Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ဘဏ်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ Contact Centre ဖွင့်ကာ ဝန်ဆောင်မှုပေးမည်
  2. ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ရန်အမှန်တကယ်ဆန္ဒရှိပါက ရက် ၃၀ သာလိုကြောင်း ဒီမိုခေါင်းဆောင်ပြော
  3. ၂၀၁၄ ခုနှစ်၌ စက်မှုဇုန်များကို အစိုးရက မီးဖြတ်မည်ဆိုသည့်သတင်းကို ဝန်ကြီးမှ ပြန်လည်ငြင်းဆို
  4.  မြန်မာမှ ပေးရန်ရှိသော   အမေရိကန်ဒေါ်လာသန်း ၅၅၀ ကို ပြင်သစ်ဘက်မှ လျှော်ပေး


ဘဏ်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ Contact Centre ဖွင့်ကာ ဝန်ဆောင်မှုပေးမည်

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးမှုတွင် များစွာအထောက်အကူ ဖြစ်စေမည့် ဘဏ်လုပ်ငန်းအပါအဝင် စီပွားရေး လုပ်ငန်းများဆိုင်ရာ သတင်းအချက်အလက်များကို အတိအကျဝန်ဆောင်မှု ပေးနိုင်ရန် အတွက် ဂျာမနီနိုင်ငံ အခြေစိုက် Jebsen & Jessen Communication မှ Contact Centre တည်ထောင်ကာ ဝန်ဆောင်မှု ပေးသွားဖြစ်ကြောင်း သိရသည်။

Contact Centre ဆိုသည်မှာ ကော်စင်တာ( Call Centre ) ကဲ့သို့ ကာစတန်မာနှင့် တိုက်ရိုက်ဝန်ဆောင်မှု ပေးခြင်းဖြစ်သည်။ ဝန်ဆောင်မှုအပိုင်းဆိုင်ရာ အချက်အလက်များ သိရှိလိုပါက တိုက်ရိုက်ပြန်လည် ဖြေကြားပေးမည့် စင်တာ သဘောမျိုး ဖြစ်ကာ နိုင်ငံတကာတွင်မူ တွင်ကျယ်စွာ ဆောင်ရွက်နေကြသော လုပ်ငန်းမျိုးဖြစ်သည်။

ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ ဟိုတယ်နှင့် ဝန်ဆောင်ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော သတင်းအချက်အလက်များနှင့် အခြားဝန်ဆောင်မှုများ လုပ်ဆောင်ပေး နိုင်ရန် Contact Centre ထားရှိရန်လိုအပ် လာသည့်အတွက် မြန်မာနိုင်ငံတွင် လာရောက် ဝန်ဆောင်မှုများ ပေးမည်ဖြစ်ကြောင်း JJ-Pun မှ အထွေထွေမန်နေဂျာ Mr. Philip Hoffman ကပြောကြားသည်။

Contact Centre မှ ငွေကြေးဆိုင်ရာဝန်ဆောင်မှုသစ်များ ပေးနိုင်ခြင်း၊ ပင်မလုပ်ငန်းမှ လုပ်ငန်းခွဲများအတွက်ပါ ယင်းစီပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် နောက်ဆုံးပေါ်သတင်းအချက်အလက် စုဆောင်းဖြန့်ဝေပေး နိုင်ခြင်းတို့ကို ဆောင်ရွက် ပေးမည်ဖြစ်သည်ဟု သိရသည်။

“ဒီလို Contact Centre ထားရှိဖို့အတွက်လုပ်ငန်းအကြီး၊ အသေး လိုအပ်တဲ့အပေါ်မှာ မှုတည်ပြီး နှုန်းထားအမျိုးမျိုး ကွဲပြားသွားမှာပါ။ Contact Centre ဖွင့်ဖို့ လိုအပ်တဲ့ ဝန်ထမ်းများတွေကို လေ့ကျင့် ပျိုးထောင်ပေး နေပါတယ်” ဟု JJ Communication မှ Regional Managing Director Mr.Harold Thng ကပြောကြားသည်။

“Contact Centre ရဲ့သဘောကတော့ ဘဏ်လုပ်ငန်းတွေက သူကိုအလုပ်အပ်လိုက်ရင် အဲဒီဘဏ်ရဲ့ ကာစတန်မာမှာ ကတ်ပျောက်တာတို့ ကတ်ပျက်တာတို့ တစ်ခုခုဖြစ်ရင် ကာစတန်မာက ဘဏ်ကိုပြောမယ်။ ဘဏ်ကမှ တစ်ဆင့် ကွန်တက်စင်တာက လူတွေကို ဖြေရှင်းခိုင်းတဲ့ သဘောပေါ့။ ဘဏ်ဒေတာအချက် အလက်တွေကိုလဲ သူတို့တွေက စုဆောင်းထိန်းသိမ်းပေးထားတဲ့ သဘောပါ” ဟု အဆိုပါဝန်ဆောင်မှု လုပ်ငန်းနှင့် ပက်သက်၍ နိုင်ငံတကာ ဘဏ်လုပ်ငန်းကျွမ်းကျင်သူက ရှင်းပြခဲ့သည်။

YC


ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ရန်အမှန်တကယ်ဆန္ဒရှိပါက ရက် ၃၀ သာလိုကြောင်း ဒီမိုခေါင်းဆောင်ပြော

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြည်ထောင်စုအစိုးရအနေဖြင့် ပြင်ဆင်ရန် အမှန်တကယ် ဆန္ဒရှိပါက

ရက်၃၀ နှင့်ပြီးစီးနိုင်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၃၁ ရက်နေ့တွင် နေပြည်တော်၌ မီဒီယာများနှင့်တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

“သက်ဆိုင်ရာက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်းချင်တယ်ဆိုရင် လပေါင်း ၃၀ မဟုတ်ဘူး။ ရက်ပေါင်း ၃၀ နဲ့တင်ပြီးတယ်။ ဆုံးဖြတ်ချက်ချဖို့သာလိုတာ” ဟု၎င်းက ပြောသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော အချို့ပုဒ်မများမှာ ဒီမိုကရေစီစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိ ခြင်း၊ ရှေ့နောက် ညီညွှတ်ခြင်းမရှိခြင်း စသည်တို့ကြောင့်ပြင်ဆင်ရန်လိုအပ်နေပြီး ပြင်ဆင်သည့်အခါတွင်လည်း လက်တွေ့ကျစွာဖြင့် ချဉ်းကပ်ဖို့လိုအပ်ကြောင်းနှင့် ပြင်ဆင်လိုသည့် အချက်များကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြကာ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ချဉ်းကပ်ရာတွင် ပြတ်သားရဲဝင့်ပွင့်လင်းစွာ ပြုလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ ပြည်သူလူထုအများစုမှာ ဖွဲ့စည်းပုံအခြေခံတွင် ပါရှိသော အချက်များကို အခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထုကို ရှင်းလင်းချက်များပြုလုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန်အတွက် သုံးသပ်ရေးကော်မတီတွင် သူရဦးရွှေမန်း နှင့် မိမိတို့ မပါဝင်သော်လည်း အဆိုပါလေ့လာသုံးသပ်ရေး ကော်မတီအနေဖြင့် ပြင်ဆင်ပြောင်းလဲသင့်သည်များကို ရဲဝံ့စွာ ပြောင်းလဲနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ဆက်လက်ပြောကြားသည်။

“ဒီကော်မတီထဲမှာ ဦးရွှေမန်းကော ကျွန်မကောမပါဘူး။ ကျွန်မကတော့ ဒီကော်မတီဝင်တွေကို မှန်မှန်ကန်ကန် နဲ့ သတ္တိရှိရှိနဲ့ လုပ်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဒီဥပဒေဟာ ဒီမိုကရေစီ စံချိန်စံနှုန်းစံထားနဲ့ မညီရင်ပြောင်း လဲသင့်တယ်ဆိုတာကို ရဲရဲဝံ့ဝံ့ပြောနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟုထပ်လောင်းပြောသည်။

ဒီမိုကရေစီနိုင်ငံတစ်ခုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရေးကြီးဆုံးကဏ္ဍတွင်ပါဝင်နေပြီး ယခုအခါတွင် ပိုမို ပြည့်စုံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ရေးမှာ ၂၀၀၈ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အပေါ်တွင် မူတည်နေသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ကို လိုအပ်သလို ပြင်ဆင်ရေးဆွဲနိုင်ရန်အတွက် အဖွဲ့ဝင် ၁၀၉ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကိုဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်တွင် ဇူလိုင်လ ၂၅ ရက်နေ့က အတည်ပြုသဘောတူ ခဲ့သည်။ ထိုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကမှ လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က တာဝန်ယူ မည်ဖြစ်သည်။ ကျန်ကော်မတီဝင်များကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလများ ဖြင့် အချိုးကျဖွဲ့စည်းခဲ့သည်။

 YC


၂၀၁၄ ခုနှစ်၌ စက်မှုဇုန်များကို အစိုးရက မီးဖြတ်မည်ဆိုသည့်သတင်းကို ဝန်ကြီးမှ ပြန်လည်ငြင်းဆို

၂၀၁၄ ခုနှစ်ဧပြီလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များကို အစိုးရမှ လျှပ်စစ်ဓါတ်အားဖြန့်ဖြုးပေးခြင်းအား လုံးဝရပ်ဆိုင်းသွားမည့်ဆိုခြင်းမှာ ဟုတ်မှန်ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးဥာဏ်ထွန်းက မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း စက်မှုလုပ်ငန်းများအတွက်  ကျင်းပပြုလုပ်သော စက်မှုဇုန် လုပ်ငန်းရှင်များနှင့် လျှပ်စစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

“၂၀၁၄ မှာ စက်မှုဇုန်တွေကို မီးပေးတာ ဖြတ်မယ်ဆိုတာ မဟုတ်ပါဘူး။ ၂၀၁၄ မှာ စက်မှုဇုန်တွေအနေနဲ့ ကိုယ်ပိုင် လျှပ်စစ်မီး သုံးစွဲနိုင်အောင် ကြိုးစားခိုင်းတာပါ။ ၂၀၁၄ မှာ ကိုယ်ပိုင်လျှပ်စစ်မီးမရနိုင်ရင်လည်း ဒီအတိုင်းပဲဆက်လက်ပေးသွားမှာပါ” ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် စက်မှုဇုန်များကို နွေရာသီမှ စတင်၍  လျှပ်စစ်ဓါတ်အား ပေးဝေခြင်းကို ရပ်ဆိုင်းခဲ့ပြီး ပြည်သူများသို့  လျှပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်သောကြောင့် စက်မှုဇုန်များအနေဖြင့် ကိုယ်ပိုင်ဓါတ်အားစနစ်များဖြင့် လည်ပတ် ဆောင်ရွက်နိုင်ရန်လိုအပ်နေကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓါတ်အားကို ပြည်သူများသို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေးနိုင်ရန် ခက်ခဲနေကြောင်း သုံးစွဲနေပြည်သူများက ယခင်ထက်ပိုမိုများပြားလာသဖြင့် အစိုးရက နွေရာသီတွင် ယခုကဲ့သို့ စက်မှုဇုန်များသို့ မီးပေးဝေမှုအား ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလိုဆိုတော့ ပိုကောင်းပါတယ်။ ၂၀၁၄ မှာ မီးမပေးဘူးဆိုရင် လုပ်ငန်းရှင်တွေဘက်က ပုဂလိကလုပ်ငန်းကို အားခြင်း ဆောင်ရွက်ရမလိုဖြစ်နေတယ်”ဟု Excel International  Trading  C.Ltd မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဇင်မှ ပြောဆိုခဲ့သည်။

အဆိုပါလျှပ်စစ်ဓါတ်အားဖြန့်ဝေမှုအား ရပ်ဆိုင်းမှုသတင်းများ ထွက်ပေါ်လာခြင်းမှာ  စက်မှုဇုန်များသို့ တရားဝင် အကြောင်းကြားစာ ပို့ပေးခြင်းမရှိဘဲ စက်မှုဇုန်များအား ပုဂလိကလျှပ်စစ်ဓါတ်အား ဖြန့်ဖြုးပေးရန်၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ဆွေးနွေးသည့်ပွဲများမှ သတင်းပေါ်ထွက် လာခြင်းဖြစ်ကြောင်း စက်မှုလုပ်ငန်းရှင်များ၏ ပြောကြားချက်အားဖြင့် သိရသည်။

 စက်မှုဇုန်များအား ပုဂ္ဂလိက လျှပ်စစ်ဓါတ်အား ဖြန့်ဖြုးပေးရေးအတွက် စက်မှုဇုန်လုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဖြုးရေးကုမ္ပဏီများဆွေးနွေးညှိနှိုင်းလျက်ရှိပြီး လုပ်ငန်းရှင်များပါဝင်သော အများပိုင်ကုမ္ပဏီကို တည်ထောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောဆိုခဲ့သည်။

 YC


 မြန်မာမှ ပေးရန်ရှိသော   အမေရိကန်ဒေါ်လာသန်း ၅၅၀ ကို ပြင်သစ်ဘက်မှ လျှော်ပေး

မြန်မာနိုင်ငံသည်  ပြင်သစ်သို့ပေးရမည့် ကြွေးမြီများထဲမှ  ကန်ဒေါ်လာသန်း ၅၅၀ကို  ပြင်သစ်အစိုးရက လျှော်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ နေပြည်တော်၌ ဇူလိုင် ၃၀ရက်နေ့တွင် နှစ်ဦးသဘောတူလက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ပြင်သစ်နိုင်ငံခြားကုန်သွယ်မှုဝန်ကြီးဌာနမှ  ဝန်ကြီး Mrs. Nicole Bricq က  တက်ရောက်ခဲ့ ပြီး  နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် သဘောတူလက်မှတ် ရေးထိုးခြင်းဖြစ်သည်။ ကျန်ရှိသော ကြွေးမြီများကို ၁၅ နှစ် အတွင်း အပိုင်းခွဲကာ ဆပ်ရမည်ဖြစ်ပြီး  အတိုးနှစ်ရာခိုင်နှုန်း ပေးရမည်ဖြစ်ကြောင်း သဘောတူညီမှု ရခဲ့သည်။ ပြင်သစ်အစိုးရသည်    မြန်မာနိုင်ငံအား   နိုင်ငံတကာတွင် ပါဝင်ခွင့်ရရန်အတွက်  မြန်မာပို့ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် အထူးအခွင့်အရေး ရရှိရန်  အဓိကကြိုးစား ထားသည်ဟု သိရသည်။

ပြင်သစ်အစိုးရသည် ၄င်းနိုင်ငံထွက်ပစ္စည်းများကို မြန်မာပြည်တွင်း၌ ရောင်းချရန်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံနိုင်ရန် မျှော်လင့်ထားပြီး ယခုနှစ် ဇန်နဝါရီ ၂၅ရက်တွင် ကျင်းပသော ပြင်သစ်ကလပ်အစည်းအဝေးတွင်  အကြွေး ၅၀ ရာခိုင်နှုန်းကို လျှော်ပေးသည့်ကိစ္စအား ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment