးဆောင်သော   ပြည်တွင်းပြည်ပရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း လူ ၁၀၀ ကျော် တက်ရောက်ခဲ့သည့် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

              အဆိုပါဆွေးနွေးမှု အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း  အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ခိုင်မာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖြစ်ပေါ်လာအောင် ဆွေးနွေးလျက်ရှိကြောင်း  UNFC မှ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်သာက ပြောကြားခဲ့သည်။

              “ ဘာမှ မပြောနိုင်သေးဘူး။ ဆွေးနွေးပွဲပြီးမှ ရှင်းလင်းပွဲလုပ်မယ်။ အဓိကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ဘဲ ဆွေးနွေးတာ၊ တခြားဘာမှပြောလို့ မရသေးဘူး”  ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

              ယင်းဆွေးနွေးပွဲ ပြုလုပ်သည့် ပထမရက်တွင်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ စစ်မှန်သည့် ပြည်ထောင်စု ပေါ်ထွန်းရေး၊ ပြည်ထောင်စုစစ်တပ်ဖွဲ့စည်းရေး၊ လမ်းပြမြေပုံနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များကို အဓိကထားပြီး  ဆွေးနွေးခဲ့သည် ဟု ညီလာခံသို့ တက်ရောက်ခဲ့သူတစ်ဦး၏ ပြောကြားချက်အားဖြင့် သိရသည်။

အဆိုပါဆွေးနွေးပွဲ၌ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်တွင် နေထိုင်နေကြသော ဒေသခံများ၏ တင်ပြ ချက်များကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ (UNFC) မှ ခေါင်းဆောင်များဆီသို့ တင်ပြဆွေးနွေး သွားမည့်ဖြစ်ကြောင်း  ထိုင်းနိုင်ငံအခြေစိုက် ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က ပြောဆိုခဲ့ သည်။

              ထို့ပြင် UNFC အဖွဲ့အနေဖြင့် အခြားလှုပ်ရှားမှုတစ်ရပ်ဖြစ်သည့်  ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ ဒေသခံများအပေါ်  ထိခိုက်နစ်နာမှုများ ဆက်လက်မဖြစ်ပေါ်ရေးနှင့် သယံဇာတထုတ်လုပ်မှုများ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရေးကို တွန်းအားပေးနိုင်ရန်အတွက် ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့များ နှင့် တွေ့ဆုံပြီး ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

              ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတဆင့် ပိုက်လိုင်းတစ်လျှောက်တွင် နေထိုင်ကြသော ဒေသခံပြည်သူ များ၏ ထိခိုက်နစ်နာမှုများကို အပြီးသတ်ဖြေရှင်းပေးခြင်းမရှိဘဲ  မြန်မာနိုင်ငံ၏ မြို့ပေါင်း ၂၀ ကျော်ကို ဖြတ်သန်းသွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့အား တရုတ်နိုင်ငံသို့ တင်ပို့နေပြီဖြစ်သည်။

              ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့၏ အလုပ်အဖွဲ့ (Technical Team) ကိုယ်စားလှယ်များသည် ဇူလိုင် ၁၃ ရက်တွင် ထိုင်းနိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း UNFC ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာမှ ပြောကြားခဲ့သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment