Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ အမျိုးသားလေကြောင်းမူဝါဒ ၂၀၁၄တွင် အဆင်သင့်ဖြစ်မည်ဟုဆို

( 31 July 2013 ရက်စွဲပါ  e Turbo News မှ Myanmar’s national aviation policy should be ready by 2014 ကို ဘာသာပြန်သည်)

  1. မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေကို လန်ဒန်စိုးရိမ်နေဆဲ

(UPI မှ 31 July 2013 ရက်စွဲပါ “Myanmar reform progress troubles London” သတင်းကိုဘာသာပြန်ဆိုသည်)

  1. ထိုင်း- မြန်မာနယ်စပ် ရေကြီး

(Bangkok Post မှ  31 July 2013  ရက်စွဲပါ “Flood hit Thai-Myanmar border “ သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံ၏ အမျိုးသားလေကြောင်းမူဝါဒ ၂၀၁၄တွင် အဆင်သင့်ဖြစ်မည်ဟုဆို

( 31 July 2013 ရက်စွဲပါ  e Turbo News မှ Myanmar’s national aviation policy should be ready by 2014 ကို ဘာသာပြန်သည်)

နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအဖွဲ့ (IATA) ကမြန်မာနိုင်ငံတွင် အမျိုးသားလေကြောင်းမူဝါဒ တစ်ခုလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

မေးခွန်းမေးမြန်းမှုကို  IATA က စာဖြင့်ရေးသားဖြေကြားရာတွင် မူဝါဒတွင်ထည့်သွင်းရမည့်အချက်များမှာ တိုးလာနိုင်သည့် ဆင်းသက်မည့် လေကြောင်းလိုင်းများ၊ အစိုးရစည်းမျဉ်းများနှင့် ဝန်ထမ်းလေ့ကျင်မှုများ ဖြစ်သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံမြို့ပြလေကြောင်းဌာနကလည်း ထိုသို့သောမူဝါဒတစ်ခုကိုရေးဆွဲလျက်ရှိပြီး၊ ၂၀၁၄တွင် အသင့်ဖြစ်မည်ဟု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ အပယ်ခံဘဝရောက်ခဲ့ရသောကြောင့် မြန်မာနိုင်ငံ၏လေကြောင်းဏ္ဍသည် ယခုကဲ့သို့ ဦးဆောင်ကဏ္ဍကို ရောက်ရှိလိမ့်မည်ဟု ဘယ်သောအခါကမျှ စဉ်းစားခြင်းမရှိပေ။

သို့သော် တိုင်းပြည်က အသွင်းပြောင်းလျက်ရှိခြင်းကြောင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ လေကြောင်းဗဟို ဌာနတစ်ခု ဖြစ်လာနိုင်သည်ဟု မြန်မာနိုင်ငံမြို့ပြလေကြောင်းဌာနက ယုံကြည်နေပါသည်။

မြို့ပြလေကြောင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားရာတွင် “ကျွန်တော်တို့မှာ တိကျသည့် လေကြောင်းမူဝါဒ မရှိတာအတော်ကြာပါပြီ။ အခုတော့ ကျွန်တော်တို့ နိုင်ငံခြားအော်ပရေတာတွေကို လက်ခံထားပါတယ်။ ကျွန်တော်တို့မှာ နိုင်ငံခြားအော်ပရေတာတွေကို ဆွဲဆောင် တာတို့ ဈေးကွက်မြှင့်တင်တာတို့ မလုပ်ခဲ့ဘူးပါဘူး။ အခုတော့ နိုင်ငံတကာနှင့်ဆက်ဆံဖို့ ပိုပြီးအခွင့်အလမ်းကောင်းတွေရှိလာပါပြီ။ တဖက်ကလည်း ကျွန်တော်တို့အတွက် စိန်ခေါ်မှုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ မူဝါဒတစ်ခုလိုအပ်တာ အတိအကျပါပဲ” ဟုဆိုပါသည်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံ၏ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့သည် မူဝါဒကြီးကြပ်သူနှင့် လေဆိပ်များကို စီမံခန့်ခွဲသူဖြစ်ပါသည်။

သို့သော် လေဆိပ်ဝန်ဆောင်မှုများ လုပ်ကိုင်ရန် အခြားအေဂျင်စီများသို့ လွှဲပေးရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဦးဝင်းဆွေထွန်းက ဆိုပါသည်။

နောက်ထပ်စိန်ခေါ်မှုတစ်ခုမှာ နှစ်ခြိုက်မှုနည်းပါးပြီး ပုံရိပ်မကောင်းသော ပြည်တွင်းလေကြာင်းလိုင်းများကို မြှင့်တင်ရန် လိုအပ်ချက်ဖြစ်ပါသည်။ ယခုအခါ အာဏာပိုင်များသည် ထိုကိစ္စကို ဦးစားပေးကာ အထူးအလေးပေး ဆောင်ရွက်နေပါသည်။

ဦးဝင်းဆွေထွန်းက ပြောကြားရာတွင် “ ကျွန်တော်တို့အနေနဲ့က လေယာဉ်နဲ့ပတ်သတ်ပြီး ကန့်သတ်ထားတာမရှိပါဘူး။ ဒါပေမယ့်၂၀၁၁ခုနှစ်မှာတော့ လက်ရှိလေယာဉ်တွေကို ၂၅နှစ်ကျော်ရင် အသုံးမပြုဖို့ ကန့်သတ်ခဲ့ပါတယ်။ အသစ်ရောက်လာတဲ့လေယာဉ်တွေရော အနှစ် ၂၀ ထိသာ သုံးနိုင်ပါတယ်။ ကျွန်တော်တို့ လုံခြုံရေးစီမံခန့်ခွဲရေးစနစ်ရှိပါတယ်” ဟုဆိုပါသည်။

လွန်ခဲ့သောနှစ်လကျော်က မြန်မာ့လေကြောင်းတွင်  အဖြစ်အပျက်နှစ်ခုကြုံတွေ့ခဲ့ရာတစ်ခုမှာ လေယာဉ်ပြေးလမ်း ချော်သွားခြင်းနှင့် အခြားတစ်ခုမှာ ပြေးလမ်းကို ကျော်လွန်သွားခြင်းဖြစ်ပြီး နှစ်ဦးဒဏ်ရာရမှုဖြစ်ခဲ့ပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း အဲပုဂံလေကြောင်း လေယာဉ်အဆင်းတွင် ပျက်ကျခဲ့ရာ နှစ်ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာ ရခဲ့ပါသည်။ မြန်မာနိုင်ငံတွင်းတွင် လေကြောင်းဖြင့်ခရီးသွားမှုများတိုးလာခြင်းကြောင့် လုံခြုံမှုရှိရေးမှာ အဓိက အကြောင်းအရာ ဖြစ်လာပါသည်။

အဲပုဂံမှ ဒုတိယမန်နေဂျင်းဒါရိုက်တာ စစ်သန္တာနွဲ့ကပြောကြားရာတွင် “ပြည်သူတွေဟာ မြန်မာနိုင်ငံမှ လေကြောင်း လိုင်းတွေလုံခြုံမှုရှိရေးကို နားလည်ဖို့လိုအပ်တယ်ဆိုတာ သဘောတူနားလည်ပါတယ်။ ကျွန်မတို့လေကြောင်းလိုင်းဟာ အသစ်တွေဝယ်ယူနေပါတယ် ကျွန်မတို့ဝန်ထမ်းတွေကိုလည်း နိုင်ငံတကာစံချိန်မီအောင် လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်နေပါတယ်”ဟုပြောကြားခဲ့ပါသည်။

ရွှေမြန်မာလေကြောင်းလိုင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကြီးကပြောကြားရာတွင် “ မြန်မာနိုင်ငံရဲ့ လေကြောင်းလုပ်ငန်းကြီးကိုပြောရမယ်ဆိုရင် သူငယ်တန်းအဆင့်မှာပဲရှိပါသေးတယ်။ လောလောဆယ်တော့ နာမည်ကောင်းလဲ သိပ်မရသေးပါဘူး။ ဒါပေမယ့် ကြီးကြီးမားမား နာမည်ပျက်တာမဟုတ်လို့ အချိန်တိုအတွင်း အဆင့်တစ်ခုကိုရောက်လာနိုင်မယ်လို့ ထင်ပါတယ်။ ဒီလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်တဲ့သူတွေအနေနဲ့ ခေတ်မီတဲ့၊ နောက်ဆုံးနည်းပညာတွေနဲ့ လုံခြုံမှုရှိရေးကို လုပ်ဆောင်ရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ အမြဲပြောနေတာက လုံခြုံမှုရှိရေး စီမံခန့်ခွဲမှုစနစ်ပါပဲ” ဟုဆိုပါသည်။

ရွှေမြန်မာလေကြောင်းလိုင်းသည် ၄င်း၏ဝန်ထမ်းများကို လေ့ကျင့်နိုင်ရန် နိုင်ငံခြားသားပညာရှင်များ ငှားရမ်းထားပါသည်။

၎င်းတို့က အစိုးရအနေဖြင့် လေ့ကျင့်သင်ကြားမှုများတွင် အကူအညီပေးရန်နှင့် ဝန်ထမ်းလေ့ကျင့်မှုများတွင် ပို၍ကြပ်ကြပ်မတ်မတ်ရှိရေး ကူညီရန် မျှော်လင့်နေပါသည်။

IATA ကပြောကြားရာတွင် မြန်မာနိုင်ငံ၏ အမျိုးသားလေကြောင်းမဟာဗျူဟာသည် ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများပိုမို ထိတွေ့မှုရှိရေးဖြစ်သည်ဟု ဆိုပါသည်။ လေကြောင်းလုပ်ငန်းသည် အလုပ်အကိုင်ဖန်တီးပေးမှုများကဲ့သို့သော လူမှုရေးနှင့်စီးပွားရေး အကျိုးအမြတ်များရနိုင်ပါသည်။

IATA ကမြန်မာနိုင်ငံ၏ မူဝါဒကြီးကြပ်ရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုကို  အသိအမှတ်ပြုခဲ့ပြီး လေကြောင်းခရီးများစီမံခန့်ခွဲမှု၊ လေဆိပ်အခြေခံအဆောက်အဦးများ လုပ်ဆောင်မှု အရှိန်အဟုန်ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်နေပါသည်။


 

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေကို လန်ဒန်စိုးရိမ်နေဆဲ

(UPI မှ 31 July 2013 ရက်စွဲပါ “Myanmar reform progress troubles London” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လုပ်ဆောင်နေဆဲ ပြုပြင်ပြောင်းလဲမှုများ၏ အနေအထားနှင့်ပတ်သက်၍ လွန်စွာစိုးရိမ်ပူပန်မိ ကြောင်း ဗြိတိသျှကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံသို့ မထွက်ခွာမီ ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ပါသည်။

ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘာကိုးသည် ဗြိတိသျှလွှတ်တော်အမတ်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း သွားရောက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ မူဝါဒ ချမှတ်သူများ (အာဏာပိုင်များ)နှင့် လည်းကောင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လည်းကောင်း၊ တွေ့ဆုံရန် မျှော်လင့် ထားသည်ဟု ဂျွန်ဘားကိုးက ပြောကြားသည်။

စစ်ဖက်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ လက်ရှိမြန်မာသမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လအတွင်းက ဗြိတိန်နိုင် ငံသို့ ရောက်ရှိလာခဲ့ပြီး ဗြိတိသျှဝန်ကြီးချူပ် ဒေးဗစ်ကင်မရွန်နှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

ဗြိတိသျှဝန်ကြီးက မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ မြန်မာ ခေါင်းဆောင်ကို ချီးကျူးထောပနာပြုခဲ့သည်။ သို့သော် ရခိုင်ကမ်းရိုးတမ်းဒေသတွင် မွတ်ဆလင်များကို ပစ်မှတ် ထားအကြမ်းဖက်မှုကို စိုးရိမ်ပူပန်မိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသို့သွားရောက်သည့် ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ “မြန်မာနိုင်ငံမှာ လက်ရှိပြောင်းလဲနေတဲ့ အခြေအနေကို ကြိုဆိုပါတယ်။ ဒါပေမယ်လည်း လူမျိုးရေး အကြမ်းဖက်မှုတွေ အခြေခံဥပဒေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို အလွန်အမင်း စိုးရိမ်နေမိတုန်းပါပဲ။ ဒီလိုစိုးရိမ်မိတာကို သမ္မတကြီးနဲ့တွေ့ဆုံ တဲ့အချိန်မှာ တိုက်ရိုက်တင်ပြပြောဆိုမှာပါ” ဟုရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင်စတင်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ၏ ချီးကျူးဂုဏ်ပြုမှုကို လက်ခံရရှိနေသော်ငြားလည်း၊ လူ့အခွင့်အရေးပြဿနာများနှင့် လူမျိုးရေး အကြမ်းဖက်မှုများက ပြောင်းလဲမှုများကို လောင်းရိပ်မိုးလျက်ရှိသည်။

မြန်မာနိုင်ငံသည် နောက်ကြောင်းပြန်လှည့်မည် မဟုတ်သော်ငြားလည်း၊ အပြောင်းအလဲကို နှေးကွေးစေလိုသူ များက တိုင်းပြည်တွင်း အခြေအနေများ ရှုတ်ထွေးအောင် ကြိုးကိုင်ဖန်တီးနေသည်ဟူသော မှတ်ချက်ပေးမှုများ လည်းပေါ်ထွက်နေသည်။

ပြီးခဲ့သော သီတင်းပတ်အတွင်းက နိုင်ငံရေးအကျဉ်းသား ၇၃ ဦးကိုမြန်မာအစိုးရက လွှတ်ပေးခဲ့ပြီး၊ မနှစ်ကလည်း နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်ကို တစ်ပြုံ့တစ်မ လွှတ်ပေးခဲ့ပြီးဖြစ်သည်။

ယခင်က နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို ရာဇဝတ်အကျဉ်းသားမြောက်များစွာနှင့် ရော၍လွှတ်ပေးလေ့ရှိ သော်လည်း ယခုအခါ နိုင်ငံရေး အကျဉ်းသားများကို သီးသန့်ရွေးချယ်လွှတ်ပေးလာခြင်းသည် မြန်မာအစိုးရ၏ တိုးတက်ပွင့်လင်းလာမှုကို ထင်ဟပ်နေသည်ဟု အကဲခတ်လေ့လာသူများက ဆိုပါသည်။


 

ထိုင်း- မြန်မာနယ်စပ် ရေကြီး

(Bangkok Post မှ  31 July 2013  ရက်စွဲပါ “Flood hit Thai-Myanmar border “ သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွင် ရေလွှမ်းမိုးမှုကြောင့် ဒုက္ခသည် ၂၅၀၀၀ ခန့်ကို  ယာယီစခန်းများတွင်  စောင့်ရှောက်ပေးထားပြီး ရေလျှံနေသော ဝေးလံခက်ခဲသောနေရာများသို့ ရောက်ရှိနိုင်ရန် ကယ်ဆယ်ရေးအဖွဲ့ ကြိုးစားနေကြောင်း တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

ကရင်ပြည်နယ်တွင် ရက်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးကာ ယာယီကယ်ဆယ်ရေးစခန်း ၈၀တွင် ဒေသခံများ ခိုလှုံနေရကြောင်း လူမှုဖူလုံရေး၊ကယ်ဆယ်ရေးနှင့် နေရာချ ထားရေး ညွှန်ကြားရေးမှူးက ပြောကြားပါသည်။

ကရင်ပြည်နယ်အတွင်း ရေဘေးသင့်ဒုက္ခသည် ၂၄,၄၉၉ ဦးကို ကယ်ဆယ်စောင့်ရှောက်ပေးထားပြီး  မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင်လည်း ရေဘေးသင့်ဒုက္ခသည် များစွာရှိနေသည်ဟု ၄င်းကဆက်လက် ပြောကြားသည်။

ရာသီဥတုဆိုးဝါးမှုနှင့် မြေပြိုမှုများကြောင့် သဘာဝဘေးသင့်ဒေသ အချို့သို့ ရောက်ရှိနိုင်ရန် လွန်စွာခက်ခဲနေပြီး ဟယ်လီကော်ပတာများ စေလွှတ်ထားသည်ဟု ၄င်းက ဆိုပါသည်။

ယခုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ဒေသများတွင်လည်း ရေလွှမ်းမိုးနေ သည်ဟု  သိရှိရသည်။

ထိုင်းနိုင်ငံ၏ ပြည်နယ် ၇ခုတွင် ဗုဒ္ဓဟူးနေ့အထိ ရေလျှံနေဆဲဖြစ်ပြီး သေဆုံးသူ ၃ဦးရှိပြီဟု ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ရေလွှမ်းမိုးဒေသနှင့် နယ်စပ်ခြင်း ထိစပ်နေသော မဲဆောက်ခရိုင်တွင် မြို့သည်ရေများကျ သွားသော်လည်း နယ်စပ်စစ်ဆေးရေးဂိတ်တစ်ဝိုက်တွင် ရေကြီးနေဆဲဟု သိရှိရသည်။

မဲဆောက်မြူနီစပယ် အုပ်ချုပ်ရေးမှူး ပရာမွတ်ချန်ဆရီက “မဲဆောက်မှာ အခြေအနေ ပုံမှန်ပြန်ဖြစ်နေပါ ပြီ။ တောင်ကျနေတွေ ကျလာတဲ့ တနင်္လာနေ့ကတော့ အဆိုးဆုံးပါပဲ။ နှစ်နိုင်ငံအကြား နယ်စပ်ကူးတံတားကို တော့ ဖွင့်ပေးထားပါတယ်” ဟု ၄င်းက ပြောကြားသည်။

ထိုင်းနိုင်ငံသည် ၂၀၁၁ ခုနှစ်အတွင်းက အဆိုးဝါးဆုံး ရေလျှံမှုကို ကြုံတွေ့ခဲ့ရပြီး၊ လူပေါင်း ၈၀၀ ကျော် သေဆုံးကာ နိုင်ငံ၏ အမြတ်အစွန်းကြီးမားသော ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းကာ မြို့တော် ဘန်ကောက်နေရာ အနှံ့အပြားတွင် လပေါင်းအတန်ကြာ ရေကြီးမှု ဖြစ်ပွားခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment