Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“စာချုပ်တွေက ပြန်လည်ဖြည့်စွက်ရမယ့် အပိုင်းတွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရုပ်သံလွှင့်ခြင်းနဲ့ ပတ်သက်တဲ့ နည်းပညာမဖွံ့ဖြိုးသေးပါဘူး။ စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်တဲ့အချိန်တုန်းက ကျွန်တော်တို့အနေနဲ့ ရှေ့မှာ နမူနာယူစရာ ဘာမှ မရှိပါဘူး။ နံပါတ်တစ်က နိုင်ငံတော်အကျိုးစီးပွားကို ပိုပြီးတိုးတက်ရရှိစေမယ်။ နောက်ပြီး သက်ဆိုင်ရာကဏ္ဍကိုလည်း ဖွံ့ဖြိုးစေမယ်ဆိုပြီး ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်အပေါ် မူတည်ပြီး ချုပ်ခဲ့တဲ့အတွက်ကြောင့် စာချုပ်စာတမ်းအချို့နေရာတွေ မှာ လိုအပ်ချက်ရှိနေတာ ဖြစ်ပါတယ်။”

အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် ဂျာနယ် အမှတ် (၁၃၀) တွင်ပါရှိသော “ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကရုပ်သံမီဒီယာတို့အကြား ချုပ်ဆိုထားသည့်စာချုပ်မှာ အားနည်းချက်များ ရှိနေသေး ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ ပြောကြား” သတင်းမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ ၏ပြောကြား ချက်အားကောက်နှုတ်ချက်။


“တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ လွတ်လပ်မှုကို ပိုပြီးတော့ အရင်တုန်းကလိုပဲ အသိအမှတ်ပြု တယ်။ မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့စနစ်အပေါ် မူတည်ပြီးတော့ မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တာကို သူတို့ထောက်ခံမယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေအကြား အပြန်အလှန်လည်ပတ်နိုင်တာတွေကို ဆွေးနွေးတယ်။”

အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တရုတ်-အာဆီယံ ဆက်ဆံရေးတိုးမြှင့်မှုကို မြန်မာက အကောင်အထည်ဖော်ပေးနိုင်မည်ဟု တရုတ်မျှော်လင့်” သတင်းမှ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“အစိုးရက Social issue တွေကို သိပ်စိတ်မဝင်စားဘူး။ အဆိုတွေက ဖြစ်မလာဘူး။ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ အခြေခံအဆောက်အဦးဖွံ့ဖြိုးရေးကို ဦးစားပေးနေတော့ ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတို့၊ လူမှုရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တို့မှာ မရှိဘူး။”

အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၇၈) တွင်ပါရှိသော “ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ရန်ကုန်အစိုးရစိတ်ဝင်စားမှုနည်းပါး” သတင်းမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီ ဥပဒေကို သီးသန့်ရေးဆွဲစရာမလိုပါဘူး။ ၁၉၅၆ ခုနှစ် ပါလီမန်ဒီမိုကရေစီခေတ်ကတည်းက အဓိကရုဏ်း နှိမ်နင်းရေး ဥပဒေဆိုတာရှိပြီးသားပါ။ ဘာသာရေးနဲ့ပတ်သက်မှမဟုတ်ဘူး။ ဒီ ဥပဒေက ဘယ်အကြမ်းဖက်မှုမျိုးမဆို ဥပဒေမှာပါတဲ့ အတိုင်း စီရင်ဆောင်ရွက်နိုင်တယ်။ ဒီ ဥပဒေတွေကို ကျွန်တော်ရခိုင်ပြည်နယ်နှင့် မိတ္ထီလာ အဓိကရုဏ်းတွေဖြစ်တုန်းက ပြည်ထောင်စုလွှတ်တော်မှာ အကျယ်တဝန်းဆွေးနွေးခဲ့တယ်။ အဓိကရုဏ်း နှိမ်နင်းရေးလက်စွဲဥပဒေကို အဓိကတာဝန်ရှိတဲ့ တရားသူကြီးတို့၊ ဒုရဲအုပ်တို့က ဒီဥပဒေကို သိရှိကြောင်း လက်မှတ်ရေးထိုးထားကြတယ်။ ဥပဒေမှာပါတဲ့အတိုင်း သေချာမှန် ကန်စွာ လုပ်ဆောင်ဖို့ပဲ လိုပါတယ်။”

အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဘာသာရေးအသွင် ဆောင်သည့် အကြမ်းဖက်မှုများ တားဆီးရေးဥပဒေ သီးသန့်ရေးဆွဲရန်မလိုဟုဆို” သတင်း မှ သင်္ဃန်းကျွန်း မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီနေရာမှာ လိုအပ်နေတာက ဘာလဲဆိုရင် လက်တွေ့ကျတဲ့ လူထုယုံကြည်နိုင်တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးတွေဖြစ်ဖို့လိုအပ်တယ်။ အင်အားစုအားလုံးလက်ခံနိုင်တဲ့ အပစ်အခတ်ရပ်စဲ ရေးတွေ ဖြစ်ဖို့လိုတယ်။ အားလုံးပါဝင်ဆုံးဖြတ်ပြီးတော့မှ အားလုံးသဘောတူညီကြတဲ့ နိုင်ငံရေးဆွေးနွေးပွဲ တွေဖြစ်ဖို့လိုတယ်။ ဒါတွေဟာ အာမခံချက်ရှိရှိ တစ်ဦးနဲ့တစ်ဦး ကတိကဝတ်တွေ မကဘဲနဲ့ တကယ်ကို လက်တွဲပြီးတော့မှ လုပ်နိုင်တဲ့အနေအထားရှိ ၊မရှိ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒါကိုတော့ ကျွန်တော်တို့ လက်တွေ့ဖြတ်သန်းကြည့်မှပဲ သိမယ်လို့ ထင်ပါတယ်။”

အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် ယူနတီ ဂျာနယ် အတွဲ (၂) အမှတ် (၄၀) တွင် ပါရှိသော“ခိုင်မာသည့် အာမခံချက် ရရှိမှသာလျှင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည်ဟု တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ပြောကြား” သတင်းမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဌ ရဲဘော်သံခဲ ၏ ပြောကြားချက်အားကောက်နှုတ်ချက်