Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၃.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. အစဉ်အလာ မဟာမိတ် တရုတ်နှင့် ခပ်ကင်းကင်းနေရန် မြန်မာကြိုးပမ်း

(The Dong-A ILBO မှ 23 Jan 2013 ရက်စွဲပါ Myanmar distances itself from influence of traditional ally China ကိုဘာသာပြန်ဆိုသည်)

  1. မဲဆောက်ကုန်သွယ်မှုဇုန်အတွက် ကက်ဘိနက်က မီးစိမ်းပြ

(22 Jan 2013 ရက်စွဲပါ Bangkok Post မှ Mae Sot trade zone gets the nod ကို ဘာသာပြန်ပါသည်)

  1. လူမှောင်ခိုကူးမှုတွင် ထိုင်းစစ်တပ်လည်းပါဝင်

(The Nation News မှ 22 Jan 2013 ရက်စွဲပါ “Thai army involved in people smuggling ” သတင်းကို ဘာသာပြန်ပါသည်)

  1. တရုတ်-မြန်မာ ပိုက်လိုင်းများ မေလတွင်အပြီးသတ်ဖွယ်ရှိ

(Xinhua News မှ 22 Jan 2012 ရက်စွဲပါ “China-Myanmar pipelines to be completed in May” သတင်း ကို ဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

အစဉ်အလာ မဟာမိတ် တရုတ်နှင့် ခပ်ကင်းကင်းနေရန် မြန်မာကြိုးပမ်း

(The Dong-A ILBO မှ 23 Jan 2013 ရက်စွဲပါ Myanmar distances itself from influence of traditional ally China ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံအပေါ်ထားရှိသည့် မြန်မာနိုင်ငံ၏ သဘောထားပြောင်းလဲမှုကြောင့် ဘေဂျင်းအစိုးရက စိုးရိမ်ပူပန်မှုများဖြစ်နေပ်ါနေချိန်တွင် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် အိန္ဒိယ အစရှိသည့်နိုင်ငံတို့က သယံဇာတပေါကြွယ်ဝပြီး အရှေ့တောင်အာရှဒေသတွင် မဟာဗျူဟာအရ အရေးပါသော မြန်မာနိုင်ငံကို ဆွဲဆောင်ရန် ကြိုးပမ်းလျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ နေ့စဉ်ထုတ်သတင်းစာ The Renmin Ribao က “မြန်မာနိုင်ငံ၊ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းတွင် ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပေါ်နေသောကြောင့် တရုတ်ကုမ္ပဏီအနေဖြင့် လစဉ် အမေရိကန်ဒေါ်လာ ၂ သန်းမျှ ဆုံးရှုံးနေရကြောင်း ”ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရေးသားဖော်ပြသည်။ အဆိုပါ စီမံကိန်းတန်ဖိုးမှာ ဒေါ်လာ ၁ ဘီလီယံဖြစ်ပြီး တရုတ်ကုမဏီနှင့် မြန်မာကုမဏီများ ဖက်စပ်လုပ်ကိုင် နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံပိုင်မီဒီယာကြီးလည်းဖြစ်သည့် ယင်း The Renmin Ribao သတင်းစာက တရုတ်နိုင်ငံရေးဆောင်ပုဒ်များဖြင့် ဝေဖန်မှုများပြုလုပ်သလို စိတ်ပျက်စရာ ကောင်းသော မြန်မာ့ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်အကြောင်းကိုလည်း ဖော်ပြသည်။

တရုတ်နိုင်ငံ၏ မဟာမိတ်နိုင်ငံ သုံးနိုင်ငံမှာ မြောက်ကိုရီးယား၊ မြန်မာနှင့် ပါကစ္စတန်တို့ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် မြန်မာအစိုးရနှင့် ချစ်ကြည်ရင်းနှီးမှုကို “ညီအကိုသဖွယ်ဆက်ဆံရေး” အဖြစ်ဖော်ကျူးထားသည်။ တရုတ်-မြန်မာ အိမ်နီးချင်းနှစ်နိုင်ငံသည် ၁၉၅၀ ပြည့်နှစ်၊ သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်မှစ၍ အနီးကပ်ဆက်ဆံမှုမျိုးရှိခဲ့သည်။

၁၉၈၈ ခုနှစ်၊ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပိုက်မှုပေါ်ပေါက်ကာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့၏ ပိတ်ဆို့အရေးယူမှုများ ကြုံတွေ့ရချိန်တွင် တရုတ်နိုင်ငံက မြန်မာအပေါ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထောက်အပံ့များကို အမြောက်အမြားပေးခဲ့ရာ တရုတ်သြဇာ လွှမ်းမိုးမှုလည်း ကြီးထွားလာခဲ့သည်။

တရုတ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူနိုင်ငံဖြစ်နေသော်လည်း တရုတ်သြဇာလွှမ်းမိုးမှုများက မြန်မာပြည်သူများအကြား အနုတ်လက္ခဏာဆောင်သည့် တုံ့ပြန်မှုများကိုဖြစ်ပေါ်စေသည်။

မြန်မာအစိုးရသည် ၂၀၁၁ ခုနှစ်၊ စစ်အစိုးရထံမှအာဏာလွှဲပြောင်းရယူပြီးချိန်တွင် ဘေဂျင်းအစိုးရနှင့်ဆက်ဆံမှုကို စတင်ဖယ်ခွာရန် ကြိုးပမ်းခဲ့သည်။ ဒီမိုကရေစီနည်းလမ်းတကျ ပထမဆုံးရွေးကောက်တင်မြှောက်ခံရသူ သမ္မတဦးသိန်းစိန်က တရုတ်နှင့် ယခင်စစ်အစိုးရ ပူးတွဲလုပ်ကိုင်လျက်ရှိသည့် မြစ်ဆုံစီမံကိန်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန် ရပ်ဆိုင်းပစ်လိုက်သည်။ ယင်းစီမံကိန်းသည် တရုတ်နိုင်ငံမှ ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံအကူအညီဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ဟောင်ကောင်သတင်းစာတစ်စောင်ဖြစ်သော South China Morning Post ၏ ရေးသားဖော်ပြချက်အရ အကယ်၍ စီစဉ်ထားသည့် အတိုင်းအစစအရာရာအောင်မြင်သည်ဆိုပါက လာမည့်မေလမှစ၍ အရှေ့အလယ်ပိုင်းဒေသမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံရှိ ပိုက်လိုင်းများမှတစ်ဆင့် တရုတ်ပြည်သို့တင်ပို့နိုင်တော့မည်ဖြစ်သည်ဟု  တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC) က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ဖော်အသိပေးကြောင်းသိရသည်။ ကီလိုမီတာ ၁၁၀၀ ရှည်လျားသည့် ယင်းပိုက်လိုင်းသွယ်တန်းမှုသည် ဧရာမစီမံကိန်းကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ရွှေလီမြို့အထိသွယ်တန်းနေခြင်းဖြစ်သည်။ အဆိုပါပိုက်လိုင်းများကြောင့် တရုတ်အနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ များအား ကီလိုမီတာ ၁၂၀၀ ခန့်ခရီးဖြင့် တင်သွင်းသယ်ယူရမှုကိုလျှော့ချပစ်နိုင်မည်ဖြစ်သည်။ ထို့ပြင် ယင်းစီမံကိန်းကို တရုတ်-မြန်မာနှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ကိုယ်စားပြုသည့် လုပ်ငန်းကြီးတစ်ခုအဖြစ်သတ်မှတ်ထားသော်လည်း ယခုကဲ့သို့ စီမံကိန်းပြီးဆုံးရန် နီးကပ်လာချိန်တွင် အောင်မြင်မှုအတွက် ဂုဏ်ပြုပြောဆိုရန် ဝန်လေးနေကြသည်ကိုတွေ့ရသည်။

South China Morning Post သတင်းစာရေးသားသလိုပင် “အကယ်၍ စီစဉ်ထားသည့်အတိုင်းအစစအရာရာအောင်မြင်သည်ဆိုပါက” ဟူသော အသုံးအနှုန်းကိုကြည့်လျှင် ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံတန် ယင်းစီမံကိန်းကြီးသည် ယနေ့အချိန်အထိ မသေချာမရေရာမှုများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်ဟူသောအချက်မှာ ပေါ်လွင်နေသည်။

ဤအတောအတွင်းမှာပင် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် အိန္ဒိယတို့က မြန်မာနိုင်ငံနှင့် ရင်းနှီးချစ်ကြည်မှုရရှိရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်လုပ်ဆောင်လျက်ရှိသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံကို ဘဏ္ဍာရေးထောက်ပံ့မှုများပြုလုပ်ပေးရန်နှင့် ကော်ပိုရိတ်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အထူးသံတမန်တစ်ဦးစေလွှတ်ခဲ့သည်။ ဂျပန်သည် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပေးရန်ရှိသည့် ကြွေးကျန်များကို လျှော်ပေးခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် ရေရှည်ချေးငွေသစ်များထပ်မံချပေးခဲ့သည်။

China Review News Agency အဆိုအရ ဂျပန်ဝန်ကြီးချုပ်သည် အရှေ့တောင်အာရှဒေသနိုင်ငံများနှင့် ဆက်ဆံရေးအားကောင်းအောင် လုပ်ဆောင်ခြင်းဖြင့် တရုတ်ပြည်၏သြဇာလွှမ်းမိုးမှုကို တုံ့ပြန်လျက်ရှိသည်။ ဂျပန်၏ ကြိုးပမ်းအားထုတ်မှုများတွင် မြန်မာဟူသည် အချက်အချာကျသောနေရာမှပါဝင်နေသည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး AK Antony ကလည်း ရန်ကုန်မြို့သို့လာရောက်လည်ပတ်ပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ဆွေးနွေးသည်။ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကိုယ်တိုင်သည်လည်း ပြီးခဲ့သည့်နှစ် မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သေးသည်။ မန်မိုဟန်ဆင်းသည် မြန်မာသို့ နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးလာရောက်လည်ပတ်သော အိန္ဒိယဝန်ကြီးချုပ်ဖြစ်သည်။

 ----------------------------------------------------------------------------------------

မဲဆောက်ကုန်သွယ်မှုဇုန်အတွက် ကက်ဘိနက်က မီးစိမ်းပြ

(22 Jan 2013 ရက်စွဲပါ Bangkok Post မှ Mae Sot trade zone gets the nod ကို ဘာသာပြန်ပါသည်)

ထိုင်း-မြန်မာနယ်စပ် Tak ပြည်နယ် မဲဆောက်ဒေသတွင် အထူးစီးပွားရေးဇုန် ထူထောင်ရန် အဆိုပြုချက်ကို ကက်ဘိနက်က အတည်ပြုခဲ့ပြီ ဖြစ်ပါသည်။

အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုဘုတ်အဖွဲ့(NESDB) သည် ၂၀၁၅ အာဆီယံစီးပွားရေးအသိုင်း အဝိုင်းနှင့်နိုင်ငံ၏ အရှေ့-အနောက် စီးပွားရေး စကြံင်္ဖွံ့ဖြိုးရေးကို အထောက်အကူပြုမည့် စီမံကိန်းကို အဆိုပြုခဲ့ပါသည်။

အဆိုပြုချက်အကြမ်းအား ယမန်နေ့က Uttaradit တွင် ကက်ဘိနက်က အတည်ပြုခဲ့ပါသည်။ ကက်ဘိနက် ကအတည်ပြုခဲ့သော စီမံကိန်း၏ စည်းမျဉ်းများအရ အထူးစီးပွားရေးဇုန်တွင် မဲဆောက်ဧရိယာ တစ်ခုလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းပါဝင်နိုင်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် Tossaporn Serirak ကပြောကြားခဲ့ပါသည်။

Asean Single Window နှင့်အညီ တစ်နေရာတည်းတွင် ဝန်ဆောင်မှုအားလုံးပေးမည့်စနစ်လည်း အဆိုပါဇုန်တွင် ထူထောင်မည်ဖြစ်ကြောင်း ၎င်းကပြောပါသည်။ အဆိုပါစနစ်တွင် အချက်အလက်များချိတ်ဆက်ထားခြင်းနှင့် အကောက်ခွန်ဆိုင်ရာများလည်း ၂၀၁၅ ဒေသတွင်း စီးပွါးရေးစုဖွဲ့မှုအတွက် ပြင်ဆင်သည့်အနေဖြင့် ပါဝင်မည်ဖြစ်ပါသည်။

အဆိုပါစီမံကိန်းအကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန် မူဝါဒကော်မတီတွင် ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်ပါသည်။

ဝန်ကြီးချုပ် Yingluck Shinawatra က ပြောကြားရာတွင် မဲဆောက်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သော အလားအလာများမှာ ယမန်နေ့က အတည်မပြုမီ အချိန်အတော်ကြာကတည်းက ဆွေးနွေးနေခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။

နိုင်ငံတော်ကောင်စီသည် အဆိုပါစီမံကိန်းအတွက် ဥပဒေများကို ရေးဆွဲအတည်ပြုပေးမည် ဖြစ်ပါသည်။ အစပထမတွင် ထိုင်းနှင့် မြန်မာကို ပိုင်းခြားထားသည့် သောင်ရင်းမြစ်တစ်ဖက်ရှိ Mae Pa နှင့် Tha Sai Luad တို့တွင် စတင်ထူထောင်မည် ဖြစ်ပါသည်။

ထိုဒေသတွင် စက်မှုဇုန်ကို Tak ပြည်နယ်အာဏာပိုင်အဖွဲ့နှင့် အကောက်ခွန်ဌာနတို့ ပူးပေါင်းထူထောင်ကြမည် ဖြစ်ပါသည်။

လက်ရှိတံတားတွင် ပိတ်ဆို့မှုများမဖြစ်ရေးအတွက် ဒုတိယချစ်ကြည်ရေးတံတားကို တည်ဆောက်မည် ဖြစ်ပါသည်။

အထူးစီးပွားရေးဇုန်တွင် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အဦး၊ သဘောင်္တင်ပို့မှုနှင့် ဖြန့်ဖြူးရေး ဗဟိုဌာနများ အကောက်ခွန်လွတ် ဧရိယာများ။ ဂိုဒေါင်များ၊ တစ်နေရာတည်းတွင် ဝန်ဆောင်မှုအားလုံးပေးမည့် နေရာများ၊ စစ်ဆေးမှုနှင့် အကောက်ခွန်စစ်ဆေးရေး စခန်းများပါဝင်မည် ဖြစ်ပါသည်။

စက်မှုစီးပွါးရေးဌာန၏ သုတေသနပြုချက်အရ မဲဆောက်ဒေသသည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကကျသော နေရာတွင်ရှိနေခြင်း ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော အလားအလာရှိသည်ဟု ဆိုပါသည်။

အဆိုပါ လေ့လာချက်အရ အထူးစီးပွားရေးဇုန်သည် အထည်အလိပ်နှင့် အထည်ချုပ်၊ ဟင်းသီးဟင်းရွက်နှင့် သီးနှံ စည်သွပ်ဗူးစက်ရုံ၊ သစ်အချောထည်နှင့် ပရိဘောဂပြုလုပ်ခြင်း ကဲ့သို့သော အလုပ်သမားများစွာနှင့် လုပ်ဆောင်ရသော လုပ်ငန်းများအတွက် အကျိုးအမြတ်ရှိနိုင်သည်ဟု သိရပါသည်။

မဲဆောက်နယ်စပ်ကုန်သွယ်ရေးတန်ဖိုးသည် ပြီးခဲ့သည့်နှစ်က ၃၀ ဘီလီယံဘတ်ရှိခဲ့ကာ စံချိန်တင်ခဲ့ပြီး မြောက်ပိုင်းဒေသများတွင် အများဆုံးဖြစ်ပါသည်။

သို့သော် အဆိုပါဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှေ့ဆက်လုပ်နိုင်ရန် အချို့ဒေသများ၌ သစ်တောများထိန်းသိမ်းကာကွယ်ထားမှုကို အစိုးရကပယ်ဖျက်ပေးရန် လိုအပ်ကြောင်း Mr.Tossaporn က ပြောကြားပါသည်။

Tak မြို့တော်ဝန် Suriya Prasarthandit ကပြောကြားရာတွင် ကက်ဘိနက်သည် မဲဆောက်တွင် အခြား ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် မူများကိုလည်း အတည်ပြုခဲ့သည်ဟု ဆိုပါသည်။

အဆိုပါ လုပ်ငန်းများတွင် ဥမင်လှိုဏ်များ၊ ရထားလမ်းများ၊ Tak‑မဲဆောက် လေးလမ်းသွား အဝေးပြေးလမ်း၊ လေဆိပ်နှင့် စက်မှုဇုန်များပါဝင်ပါသည်။

ကက်ဘိနက်သည် Sukhothai မြောက်ပိုင်း အနိမ့်ဒေသ၊ Uttaradit ၊ Tak ၊ Phetchabun နှင့် Phiasanulok  တို့တွင် ဘတ် (၅၁) ဘီလီယံ တန်ဖိုးရှိ စီမံကိန်း(၁၁၁) ခုကိုလည်း အတည်ပြုခဲ့ပါသည်။ ထိုအထဲ မှ ဘတ် (၆၁၇) သန်း တန်ဖိုးရှိ စီမံကိန်း (၃၃) ခုမှာ ချက်ခြင်းအကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။ အခြား စီမံကိန်းများမှာ မူအရ အတည်ပြုပြီးဖြစ်သော်လည်း ဖြစ်နိုင်မှုလေ့လာချက်များ လုပ်ဆောင်ဆဲ ဖြစ်ပါသည်။

ပို့ဆောင်ရေးဝန်ကြီး Chadchat Sittipunt ကပြောကြားရာတွင် ကက်ဘိနက်သည် Metropolitan Rapid Transit အာဏာပိုင်အဖွဲ့၏ လျှပ်စစ်ရထားလမ်းနှစ်ခုဆောက်လုပ်ရန် ကန်ထရိုက်တာနှစ်ဦးငှားရမ်းနိုင် ရန်တောင်းဆိုထားသော ချေးငွေ (၁၆.၂၁) ဘီလီယံဘတ်ကိုလည်း အတည်ပြုခဲ့ပါသည်။

------------------------------------------------------------------------------------------------------------------------------------

လူမှောင်ခိုကူးမှုတွင် ထိုင်းစစ်တပ်လည်းပါဝင်

(The Nation News မှ 22 Jan 2013 ရက်စွဲပါ “Thai army involved in people smuggling ” သတင်းကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာစက်လှေစီးသူများအား ခိုးသွင်းရာတွင် တပ်မတော်အရာရှိ များပါဝင်ပတ်သက်နေသည် ဟူသော စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးနေကြောင်း ထိုင်းအာဏာပိုင်များက တနလာင်္နေ့တွင်ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရိုဟင်ဂျားများမှာ မလေးရှားသို့ပို့ရန်ငွေများစွာ တောင်းသော လူကုန်ကူးသူများ၏ လက်သို့ကျရောက်သည့် အန္တရာယ်ရှိနေပြီး ပိုက်ဆံမပေးနိုင်သူများမှာ ၎င်းအခကြေးငွေ အတွက် အဓမ္မအလုပ်စေခိုင်းခံရလိမ့်မည်ဟု ယုံကြည်ရပါသည်။

ဒီကိစ္စမှာ ထိုင်းစစ်တပ်အရာရှိတွေ ပါဝင်ပတ်သက်နေပါတယ်။ နယ်မြေခံတပ်ဖွဲ့မှုးတွေပေါ့ ဟု ထိုင်းပြည်ထဲရေးဌာန အကြီးတန်းတာဝန်ရှိသူ တစ်ဦးက AFP သို့ပြောကြားသည်။

ပုံမှန်အားဖြင့် ရိုဟင်ဂျာလှေစီးခရီးသည်များသည် ထိုင်းနိုင်ငံအနောက် တောင်ဖက် အင်ဒါမန်ကမ်းရိုးတန်းသို့ ရောက်ရှိလာလေ့ရှိသော်လည်း ယခုအခါ ကျွန်းဆွယ်တစ်ဖက်ခြမ်း မလေးရှားနိုင်ငံ နှင့် ထိစပ်နေသော ဆောင်ခလာ ပြည်နယ်တွင်တွေ့ရှိနေသည်ဟု ဆိုပါသည်။

“အစိုးရအရာရှိတွေ ပတ်သက်မှုမရှိပဲ သူတို့အဲဒီကို မရောက်နိုင်ပါဘူး။ လူမှောင်ခိုကိစ္စမှာ ပွဲစားတွေပါဝင်ပတ်သက်နေပါတယ်။ မလေးရှားမြေပေါ်ကို ရောက်ဖို့ တစ်ဦးကို ဒေါ်လာ ၁၃၅၀ ကနေ ၂၀၀၀ အထိပေးရပါလိမ့်မယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ပြည်တွင်းမီဒီယာများတွင် ပထမဆုံးအကြိမ်ထွက်ပေါ်လာသော စွပ်စွဲမှုများကို ထိုင်းစစ်တပ်က စုံစမ်းစစ်ဆေးနေပြီ ဖြစ်သော်လည်း ယခုအချိန်ထိကျုးလွန်မှု အထောက်အထားမတွေ့ရသေးဟု အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ပါရာဒွန်ပတ္တနာသာဘတ် ကပြောကြားပါသည်။

“အပြစ်ကျုးလွန်သူတွေ့ရင်တော့ အရေးယူခံရမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကမ္ဘာတွင် ဖိနှိပ်ခံရဆုံး လူမျိုးစုဟု ကုလသမဂ္ဂက သတ်မှတ်ထားသော ရိုဟင်ဂျာများသည် နှစ်ပေါင်းများစွာကပင် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နှင့် မွတ်ဆလင်လူများစုမလေးရှားနိုင်ငံသ်ု့ ထွက်ပြေးခဲ့ကြခြင်း ဖြစ်ပါသည်။

အဆိုပါရိုဟင်ဂျာ ၈၀၀ ၀၀၀ ခန့်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဖက်မှ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူများဟု မြန်မာနိုင်ငံကသတ်မှတ်ထားပြီး နိုင်ငံသားအဖြစ် တရားဝင်အသိအမှတ် ပြုရန် ငြင်းဆန်ထားသည်။

၂၀၁၂ ခုနှစ် ဇွန်လနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ရခိုင် ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာ မွတ်ဆလင်တို့အကြား တင်းမာမှုများ ပေါက်ကွဲသွားခဲ့ခြင်းကြောင့် မလေးရှားသို့ ရိုဟင်ဂျာ အမြောက်အများ ထွက်ပြေးမှုကို ဖြစ်ပေါ်စေခဲ့သည်။

------------------------------------------------------------------------------------

တရုတ်-မြန်မာ ပိုက်လိုင်းများ မေလတွင်အပြီးသတ်ဖွယ်ရှိ

(Xinhua News မှ 22 Jan 2012 ရက်စွဲပါ “China-Myanmar pipelines to be completed in May” သတင်း ကို ဘာသာပြန်ပါသည်)

စီစဉ်ထားသည့် အတိုင်းအရာရာ ဖြစ်မြောက်မည်ဆိုပါက တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် စွမ်းအင် လမ်းကြောင်းအသစ် တရုတ်-မြန်မာ ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းများသည် မေ ၃၀ တွင် ပြီးစီးမည်ဟုမျှော်လင့်ရ ကြောင်း ကန်ထရိုက်တာ ကုမ္ပဏီ၏ အဆိုအရ သိရှိရသည်။

ရေနံ၊ ဓါတ်ငွေ့ ပိုက်လိုင်း၏ပြည်တွင်းအပိုင်းနှင့်ပြည်ပအပိုင်းတို့ကို တည်ဆောက်မှုအရှိန်မြှင့်လျှက်ရှိပြီး ခက်ခဲသောအတားအဆီးများကို ကျော်လွှားနိုင်ပါက ပိုက်လိုင်းများဇွန်လတွင် အစောဆုံး စတင် လည်ပတ်နိုင် တော့မည်ဟု CNPC ၏ စီမံကိန်းအကြီးအကဲ ဂိုဂျန်းကျိုက စနေနေ့တွင် Xinhua သို့ ပြောကြားသည်။

မြန်မာနိုင်ငံအပိုင်းမှ အဓိက အစိတ်အပိုင်းများပြီးစီးနေပြီဖြစ်ပြီး၊ တရုတ်နိုင်ငံဖက်မှ အဓိကအစိတ် အပိုင်းများ ယခုလတွင် ပြီးစီးမည်ဖြစ်ရာ ပိုက်လိုင်းများ၏ဖိအားစမ်းသပ်မှုနှင့် အခြေက်ခံလုပ်ငန်းစဉ်ကို ဖေဖဝါရီလအတွင်း ဆောင်ရွက်သွားမည်ဟု ဂိုဂျန်းကျိုး ကဆိုပါသည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံစိမ်းများကို အိန္ဒိယသမုဒ္ဒရာမှတဆင့် သဘောင်္များဖြင့် သယ်ယူ လာပြီး အန္တရာယ်များသော မလက္ကာ ရေလက်ကြားကို မဖြတ်တော့ပဲ ရှောင်ရှားကာ မြန်မာနိုင်ငံဖြတ်ပိုက်လိုင်း မှတဆင့် တရုတ်နိုင်ငံတွင်းသို့ ပို့ဆောင်မည်ဖြစ်သည်။ ကီလိုမီတာ ၁၁၀၀ ခန့်ရှည်လျားသော ရေနံနှင့် ဓါတ်ငွေ့အမြွှာပိုက်လိုင်းများသည် မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်းကျောက်ဖြူမြို့မှ စတင်ပြီး ယူနန်ပြည်နယ် ရွှေလီမြီု့သို့ဝင်ရောက် မည်ဖြစ်သည်။

ရေနံပိုက်လိုင်းကို တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်းနှင့် ဓါတ်ငွေ့ပိုက်လိုင်းကို တစ်နှစ်လျှင် ဓါတ်ငွေ့ကုဗမီတာ ၁၂ ဘီလျံစီ အသီးသီးပို့လွှတ်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ ၎င်းစွမ်းအင် လမ်းကြောင်းသစ်က တရုတ်ပြည်၏ မဖွံ့ဖြိုးသော အနောက်တောင်ပိုင်းဒေသများသို့ စွမ်းအင်ဖြည့်ဆည်းမှုကို သိသိသာသာ တိုးမြှင့်ပေးနိုင်လိမ့်မည်ဟု သိရှိရသည်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၃.၁.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ခုံရုံးအဖွဲ့ဝင်များက မိမိတို့ရဲ့ အထက်ပုဂ္ဂိုလ်များ (သို့မဟုတ်) မိမိတို့ကို သူကောင်းပြုခဲ့သူများကို အမြဲတမ်းသတိရ၊ သစ္စာစောင့်သိနေစေရန်ဆိုတဲ့ အဓိပ္ပါယ်ဆောင်နေလို့ လွတ်လပ်စွာတရားစီရင်ခြင်းကိစ္စမှာ အဂတိတရား ကင်းစင်ဖို့အနှောင့်အယှက် ဖြစ်နေမှာသေချာပါတယ်။”

ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် ပြည့်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၃၀) တွင်ပါရှိသော “ပြည်သူ့ အကျိုးစီးပွားနှင့် ဆန့်ကျင်နေလျှင် အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းသင့်” သတင်းမှ ဦးရဲထွန်း ၏ပြောကြားချက်အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------

“ကျွန်မအနေနဲ့ အမေရိကန်မူဝါဒ (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ) အပြောင်းအလဲ တစ်စုံတရာထုတ်ပြန်ကြေငြာဖို့မရှိပါဘူး။ ကျွန်မတို့အနေနဲ့ ဆန်ရှင်ဖယ်ရှားပေးခဲ့တုန်းက ဆက်လက်ဖြစ်ပေါ်လာမယ့် တိုးတက်မှုတွေပေါ် မူတည်နေမယ့် အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်တယ် ဆိုတာကိုလည်း သိပြီးသားဖြစ်မှာပါ”

ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် ပြည့်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၃၀) တွင်ပါရှိသော “ကချင်အရေးကြောင့် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒပြောင်းလဲရန် မရှိ” သတင်းမှ အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနူလန် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------

“ခရိုနီလို့အခေါ်ခံရတဲ့သူတွေက NLD နဲ့အခြား လူမှုရေးလုပ်နေတဲ့ လုပ်ငန်းတွေကို ပံ့ပိုးတယ်ဆိုရင် ပံ့ပိုးပါစေပေါ့။ ဒီပိုက်ဆံတွေကို တခြားနေရာမှာ အလဟဿဖြစ်အောင် ဖြုန်းမယ့်အစား ပံ့ပိုးသင့်တဲ့နေရာကို ပံ့ပိုးဖို့အတွက် သုံးတယ်ဆိုရင်ကောင်းတဲ့ကိစ္စပါပဲ။ NLD ကိုချဉ်းကပ်လာတာလားဆိုတာ မစဉ်းစားဘူး။ NLD ကိုချဉ်းကပ်တာလား၊ ဘယ်အဖွဲ့အစည်းကို ချဉ်းကပ်တာလဲဆိုတာကို မကြည့်ဘူး။ ဘာကိုထောက်ပံ့တာလဲ၊ ဘယ်နေရာကို အကျိုးပြုသလဲ။ ပြည်သူကို အကျိုးပြုမယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အကျိုးပြုမယ်။ လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေကို အကျိုးပြုမယ်ဆိုရင် ဒါဟာ ကြိုဆိုရမယ့် ကိစ္စပါပဲ။”

ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် Popular News Journal အတွဲ (၄) အမှတ် (၅) တွင်ပါရှိသော “ခရိုနီတို့၏ပိုက်ဆံ တရားဝင်ငွေမဟုတ်လျှင် လက်မခံဟု ဒေါ်အောင်ဆန်းစုကြည်ဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------

“ဘာလို့တိုက်ပွဲတွေမရပ်သလဲလို့ လူတိုင်းကမေးတယ်။ တိုက်ပွဲတွေရပ်ပြီးတော့ ဘာလုပ်ရမလဲဆိုတဲ့အဖြေကို ရှာဖွေလို့မတွေ့ခင်မှာ တိုက်ပွဲတွေရပ်ဖို့ခက်ပါတယ်။ အပစ်အခတ်ရပ်ဆိုင်းပြီးရင် ဘာလုပ်ကြမလဲ။ ဒါ ကျွန်တော်တို့ရှာဖွေနေတဲ့ အဖြေပါ”

ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် Popular News Journal အတွဲ (၄) အမှတ် (၅) တွင်ပါရှိသော “ကျည်ဆန်တွေရဲ့အထက် မြင့်မြင့်မပျံနိုင်သေးတဲ့ ငြိမ်းချမ်းရေးငှက်” ဆောင်းပါးမှ ကချင်လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------

“အလုပ်သမားအဖွဲ့အစည်းတွေဖွဲ့ပြီး ဥပဒေတွေထွက်လာပြီးတဲ့နောက် အလုပ်သမားအမှုအခင်းတွေကို ဥပဒေနဲ့အညီ ဆုံးဖြတ်ချက်တွေချပေမယ့်လို့ အလုပ်ရှင်တွေက အဲ့ဒါကို တိတိကျကျမလိုက်နာတာတွေ ၊ ရှောင်ဖယ်တာတွေ တွေ့ရတယ်။ ဒီ ဥပဒေပါ ဆုံးဖြတ်ချက်တွေကို မလိုက်နာတဲ့အတွက်ကြောင့် ဦးတို့ခုံသမာဓိ ကောင်စီအနေနဲ့ ဘယ်လိုဆက်အရေးယူမလဲဆိုတာ ဦးတို့မှာလုပ်ပိုင်ခွင့်မရှိဘူး။ ဒါဟာ ဦး တို့ရဲ့ အဓိက ပြဿနာပဲ”

ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (၁၈) တွင်ပါရှိသော “ခုံသမာဓိ ဆုံးဖြတ်ချက် အလုပ်ရှင်များ မလိုက်နာ၍ အခက်တွေ့” သတင်းမှ ခုံသမာဓိကောင်စီဝင် အလုပ်သမားကိုယ်စားလှယ် ဦးရဲနိုင်ဝင်း ၏ပြောကြားချက်အားကောက်နှုတ်ချက်။

  **************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive