Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

နိုင်ငံတကာသတင်းများ (၃)

မွတ်စလင်ဆန့်ကျင်ရေး ဘုန်းတော်ကြီးတစ်ပါးကြောင့် ဘာသာရေးတင်းမာမှုများဖြစ်ပွား

(The Nation(Pakistan) မှ 31 August 2013 ရက်စွဲပါ Anti-Muslim monk stokes Burmese religious tensions ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သတင်းပတ်အတွင်း ဘာသာရေးအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ပြန်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မွတ်စလင်ရာပေါင်းများစွာ၏ နေအိမ်များကို ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးက ပြာကျသည်အထိ မီးရှို့ဖျက်ဆီးပစ်ကြသည်။

မွတ်စလင်အများစုအပါအဝင် လူပေါင်း ၂၀၀ ခန့်သေဆုံးစေခဲ့သည့် ရခိုင်ပြည်နယ်တွင်း ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ဆူပူအကြမ်းဖက်မှုကြီး ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ခန့်အကြာတွင် ဘာသာရေးဆိုင်ရာ မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှုများမှာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားသည်။

ထိုသို့ ဘာသာရေးနှင့် လူမျိုးရေးတင်းမာမှုများ မြင့်တက်လာရမှုတွင် လူအများစုက အငြင်းပွားစရာဖြစ်ရပ်များကို ဖန်တီးပေးလျက်ရှိသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးနှင့် အမျိုးသားရေးအဖွဲ့တစ်ခုကို ပြစ်တင်ဝေဖန်ကြသည်။

မန္တလေးမြို့ရှိ နာမည်ကျော်ဘုန်းကြီးကျောင်းကြီးတစ်ခု၏ စာသင်ခန်းတွင် စာချဘုန်းကြီးတစ်ပါးက စာပေသင်ကြားပေးလျက်ရှိသည်။ ယင်းမှာ ဦးဝီရသူဖြစ်ပြီး ရဟန်းပျိုများကို လိင်ပိုင်းဆိုင်ရာရှောင်ရှားရမည့် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းသင်ပြနေခြင်းဖြစ်သည်။ သွေးဆောင်ဖြားယောင်းမှုများမှ ရှောင်ကြဉ်ကြရန်လိုအပ်ကြောင်း ဦးဝီရသူက ဆုံးမပြောဆိုပြီးနောက် တပည့်များက “မှန်လှပါ အရှင်ဘုရား”  ဟုကတိပြုကြသည်။

အဆိုပါသင်ကြားမှုပြီးဆုံးသွားပြီးနောက် ဦးဝီရသူနှင့် ကျွန်တော်အပြင်ဘက်တွင်တွေ့ ဆုံဖြစ်သည်။ အဆိုပါဘုန်းကြီးကျောင်းရှိ နံရံများပေါ်တွင် လတ်တလောမြန်မာပြည်၌ ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုများ၌ ဓားစားခံဖြစ်ခဲ့ရသော ဗုဒ္ဓဘာသာဝင်များ၏ ပိုစတာများကပ်ထားသည်။ အမှန်ပြောရလျှင် ယင်းပိုစတာများကို ကြည့်ရသည်မှာ စိတ်ချမ်းမြေ့ဖွယ်ရာမရှိလှပါ။ ပြီးခဲ့သည့် အောက်တိုဘာလတွင်းဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှု၌ သေဆုံးခဲ့သော ကလေးငယ်များနှင့် အမျိုးသမီးများပုံကိုလည်းတွေ့ရသည်။

အဆိုပါ ဓာတ်ပုံများကို တပ်ဆင်ထားရခြင်းမှာ မြန်မာနိုင်ငံသည် မွတ်စလင်ကျူးကျော်သူများ၏ တိုက်ခိုက်မှုကိုခံနေရပြီဟူသည့်အချက်ကိုသတိရစေရန်ဖြစ်သည်ဟု ဦးဝီရသူကပြောသည်။

“မွတ်စလင်တွေဟာ သူတို့အားနည်းနေတဲ့အချိန်မှာ ပုံစံတစ်မျိုး။ ကောင်းကောင်းမွန်မွန်ပြုမူဆက်ဆံပြတယ်။ သူတို့အင်အားကြီးလာတဲ့အခါမှာ သူတို့ဟာ ဝံပုလွေတွေ ဒါမှမဟုတ် ကျားသစ်တွေလိုဖြစ်လာတယ်၊ တခြားသူတွေကို တရိစ္ဆာန်တွေလို လိုက်ပြီးအမဲဖြတ်ကြတော့တာ” ဟု ဦးဝီရသူကပြောသည်။

ဦးဝီရသူက မွတ်စလင်များသည် မြန်မာနိုင်ငံကို အစ္စလာမစ်နိုင်ငံတော်အဖြစ်ပြောင်းလဲပစ်ရန် ကြီးမားသည့် အကြံအစည်ကြီးတစ်ခုကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်ဟု ဆိုသည်။ အကယ်၍ ဦးဝီရသူ ပြောသည့်အတိုင်းသာမှန်မည်ဆိုပါက ယင်းအကြံအစည်သည် ရေရှည်အကောင်အထည်ဖော်ရမည့် စီမံကိန်းကြီးတစ်ခုသာဖြစ်ရပေလိမ့်မည်။

နောက်ဆုံးရရှိသည့် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်း သန်း ၆၀ တွင် ၉၀ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး မွတ်စလင်များမှာ ၅ ရာခိုင်နှုန်းသာရှိသောကြောင့်ပင်ဖြစ်၏။

“ကျုပ်တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက် မွတ်စလင်တွေရဲ့ ဈေးဆိုင်တွေမှာ ဝယ်ယူခဲ့ကြတယ်။ နောက်တော့သူတို့တတွေ ကျုပ်တို့ထက်ချမ်းသာလာကြပြီး ကျုပ်တို့ရဲ့ မြန်မာအမျိုးသမီးလေးတွေကို ပိုက်ဆံပေးပြီးဝယ်ကြတယ်၊ လက်ထပ်ကြတယ်။ သူတို့က အဲဒီပုံစံနဲ့ ကျုပ်တို့တိုင်းပြည်ထဲကို ထိုးဖောက်ဝင်ရောက်လာရုံတင်မကဘူး ကျုပ်တို့ရဲ့ဘာသာတရားကိုပါဖျက်ဆီးပစ်ကြတာ” ဟု ဦးဝီရသူကပြောသည်။

မြန်မာဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သည့် ဈေးဆိုင်များတွင် အသေးစားစတေကာလေးများ ကပ်ကာ ၎င်းတို့သည် ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ ဈေးဆိုင်မှန်းသိရှိစေရန်ဖော်ပြကြသည်။ စတေကာများတွင် ၉၆၉ ဟူသည့် ဂဏန်းသုံးလုံးပါဝင်သည်။

၉၆၉ လှုပ်ရှားမှုကိုထောက်ခံသူများက ၎င်းတို့၏ အသင်းအဖွဲ့သည် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုကို ကာကွယ်ပေးရုံသက်သက်တစ်ခုတည်းအတွက် ဖွဲ့စည်းထားခြင်းသာဖြစ်သည်ဟု ဆိုကြသည်။ ၉၆၉ လှုပ်ရှားမှုခေါင်းဆောင် ဦးဝီရသူ၏ လေလုံးထွားပြောဆိုမှုများကိုကြည့်မည်ဆိုလျှင် မွတ်စလင်များကို အဓိကပစ်မှတ်ထားခြင်း ဖြစ်သည်ဟူသောအချက်အပေါ် သံသယဖြစ်စရာမလိုပေ။

“အတိတ်ကာလတုန်းက ဘာသာရေးနဲ့ လူမျိုးရေးကိုအခြေခံပြီး ခွဲခြားဆက်ဆံခဲ့တာတွေမရှိခဲ့ပါဘူး။ ကျုပ်တို့တတွေအားလုံး ညီအကိုစိတ်ဓာတ်နဲ့အတူနေထိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့(မွတ်စလင်) မဟာစီမံကိန်းကြီးလည်း ပေါ်ထွက်လာတော့ ကျုပ်တို့အနေနဲ့ ဆက်ပြီးငြိမ်နေလို့မဖြစ်တော့ဘူး” ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှသည် အလယ်ပိုင်း မိတ္ထီလာနှင့် ဥက္ကံမြို့များသို့ ဆူပူအကြမ်းဖက်မှုများ ကူးစက်ဖြစ်ပွားခဲ့မှုကိုကြည်မည်ဆိုပါက ဘာသာရေးတင်းမာမှုများ၊ ဝါဒဖြန့်ဟောပြောမှုများ၊ ဘုန်းတော်ကြီးများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ၉၆၉ အကြား ချိတ်ဆက်မှုဖြစ်ထွန်းလျက်ရှိသည်ကိုတွေ့မြင်နိုင်သည်။

ဆူပူအကြမ်းဖက်မှုများကိုကြည့်မည်ဆိုပါက ဖိနှိပ်မှုများ အချိုးညီညီပါဝင်နေသည်ကိုတွေ့ရသည်။ မွတ်စလင်တစ်ဦးက ဗုဒ္ဓဘာသာဝင်တစ်ဦးအပေါ် ပြစ်မှုတစ်ခုကျူးလွန်ပြီးနောက် ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းက မွတ်စလင်များကို ပြန်လည်အကြမ်းဖက်ကြသည့်ပုံစံမျိုးဖြင့် ပေါ်ထွက်လာခြင်းမျိုးဖြစ်သည်။

ဦးဝီရသူသည် လွန်ခဲ့သည့် ၁၀ နှစ် စစ်အစိုးရအုပ်ချုပ်စဉ်ကာလက မွတ်စလင်ဆန့်ကျင်ရေးအမြင်များ ထုတ်ဖော်ပြောဆိုခဲ့ခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည်။ နှစ်ကာလများပြောင်းလဲသွားပြီးနောက် ယခုအခါ ဆိုလျှင် ၎င်း၏ မွတ်စလင်ဆန့်ကျင်ရေးသဘောတရားများမှာ လူမှုမီဒီယာများ၊ ဒီဗီဒီများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာတော့သည်။ သို့သော် ၎င်းအနေဖြင့် ပြစ်တင်ဝေဖန်ခံရခြင်းထက် ထိပ်ပိုင်းပုဂ္ဂိုလ်များ၏

ထောက်ပံ့မှုပင်ရရှိနေသည်။

ပြီးခဲ့သည့် ဇွန်လတွင် ဦးဝီရသူနှင့်ပတ်သက်သော အရေးကိစ္စမှာ TIME မဂ္ဂဇင်းအဖုံးဆောင်းပါးကြောင့် အထွတ်အထိပ်သို့ရောက်ရှိသွားသည်။

ယင်းမဂ္ဂဇင်းက ဦးဝီရသူကို အကြမ်းဖက်ဗုဒ္ဓဘာသာဝင်တစ်ဦး၏ မျက်နှာဟူသည့် ဆောင်းပါးခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။ အဆိုပါဖြစ်ရပ်ကို ဘုန်းတော်ကြီးများက မကျေမနပ်ဖြစ်ခဲ့ရာ သမ္မတဦးသိန်းစိန်က ဦးဝီရသူကို အကာအကွယ်ပေးပြောဆိုခဲ့ရသည်အထိဖြစ်ခဲ့ရသည်။ ဦးသိန်းစိန်က ဦးဝီရသူသည် ဗုဒ္ဓ၏သားတော်ဖြစ်သည်ဟုပင် ချီးမွမ်းပြောဆိုခဲ့သည်။

ဦးဝီရသူယခုကဲ့သို့ အဘယ့်ကြောင့်မျက်နှာသာပေးခံရသနည်းဟူသောကိစ္စနှင့်ပတ်သက်၍ အဖြေရှာရာတွင် သီအိုရီရှားပါး လှသည်တော့မဟုတ်ပေ။

များစွာသောသီအိုရီများအနက်တစ်ခုမှာ တိုင်းရင်းသားနှင့်ဘာသာရေး ဆူပူအကြမ်းဖက်မှုများကို စစ်တပ်က ၎င်း၏ အခန်းကဏ္ဍပျောက်ကွယ်သွားမှုမရှိစေရန် ထိန်းသိမ်းရာ၌ အသုံးချခြင်းဖြစ်နိုင်သည်။ ယခင်က မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည်ပင် ထိုနည်းလမ်းကိုအသုံးပြုခဲ့သည်ဟူသည့် အဆိုများအခိုင်အမာရှိနေသည်။

“ကျုပ်တို့လည်း ဒါနဲ့ပတ်သက်ပြီး သိချင်နေကြတာ” ဟု ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ သံဃာတော်တစ်ပါးဖြစ်သည့် ဦးကလျာစက ပြောကြားသည်။

“လက်ရှိအနေအထားမှာ ၉၆၉ လှုပ်ရှားမှုဆိုတာ မလိုအပ်ဘူးဆိုတာ ကျုပ်တို့ယုံကြည်တယ်။ တကယ်လို့ အဲဒီလှုပ်ရှားမှုကို အသည်းအသန် ဆက်လက်အကောင်အထည်ဖော်နေမယ်ဆိုရင် ဒီမိုကရေစီဖော်ဆောင်ရေးမှာ အနှောင့်အယှက်ဖြစ်လာ နိုင်တယ်” ဟု ၎င်းက Red Ruby စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ကာပြောပြသည်။

မန္တလေးရှိ ဦးဝီရသူ၏ ဘုန်းကြီးကျောင်းမှ ကားဖြင့်သွားပါက ခဏအတွင်းရောက်နိုင်သည့်နေရာတွင်ရှိသော ဂျွန်းဗလီတွင်မူ မွတ်စလင်လူငယ်များမှာ ညစဉ်ညတိုင်း ဗလီကိုစောင့်ကြပ်နေကြရသည်။ အကယ်၍ ဗုဒ္ဓဘာသာဝင်တို့၏ တိုက်ခိုက်မှုပေါ်ပေါက်လာပါက မိမိတို့အနေဖြင့် ဗုဒ္ဓဘာသာဝင်အများစုလွှမ်းမိုးထားသော ရဲတပ်ဖွဲ့နှင့် စစ်တပ်၏ အကာအကွယ်ပေးမှု ရရှိမည်မဟုတ်ဟု ယုံကြည်ကြောင်း ယင်းမွတ်စလင်လူငယ်များကပြောသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment