Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ဒုက္ခသည်များနေရပ်ပြန်နိုင်ရေး မလုပ်ဆောင်နိုင်သေး

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့က အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့၏ သဘောတူညီချက်ခုနှစ်တွင် တစ်ချက်အပါအဝင်ဖြစ်သည့် ဒုက္ခသည်များအား နေရပ်ပြောင်းရွှေ့ပေးပြီး ပြန်လည် ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်ရန်မှာ သုံးလခန့်အချိန်ကြာမြင့်လာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိတိုင် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဦးရေမှာ တစ်သိန်းကျော် သွားပြီဖြစ်ပြီး ၎င်းတို့အတွက် နေရပ်ပြန်လည်ပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်ရန်မှာ အခက်အခဲရှိနေ သေးသည့်အပြင် ဒုက္ခသည်များနေရပ်ပြန်ချိန်တွင် လုံခြုံမှုဆိုင်ရာကိစ္စရပ်များအတွက်လည်း ထည့်သွင်းစဉ်းစား နေရကြောင်း အစိုးရပိုင်းတာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထိုသို့ ဒုက္ခသည်များ နေရပ်မပြန်နိုင်သေးသည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဝိုင်းမော်မြို့ သာဂရသရက်တော ကျောင်းတိုက်မှ ဒုက္ခသည်များအား ကူညီစောင့်ရှောက်နေသည့် ဦးစိုင်းအောင်က “မပြန်နိုင်သေးတာက ပြည်နယ်တွင်းမှာ သေနတ်သံတွေ မစဲသေးတာ ပထမအချက်၊ နောက်မိုင်းရှင်းဖို့လိုတယ်။ ဒါတွေမရှိရင် ချက်ချင်းပြန်နိုင်ပြီ”ပာုဆိုသည်။

အစိုးရ၏တပ်မတော်နှင့် KIO တို့၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒုက္ခသည်စခန်းများသို့ ထွက်ပြေးတိမ်းရှောင် ခဲ့သည့် ဒုက္ခသည်များ နေရပ်ပြန်ချိန်တွင် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အပြည်ပြည် ဆိုင်ရာ ကြာက်ခြေနီကော်မတီ ICRC နှင့်ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံကိန်းရေးဆွဲခြင်းနှင့် ဒီဇိုင်းရေး ဆွဲခြင်း သင်တန်းများကိုလည်း နိုင်ငံတကာပညာရှင်များက ပို့ချလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်များမှ ဒုက္ခသည်များကို ၎င်းတို့၏ဆန္ဒမပါဘဲ နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ရန် ကရင်ပြည်နယ်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်နေမှုများအပေါ် ကရင် လူ့အခွင့်အရေးအဖွဲ့က KRC က ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအချိန်ထိတိုင် ဒုက္ခသည်များ၏ နေရပ်မူရင်းတို့တွင် နှစ်ဖက်တပ်ဖွဲ့များမှထောင်ထားသည့် မြေမြှုပ်မိုင်းအန္တရာယ်ကိုလည်း ရှင်းလင်းနိုင်ခြင်း မရှိသေးသည့် အပြင် KNU ဒေသတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော်လည်း အချိန်မရွေးတိုက်ပွဲများ ထပ်မံ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေရှိနေသည့်အတွက် ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခု၌ ဒုက္ခသည်ပေါင်းတစ်သိန်းလေးသောင်းခန့်ရှိပြီး အဆိုပါ ဒုက္ခသည်များအနက် တတိယနိုင်ငံများတွင် အခြေချနေထိုင်လိုသူများ၊ ထိုင်းနိုင်ငံတွင် အခြေချနေထိုင်လိုသူများ နှင့် နေရပ်ရင်းသို့ပြန်လာလိုသူပာူ၍ သုံးမျိုးသုံးစားကွဲပြားလျက်ရှိကြောင်း သိရသည်။

 YC


ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာသန်း၂၆၀ ကျော်ကို အတိုးမဲ့ချေးမည်

ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန် ဒေါ်လာသန်းပေါင်း ၂၆ဝ ကျော် အတိုးမဲ့ ချေးပေးသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၆ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်နာယကထံသို့ ပေးပို့ထားသော သဝဏ်လွှာအရ သိရသည်။ ဝန်ကြီးဌာန လေးခုက ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၆၁ ဒသမ ၅၀ သန်း ချေးယူနိုင်ရေးအတွက် လွှတ်တော်က အတည်ပြုပေးရန်အတွက် ပေးပို့ခြင်းဖြစ်သည်။

ချေးငွေ ချေးပေးမည့် ပုံစံမှာ ချေးငွေကို ပြန်လည် ပေးဆပ်ရန် ဆိုင်းငံ့ကာလ ၁၀ နှစ်နှင့် ပြန်ဆပ်ရန် ကာလ နှစ် ၃၀ စုစုပေါင်း ချေးငွေ ကာလ နှစ် ၄၀ အတွင်း ပြန်ဆပ်ရမည် ဖြစ်ပြီး အတိုးနှင့် ကတိကြေးများ ပေးဆောင်ရန် မလိုဘဲ ဝန်ဆောင်ခအဖြစ် ချေးငွေ၏ ၀ ဒသမ ၇၅ ရာခိုင်နှုန်းကိုသာ ပေးချေရမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြ ထားသည်။

ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ၂၆၁ သန်းကျော်ကို ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ၃၁ ဒသမ ၅၀ သန်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ၁၂၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက် စီမံကိန်းအတွက် သန်း ၁၄၀၊ ပညာရေး ဝန်ကြီးဌာန၏ ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းနှင့် ပညာသင် ထောက်ပံ့ကြေးနှင့် ပညာသင်ဆုပေးအပ်ခြင်း စီမံကိန်းအတွက် သန်း ၆၀ နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲရေး စီမံကိန်း အတွက် သန်း ၃၀ တို့ အသီးသီး ချေးယူမည် ဖြစ်ကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ စည်းမျဉ်းများကို လိုက်နာခြင်း မရှိခဲ့သောကြောင့် မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၅ ကျော်ကြာ အဆက်အသွယ် ပြတ်တောက်ထားခဲ့ပြီး ချေးငွေ ထုတ်ပေးခြင်း နှင့် အကူအညီများ ကို ရပ်ဆိုင်းထားရာမှ ဒေါ်လာ ၂၆၁

သန်းကို ယခုပထမဆုံးအကြိမ် ပြန်ချေး မည် ဖြစ်သည်။

YC


အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွင် ထောင်ဒဏ်ပြစ်ဒဏ်ကို ထည့်သွင်းရေးဆွဲဆောင်ရွက်မည်

ယခင်အစိုးရလက်ထက်က ပြဋ္ဌာန်းထားခဲ့သော ငွေဒဏ်ပေးဆောင်ရမည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်တွင် ပြဋ္ဌာန်းကျင့်သုံးခဲ့ပြီး ယင်းဥပဒေမူကြမ်းအား ငွေဒဏ်၊ ထောင်ဒဏ်နှစ်မျိုးစလုံးဖြင့် အရေးယူပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် ပြန်လည်ပြင်ဆင်ပြုစုထားပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမူဖုံလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက သြဂုတ်လ ၂၇ ရက် ပထမအကြိမ်မြောက် ကျင်းပသော ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့ တွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဒေါ်ဝင်းမော်ထွန်းက “ကျွန်မတို့ဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းမှာ စက်ရုံအလုပ်ရုံလုပ်ငန်းရှင်များသည် အလုပ်သမားများအား အလုပ်ခန့် ထားပါက အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ချုပ်ဆိုနိုင်ရေးကို ထည့်သွင်းဖော်ပြထားပြီး လိုက်နာမှုမရှိတဲ့ လုပ်ငန်းဌာနများကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ယင်းအစည်းအဝေးပွဲတွင် ပြောကြားခဲ့သည်။

“တစ်နေ့အလုပ်ချိန်ရှစ်နာရီအပြင် အချိန်ပိုတစ်ရက် သုံးနာရီခွင့်ပြုထားပါတယ်။ အလုပ်သမားများအား သတ်မှတ်အလုပ်ချိန် အချိန်ပိုလုပ်ကိုင်ခွင့်များကိုလည်း တိကျစွာဆောင်ရွက်လျက်ရှိပါတယ်။ သတ်မှတ်ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ကိုင်မှု ချိုးဖောက်ပါက စက်ရုံအလုပ်ရုံများအား ဥပဒေလိုက်နာစေရေး ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး သတိပေးမှု သုံးကြိမ်ပြီးလျှင် တရားစွဲဆိုခြင်းကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ပါတယ်” ဟု အလုပ်သမားများ၏ အလုပ်ချိန်နှင့်ပတ်သက်ပြီးလည်း ၄င်းက ရှင်းလင်းပြောကြားခဲ့သည်။

ယခင်အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင် ပြစ်ဒဏ်အဖြစ် အနည်းဆုံး ငွေကျပ်သုံးသောင်းမှ ကျပ်တစ်သိန်းအထိ ငွေဒဏ်ပြစ်ဒဏ်အသီးသီးတို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါဥပဒေ၌ ငွေဒဏ်သာပါရှိသဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ အငြင်းပွားမှုအဆင့်ဆင့်တွင် နောက်ဆုံးအဆင့်ဖြစ်သော ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ချပြီးသည့်အထိ အချိန်ကာလ သုံးလကြာမြင့်သောကြောင့် ယင်းကာလအတွင်း၌ အလုပ်သမားများအနေဖြင့် အလုပ်လက်မဲ့ဖြစ်၍ အခက်အခဲများကြုံတွေ့နေရသည့်အပြင် အလုပ်ရှင်အချို့ကလည်း  ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိကြောင်း သိရသည်။

 YC


 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်မှုအား လေးလအတွင်း အပြီး လျှို့ဝှက်ဆောင်ရွက်ရန် သဘောတူ

သြဂုတ် ၂၇ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်  ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၏  ဦးတည်ချက်၊ သက်တမ်း၊ တာဝန်များနှင့် လုပ်ထုံးလုပ်နည်းများကို အတည်ပြုခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ  ပြန်လည်လေ့လာသုံးသပ်မှုအား လေးလအတွင်း အပြီးလျှို့ဝှက်ဆောင်ရွက်သွား ရန်  အတည်ပြုဆုံးဖြတ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီသည်  အခြေခံဥပဒေကို သုံးသပ်ရာတွင် ပြင်ပသို့ ပေါက်ကြားမှုမရှိစေရေးအတွက် လျှို့ဝှက်ဆောင်ရွက်မည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာလမကုန်မီ လွှတ်တော်သို့ တင်ပြရမည် ဖြစ်သည်။ ထို့အပြင် မတူညီသော အမြင်များကို လွတ်လပ်စွာ ဆွေးနွေးနိုင်ပြီး ဆွေးနွေးမှုများကို ဥပဒေအရ အရေးယူခံ ရခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသည် အခြေခံဥပဒေကို အပိုင်းလိုက် သုံးသပ်မည်ဖြစ်ကာ   နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးကို တည်ဆောက်နိုင်သည့် ခေတ်မီဥပဒေဖြစ်လာရေး၊ အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေးတို့ကို အခြေခံသည့် မူများအဖြစ် သတ်မှတ်ထားသည်။

ယင်းကော်မတီအနေဖြင့် နိုင်ငံတော်၏ သမိုင်းကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ၊  ပြည်သူတို့၏ နိုင်ငံရေး ရင့်ကျက်မှု အခြေအနေ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုအခြေအနေ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အခြေအနေတို့အပေါ် မူတည်၍ သုံးသပ်မည်ဖြစ်ပြီး အကျိုးမရှိသော အငြင်းပွားနိုင်သည့် ပြဋ္ဌာန်းချက်များထက်  နိုင်ငံအတွက် အကျိုးရှိပြီး ပြည်သူများအတွက် လိုလားသော  ပြဋ္ဌာန်းချက်များကို ဦးစားပေး သုံးသပ်မည်ဖြစ်သည်ဟု သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာသုံးသပ်ရေးကော်မတီသည် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၅၂ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်  ၇ ဦးနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသည်။ ယင်းကော်မတီသက်တမ်းသည် စတင်ဖွဲ့စည်းချိန်မှစ၍  ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီးသည့်အချိန်အထိသာ ဖြစ်သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment