Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အောက်တိုဘာတွင် အစိုးရနှင့် KIO/KIA ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို   ပြုလုပ်မည်ဟု သဘောတူညီမှုရ

စက်တင်ဘာလ ၁၆ ရက်နေ့၌ မြစ်ကြီးနားမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO/KIA အဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရာ အောက်တိုဘာလဆန်း ပထမပတ်အတွင်း၌ တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အကြိုသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) မှ အကြီးတန်းအကြံပေးတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို အောက်တိုဘာလ ပထမအပတ်တွင် မြစ်ကြီးနားမြို့နယ် မဂျွယ်ခန်းမ၌ ကျင်းပသွားရန် စီစဉ်ထားပြီး စစ်ပြေးဒုက္ခသည်များအရေးနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးများကို ထည့်သွင်းဆွေးနွေးသွား မည်ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) မှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောကြားခဲ့သည်။

ယင်းနှစ်ဖက်ဆွေးနွေးပွဲသို့ ကချင်ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်နိုင်တို့ ပါဝင်တက်ရောက်ပြီး ကေအိုင်အိုဘက်မှ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူနှစ်ဦးပါ ကိုယ်စားလှယ်ရှစ်ဦး၊ လေ့လာသူနှစ်ဦးပါဝင်တက်ရောက်လာကြောင်း သိရသည်။ ဇူလိုင်လအတွင်း ကေအိုင်အိုအလုပ်အဖွဲ့၏ တရားဝင်ရုံး ဖွင့်လှစ်ခဲ့ပြီးနောက် ပထမဦးဆုံးသော နှစ်ဖက်တွေ့ဆုံပွဲဖြစ်ပြီး ဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ နှင့် ၁၇ နှစ်ရက်တာကျင်းပမည်ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံရေးအဆင့်  အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေးလိုလားသူများက  အစိုးရနှင့်  KIO/KIA လက်နက်ကိုင်အဖွဲ့တို့အကြား လက်တလောဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရှေ့ဆက်ပြုလုပ်ရမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်စေပြီး တပ်နေရာချထားရေးနှင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့ Monitory Team အဖွဲ့များ ဖွဲ့စည်းရေး အမြန်ဆုံးဆွေးနွေးကြရန် လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့ကြသော်လည်း ယင်းတိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်မည်မဟုတ်ဟု အစိုးရနှင့် KIA/KIO နှစ်ဖက်ခေါင်းဆောင်များက ထုတ်ပြန်ကြေညာလိုက်ကြကြောင်း သိရသည်။

အစိုးရနှင့် KIO တို့သည် နှစ်ဖက်တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချရေး၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းအပါအဝင် အချက်ခုနှစ်ချက်ကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ယခုနှစ်မေလအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သဘောတူလက်မှတ်ရေးထိုး ခဲ့ပြီး နှစ်ဖက်ဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇူလိုင်၂၃ ရက်က မြစ်ကြီးနားမြို့တွင် KIO ၏ Technical Advisory Team  ရုံးခန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

YC


 ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင် နှစ်မကုန်မီ အပြီးရေးဆွဲမည်

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင် စီမံချက်ရေးဆွဲခြင်းကို ၂၀၁၃ ခုနှစ် မကုန်မီ အပြီးရေးဆွဲမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်မြတ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံ Barefoot ကော်လိပ်မှ နေစွမ်းအင်သုံး မီးလင်းရေး ပညာသင်ကြားပြီး ပြန်ရောက်လာသည့် အမျိုးသမီး ခြောက်ဦးနှင့် တွေ့ဆုံသည့် စက်တင်ဘာလ ၁၆ ရက်နေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ယင်းမူဘောင် ရေးဆွဲနေသည့်ကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ ပူးတွဲလုပ်ဆောင်လျက်ရှိ ရာ ယင်းစီမံချက်ကို လာမည့်နှစ်လအတွင်း အပြီးသတ်ရေးဆွဲမည်ဖြစ်ပြီး ကျေးလက်ဖွံ့ဖြိုးရေးအတွက် လိုအပ်မည့် ဘဏ္ဍာငွေကို လက်ရှိဘဏ္ဍာရေးနှစ် ဘတ်ဂျက်မှ အဓိကရယူသုံးစွဲမည်ဟု ၎င်းက ဆိုသည်။

“တကယ်ကောင်းတဲ့ စီမံကိန်းဖြစ်ဖို့အတွက် အချိန်ယူနေတဲ့သဘောပါ။ ရေးဆွဲတဲ့နေရာမှာ ဘာအခက်အခဲမှ မရှိပါဘူး။ ကျေးလက်မှာ လျှပ်စစ်မီးရဖို့အတွက်လည်း တစ်ပြိုင်နက်လုပ်နေပါတယ်” ဟု၎င်းကရှင်းပြသည်။

ကျေးလက်ဒေသမီးလင်းရေးနှင့် သောက်သုံးရေ ရရှိရေးကော်မတီကို စက်တင်ဘာ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် လက်ရှိတွင် အိမ်ထောင်စု ၂၃၀ မီးလင်းရေးအတွက် နေစွမ်းအင်နည်းပညာဖြင့် စတင်ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအတွက် လက်ရှိ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ကျေးလက်ဖွံ့ဖြိုးရေး အသုံးစရိတ်သည် ကျပ်သန်း ၇၅,၀၁၅ ဖြစ်ပြီး ရေးပေးဝေရေးအတွက် ကျပ်သန်း ၇,၂၈၆၊ မီးလင်းရေးအတွက် ကျပ်သန်း ၃,၂၀၆ အသုံးပြုမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

အစိုးရသက်တမ်း လပေါင်း ၃၀ ဝန်းကျင်သာ ကျန်ရှိသည့် အချိန်တွင် ကျေးလက်နေပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေး ကိုအလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားပြီးနောက်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအဖြစ် သြဂုတ်လ ၆ ရက်နေ့တွင် အမည်ပြောင်းလဲခဲ့သည်။

YC


မြန်မာနိုင်ငံ၏ နျူကလီးယားစီမံကိန်း သံသယ IAEA မှ တရားဝင်စစ်ဆေးခွင့်ရ

မြန်မာနိုင်ငံ၏ စစ်အစိုးရလက်ထက်တွင် နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် ကြိုးပမ်းသည်ဟု နိုင်ငံတကာမှ သံသယရှိနေခဲ့သည့်အတွက် အဆိုပါ သံသယများကို ချေဖျက်ရန်အတွက် IAEA(International Atomic Energy Agency) နှင့် အစိုးရတို့ အနျူမြူဆိုင်ရာ သဘောတူညီမှု၏ နောက်ဆက်တွဲစာချုပ် (Additional Protocol) ကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဗီယင်နာ အခြေစိုက် IAEA မှ သတင်း ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ IAEA ၏ အကြီးအကဲ တစ် ယောက်ဖြစ်သူ ယူကီယာအာမာနိုနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့သည် ဗီယင်နာရှိ ဌာနချုပ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်သည်။

အဆိုပါ နောက်ဆက်တွဲစာချုပ်အရ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ သံသယရှိသော အနျူမြူဆိုင်ရာ နေရာဌာနများနှင့် အခြားသံသယရှိဖွယ် မည်သည့်နေရာကို မဆို လူကိုယ်တိုင် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် နျူကလီးယားစစ်လက်နက်များ တည်ဆောက်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း မြန်မာ ပြည်ပြေးအုပ်စု တစ်စုမှ ၂၀၁၀ ပြည့်နှစ်တွင် စွပ်စွဲချက်များရှိနေခဲ့ပြီး မြန်မာအစိုးရမှ ပြန်လည်ငြင်းဆိုထားခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂအစီရင်ခံစာတစ်ခုတွင်လည်း နျူကလီးယား မပြန့်ပွားရေးစာချုပ် (အင်န်ပီတီ) မှ နုတ်ထွက်ထားသော မြောက်ကိုရီးယားနိုင်ငံ၏ လက်လွှဲခွင့်မရှိသော နျူကလီးယားဆိုင်ရာ နည်းပညာများကို အီရန်နှင့် ဆီးရီးယားတို့အပြင် မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးဖွယ်ရှိကြောင်း သုံးသပ်ထားခဲ့သည်။

မြန်မာနိုင်ငံသည် နျူကလီးယား မပြန့်ပွားစေရေးစာချုပ် (အင်န်ပီတီ) အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ၏ နောက်ဆက်တွဲစာချုပ်များကို ကမ္ဘာ့နိုင်ငံပေါင်း ၁၂၁ နိုင်ငံမှ လက်မှတ်ရေးထိုး ကျင့်သုံးလျက်ရှိသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment