Transparency Myanmar

transparency.myanmar@gmail.com

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. UNFC မှ ဖက်ဒရယ်အခြေပြု  ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား ၂၀၁၃ မကုန်မီအပြီးသတ်ရေးဆွဲမည်
  2. အခွန်နှင့်ပတ်သက်၍ ကော်မတီနှစ်ခု ပူးပေါင်းအစီရင်ခံစာတင်သွင်းရန် သူရဦးရွှေမန်းပြောကြား
  3. သတင်းမီဒီယာ ဥပဒေကြမ်းဆွေးနွေးပွဲ နိုင်ငံရေးပါတီအများစု စိတ်မပါ

UNFC မှ ဖက်ဒရယ်အခြေပြု  ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား ၂၀၁၃ မကုန်မီအပြီးသတ်ရေးဆွဲမည်

ဇူလိုင်လ ၂၉ ရက်မှသြဂုတ်လ ၁ ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ (UN FC)မှဦးဆောင်၌ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုမူအပေါ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ၂၀၁၃ မကုန်မီကာလအတွင်း အပြီးသတ် သဘော တူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ဖက်ဒရယ်အခြေပြု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးအတွက် တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့မှ ဦးဆောင်၍ အပြီးသတ်ရေးဆွဲသွားမည်ဖြစ်ကြောင်း UNFC ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

“တိုင်းရင်းသားတွေအားလုံးလိုချင်တာက ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုဖြစ်တာကြောင့် ဒါတွေကိုဖော်ပြမယ့်ဖွဲ့စည်း ပုံ အခြေခံဥပဒေသစ်ကို ဒီနှစ်မကုန်ခင်မှာ အပြီးရေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ ဆန္ဒတစ်ခုတည်း မဟုတ်ဘဲ အားလုံးရဲ့ ဆန္ဒ၊ လိုလား ချက်တွေကို အခြေခံပြီး ရေးသွားမှာပါ”ဟု နိုင်ဟံသာက ဆက်လက်ပြောကြားသည်။

ထိုသို့ ယင်းဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲရာတွင်         တိုင်းရင်းသားလူမျိုးများမှ လိုလားလျက်ရှိသည့် ဖက်ဒရယ် ပြည် ထောင်စုမူအပါအဝင် တောင်ကြီးကွန်ဖရင့်၊ ပင်လုံအခြေခံမူများ၊ သူမွဲထစာချုပ်၊ မယ်သရောစာချုပ်နှင့် မာနယ်ပလော စာချုပ်တို့ အပေါ် အခြေခံ၍ ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“ရေးဆွဲပြီးသွားရင် အစိုးရဘက်နဲ့ ညှိနှိုင်းတာတွေ အများကြီးလုပ်ရဦးမယ်။ သူတို့ဘက်ကလည်း သူတို့ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်ပြီးပြောသလို ကျွန်တော်တို့ဘက်ကလည်း ဖက်ဒရယ်အခြေခံဥပဒေကို ကိုင်ပြီး ပြောချင်တဲ့အတွက် ဒီလို ရေးဆွဲရတာပါ”ဟု နိုင်ဟံသာက ဆက်လက် ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေး ကိစ္စရပ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ကလည်း တရားစီရင်ရေးမဏ္ဍိုင်တစ်ခုဖြစ်သော ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီသည် စမ်းသပ်အဆင့်တွင်သာ ရှိနေသေးသောကြောင့် ကိုယ်တိုင်မပါဝင်လိုသေးကြောင်း၊ နောက်ပိုင်း အခြေ အနေများပေါ်တွင် ကြည့်၍ ပါသင့်၊ မပါသင့် ကိစ္စရပ်အား စဉ်းစားသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့ပြင် ဖက်ဒရယ်အခြေပြု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ခုရေးဆွဲရာတွင်  ဒီမိုကရေစီ အင်အားစုများ၊ အမျိုးသမီး အဖွဲ့ အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ လူထုအကျိုးပြု အဖွဲ့အစည်းများနှင့် အခြားသောအဖွဲ့အစည်းများ ပါဝင်သည့် မူကြမ်းရေးဆွဲ ရေးကော်မတီ ဖွဲ့စည်းကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ တပ်ပေါင်းစု UNFC တွင် တိုင်းရင်းသားလက်နက်ကိုင်(၁၁)ဖွဲ့ပါဝင်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့(UNA)သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထား သော မဟာမိတ်အဖွဲ့ဖြစ်သည်။


 

အခွန်နှင့်ပတ်သက်၍ ကော်မတီနှစ်ခု ပူးပေါင်းအစီရင်ခံစာတင်သွင်းရန် သူရဦးရွှေမန်းပြောကြား

ပြည်တွင်းအခွန် တိမ်းရှောင်မှုများကြောင့် ရသင့်ရထိုက်သော အခွန်များမရရှိဘဲ နိုင်ငံတော်အခွန်ငွေနစ်နာ ရလျက်ရှိသည့် အတွက် ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီနှစ်ခုမှပူးပေါင်း၍ အစီရင်ခံစာတစ်စောင် တင်သွင်းရန်လိုအပ်ကြောင်း သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြော ကြားသည်။

"အကြံပြုချင်တာက ပြည်သူ့ငွေစာရင်းကော်မတီအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်ပြေလည်အောင်၊ ပြီးတဲ့အခါမှာ မိမိတို့ရသင့်ရထိုက်တဲ့ အခွန်တွေရအောင် ဘယ်လိုများဆောင်ရွက်ရမလဲဆိုတဲ့ သုံးသပ်အကြံပြုချက်၊ ထိုနည်းတူစွာပဲ ဘဏ္ဍာရေးနှင့် အခွန်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေနဲ့လည်း အခုတင်ပြဆွေးနွေးချက်အပေါ် မူတည်ပြီးတော့ အခွန်တွေ မှန်မှန်ကန်ကန် ရရှိအောင်၊ အလေအလွင့်မရှိအောင်၊ စနစ်တကျရှိအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ သုံးသပ်အကြံပြုချက်များကို ကျွန်တော်တို့ လွှတ်တော်ကိုပေးပို့မယ်ဆိုရင် ဒီပေါ်မူတည်ပြီးတော့ လွှတ်တော်မှာအပတ်စဉ်ပြုလုပ်နေတဲ့ ကော်မတီဥက္ကဋ္ဌများ အစည်းအဝေးမှာ တင်ပြခြင်းအားဖြင့် ကောင်းမွန်တဲ့အဖြေတစ်ခု ရရှိနိုင်ပါတယ်။ ဒါကြောင့် ပြည်သူ့ငွေစာရင်း ကော်မတီနဲ့ ဘဏ္ဍာရေးနှင့် အခွန်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့ပေါင်းပြီး အစီရင်ခံစာကို တိုတိုနဲ့လိုရင်း တင်သွင်းဖို့ လိုအပ်ပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် အခွန်နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၏ မေးမြန်းချက်ကို ဘဏ္ဍာရေးဒုဝန်ကြီးက အခွန်ကောက်ခံသူများ စာရင်းမပေးပို့ခြင်း၊ အပိုင်းလိုက် ဝင်ငွေခွန်ကြေညာလွှာ တင်သွင်းခြင်းမရှိသည့် ကုမ္ပဏီများ၊ အခွန်ရှောင်တိမ်း လျက်ရှိသည့်ကုမ္ပဏီများကို ဝင်ငွေခွန်ဥပဒေအရ အရေးယူသွားမည်ပာု ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အခွန်လေလွင့်ဆုံးရှုံးမှုများ အများဆုံးဖြစ်ပေါ်ရခြင်းမှာ အစိုးရနှင့်နီးစပ်မှုရှိနေသည့် လုပ်ငန်းရှင်များမှ အခွန်ရှောင်တိမ်းခြင်း၊ ဝင်ငွေခွန်ကြေညာလွှာ မှန်မှန်ကန်ကန် တင်သွင်းမှုမရှိခြင်းနှင့် ကုမ္ပဏီများထံမှရရှိသည့် အခွန်ငွေများကို နိုင်ငံ တော်မှ တိကျစွာမရရှိမှုတို့ကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။


 

သတင်းမီဒီယာ ဥပဒေကြမ်းဆွေးနွေးပွဲ နိုင်ငံရေးပါတီအများစု စိတ်မပါ

သြဂုတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ ယုဇနပာိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) မှ ရေးဆွဲ ထားသည့် သတင်းမီဒီယာ ဥပဒေအား လွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် နိုင်ငံရေးပါတီများမှ အကြံဥာဏ်တောင်းယူသည့် တွေ့ဆုံပွဲသို့ တက်ရောက်ဆွေးနွေးရန် ပြည်တွင်းရှိ နိုင်ငံရေးပါတီ ၂၃ ပါတီကို ဖိတ်ကြားခဲ့သော်လည်း ပါတီ ၃ ခုသာ တက်ရောက် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့သော နိုင်ငံရေးပါတီများမှာ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ(တစည)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ လူ့ဘောင်သစ်ပါတီ(မှတ်ပုံတင်ဆဲ)တို့နှင့် အရပ်အဖွဲ့လူ့အဖွဲ့အစည်းအဖြစ် ရှေ့နေများကွန်ရက်တို့မှ ကိုယ်စားလှယ်များသာ တက်ရောက်ဆွေးနွေးခဲ့ပြီး လက်ရှိအင်အားကြီးပါတီများဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီနှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)တို့မှ တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရ သည်။

ထိုသို့ နိုင်ငံရေးပါတီကြီးများ အဆိုပါပွဲသို့ တက်ရောက်မှုမရှိခဲ့သည့်အပေါ် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) အတွင်း ရေးမှူးဦးကျော်မင်းဆွေမှ “ပြည်သူတွေအတွက်ရော နိုင်ငံအတွက်ပါ အရေးကြီးတဲ့သတင်းမီဒီယာ ဥပဒေကိစ္စကို နိုင်ငံရေးပါတီကြီး တွေအပါအဝင် အခြားပါတီတွေကပါ စိတ်မဝင်စားကြတာ အင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စပါ။ ဒီလုပ်ရပ်ဟာ သူတို့ရည်ရွယ် သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သမ္မတကတရားဝင်ဖွဲ့စည်းပေးထားတဲ့ စာနယ်ဇင်းကောင်စီအပေါ် မလေးစားတဲ့သဘော သက် ရောက်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီမှ ရေးဆွဲထားသည့် သတင်းမီဒီယာဥပဒေကြမ်းပါ အချက် ၁၇ ချက်ကို ပြန်ကြားရေး ဝန်ကြီးဌာန၏ တောင်းဆိုချက်အတိုင်းပြင်မပေးနိုင်သဖြင့် အဆိုပါဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ မှ တစ်ဆင့် လွှတ်တော်သို့ တင်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“ဒီတွေ့ဆုံပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျွန်တော်တို့ ဥပဒေ ကြမ်းကို လွှတ်တော်မှာ တင်သွင်းပေးမယ်ဆိုတဲ့ သဘောတူညီချက်တစ်ခုတော့ ရရှိခဲ့ပါတယ်။ ဘယ်သူဘယ်ဝါကိုတော့ အသေးစိတ် ညှိနှိုင်းပြီးတဲ့အခါ ထုတ်ပြန်ပေးပါ့မယ်”ဟု ဦးကျော်မင်းဆွေမှ ထပ်လောင်းပြောသည်။

မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီအနေဖြင့် သတင်းမီဒီယာဥပဒေကြမ်းနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ထိပ် တိုက် တွေ့ဆုံမှုများရှိနေခဲ့ပြီး အဆိုပါဥပဒေကြမ်းကိစ္စအတွက် လွှတ်တော်ဥက္ကဋ္ဌများ၊ လိုအပ်လျှင် နိုင်ငံတော်သမ္မတ အထိပါ တွေ့ဆုံ သွားရန်အစီအစဉ်ရှိပြီး မအောင်မြင်ပါက စာနယ်ဇင်းကောင်စီ(ယာယီ)တစ်ဖွဲ့လုံး နှုတ်ထွက်ပေးသွားမည် ဖြစ်ကြောင်း ယခင် စာနယ် ဇင်းကောင်စီ၏ အစည်းအဝေးများတွင် ဦးကျော်မင်းဆွေက ပြောကြားသည်။


 

 

 

 

 

 

 

Attached: CURRENT NEWS
Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment