Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၆.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. IMF ကမြန်မာနိုင်ငံ၏ ဆက်ဆံရေးပိုမို မြှင့်တင်

(5 February 2013 ရက်စွဲပါ Yahoo News မှ AFP ၏ IMF steps up engagement with Myanmar ကို ဘာသာပြန်ပါသည်)

  1. မြန်မာနိုင်ငံ မီးလင်းအောင်ကူညီရန် ကမ္ဘာ့ဘဏ် ကတိပေး

(AFP News မှ 6 Jan 2013 ရက်စွဲပါ “World Bank vows to help Myanmar turn Light on” သတင်းကို ဘာသာပြန်ပါသည်)

  1. မြန်မာနှင့်ကချင်သူပုန်တို့ဆွေးနွေးရာတွင် တရုတ်က တက်ကြွသောကဏ္ဍမှပါဝင်

(5 February 2013 ရက်စွဲပါ VOA News မှ China takes active role in talks between Burma and Kachin rebels ကို ဘာသာပြန်ပါသည်)

  1. ကုလအခွင့်အရေး  ကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာဦးမည်

(UPI News မှ 5 February 2013 ရက်စွဲပါ “UN rights official to visit Myanmar” သတင်းကို ဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

IMF ကမြန်မာနိုင်ငံ၏ ဆက်ဆံရေးပိုမို မြှင့်တင်

(5 February 2013 ရက်စွဲပါ Yahoo News မှ AFP ၏ IMF steps up engagement with Myanmar ကို ဘာသာပြန်ပါသည်)

Photo Credit - AFP

တချိန်ကအပယ်ခံဖြစ်ခဲ့သောမြန်မာနိုင်ငံတွင် စီးပွားရေးနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိခြင်းကြောင့် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) အနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးရေးမူဝါဒကို ရှေ့သို့လှမ်းလျက်ရှိကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။

IMF အဖွဲ့တစ်ခုသည် ဇန်နဝါရီလ (၃၁) ရက်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး အစိုးရနှင့်လည်းကောင်း၊ လူထုအခြေပြုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး ပါတနာများဖြင့်လည်းကောင်း IMF ၏ ဆက်ဆံရေး တိုးတက်လာရေးကို ဆွေးနွေးခဲ့သည်ဟု IMF ၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။

IMF မစ်ရှင်ခေါင်းဆောင် Anoop Singh က မြန်မာနိုင်ငံ၏ တိုးတက်လာမှုများကို ကြိုဆိုခဲ့ပါသည်။

“အစိုးရဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း လျင်မြန်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အရေးကြီးတဲ့ မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ရာမှာ ငွေလဲနှုန်းကို စီမံထားတဲ့ နှုန်းရှင် လုပ်ဆောင်ချက်ရဲ့ အသီးအပွင့်တွေရရှိနေပြီ ဖြစ်ပါတယ်။” ဟု Singh က ပြောပါသည်။

“အစိုးရကလည်း နောက်ထပ်အများကြီး လုပ်ရဦးမယ်ဆိုတာလက်ခံထားပါတယ်။ အားလုံး ဖွံ့ဖြိုး တိုးတက်မှု အဆက်မပြတ်ရှိနေစေရေးအတွက် နောက်ထပ် မူဝါဒပြုပြင်ပြောင်းလဲရေးတွေ မရှိမဖြစ်လုပ်ဆောင်ရဦးမှာပါ။” ဟု ၎င်းကပင်ဆိုပါသည်။

မြန်မာနိုင်ငံသည် စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ်များစွာ မှားယွင်းစွာ စီမံခန့်ခွဲမှုနှင့်အထီးကျန်ဖြစ်ခဲ့ရမှုများကြောင့် အာရှတွင် အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်ခဲ့ရပါသည်။

မြန်မာနိုင်ငံသည် မကြာသေးမီက ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပါရီကလပ်တို့ဖြင့် ကြွေးမြီများ ပြန်လည်စီစဉ်ရေးဆွဲရေးကို သဘော တူညီချက်ရရှိခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်းက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် ထောက်ခံကူညီသည့် ကတိကဝတ်များ ပြဆိုခြင်း ဖြစ်သည်ဟု Singh က ထောက်ပြပါသည်။

“ရှိပြီးဖြစ်တဲ့ IMF နဲ့ အစိုးရရဲ့ အားကောင်းတဲ့ ပူးတွဲလုပ်ဆောင်မှုတွေကို ပိုမိုခိုင်မာအောင်လုပ်ဆောင်ရေး အရေးကြီးပုံကို အာဏာပိုင်တွေနဲ့ ဆွေးနွေးရာမှာ အာရုံပြုခဲ့ပါတယ်” ဟု Singh ကပြောပါသည်။

ဝါရှင်တန်အခြေစိုက် IMF သည် ၎င်း၏ဝန်ထမ်းများပုံမှန်လာရောက်ခြင်းအပြင် ထိုင်းနိုင်ငံရှိ IMF နည်းပညာ ကူညီပေးရေးရုံးမှတဆင့် လူသား စွမ်းရည်မြှင့်တင်ပေးရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

IMF သည် မြန်မာနိုင်ငံတွင် ဌာနေကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်ဟု Singh က ပြောပါသည်။

တချိန်တည်းမှာပင် IMF ၏ ညီနောင်အဖွဲ့ဖြစ်သောကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအသစ် အစပြုခဲ့ရခြင်းအပေါ် ဂုဏ်ယူ ကြောင်းပြောခဲ့ပြီး မြန်မာပြည်သူများ လျှပ်စစ်မီးတိုးတက်ရရှိရေး အကူအညီပေးရန် အစီအစဉ်ကို အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လူလေးဦးတွင် တစ်ဦးသာ စိတ်ချရသော လျှပ်စစ်မီးအသုံးပြုနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အဆိုအရ သိရှိရပါသည်။

--------------------------------------------------------------------------------------------

မြန်မာနိုင်ငံ မီးလင်းအောင်ကူညီရန် ကမ္ဘာ့ဘဏ် ကတိပေး

(AFP News မှ 6 Jan 2013 ရက်စွဲပါ “World Bank vows to help Myanmar turn Light on” သတင်းကို ဘာသာပြန်ပါသည်)

Photo Credit - AFP

တစ်ချိန်က အထီးကျန်မြန်မာနိုင်ငံနှင့် ဆက်ဆံမှုကို အသစ်ပြန်လည်စတင်နေသည့် ကမ္ဘာ့ဘဏ်က မြန်မာပြည်သူများ လျှပ်စစ်မီးသုံးစွဲနိုင်မှုကို တိုးတက်အောင်ကူညီရန် အင်္ဂါနေ့တွင် ကတိပြုလိုက်ပါသည်။

မြန်မာသမ္မတဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းပြည် မြန်မြန်ဆန်ဆန် ပြောင်းလဲမှုတွင် ပါဝင်နေသော အခြား ပလေယာများနှင့် ၃ ရက်တာ ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် တစ်ချိန်ကစစ်ဖက်အုပ်ချုပ်ခဲ့သော နိုင်ငံသို့ ကမ္ဘာ့ဘဏ် တာဝန်ရှိသူများ သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ မီးလင်းသွားမယ်ဆိုရင် ကလေးတွေညအချိန်မှာ စာဖတ်နိုင်မယ်။ ဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖြစ်ပေါ်စေမယ့် စီးပွားရေးလုပ်ငန်းသစ်တွေကို ကျေးလက်ပြည်သူတွေ စတင်လုပ်ကိုင် နိုင်အောင်အားပေးနိုင်မယ်” ဟု ကမ္ဘာ့ဘဏ် အရှေ့အာရှ ပစ္စဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ အက်ဆယ်ဗန် ထရိုဆင်ဘာ့စ် ကပြောကြားသည်။

“လုံလုံလောက်လောက်ရှိတဲ့၊ စိတ်ချလက်ချသုံးနိုင်တဲ့၊ ကုန်ကျစရိတ်တက်နိုင်စေမယ့် လျှပ်စစ်မီးဟာ ကျေးလက်ဒေသ ဆင်းရဲမှုကို လျှော့ချအောင် ကူညီနိုင်မှာ ဖြစ်ပြီး၊ အားလုံးအတွက် အခွင့်အလမ်းတွေ ပွင့်လန်း လာစေမှာပါ”  ဟု ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူ ၄ ဦးလျှင် ၁ ဦးသာ လျှပ်စစ်မီး စိတ်ချလက်ချ သုံးစွဲနိုင်သည်ဟု ကမ္ဘာ့ဘဏ် အဆိုအရ သိရှိရသည်။

ဝါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်သည် မြန်မာ့ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုကို ပံ့ပိုးဖို့ ဒေါ်လာ ၂၄၅ သန်း ထောက်ပံ့ရန် နိုဝင်ဘာလတွင် ကတိပြုခြင်းဖြင့် ၂၅ နှစ်ကြာ အဆတ်ပြတ်နေခဲ့သော နိုင်ငံအပေါ် အကူအညီပြန်လည် စတင်နေခြင်းဖြစ်သည်။

“ပထမစီမံကိန်းကတော့ ဓါတ်ငွေ့တာဘိုင်တွေ အစားထိုးဖို့အတွက် ငွေကြေးထောက်ပံ့မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ခွင့်ပြုချက်ရဖို့အတွက် စက်တင်ဘာလမှာ ကျွန်တော်တို့ ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့ကို တင်ပြ သွားမှာပါ။” ဟု ထရိုဆင်ဘာ့စ် က သတင်းထောက်များအား ပြောကြားသည်။

ယခင်အစိုးရက ဒေါ်လာသန်းရာနှင့်ချီသော ပေးရန်ကြွေးကျန်များကို ဆပ်ရန်ပျက်ကွက်ခဲ့သောကြောင့် ၁၉၈၇ တွင် ရန်ကုန်ရုံးကို ကမ္ဘာ့ဘဏ် ကပိတ်ပင်လိုက်ပြီး၊ ကြွေးသစ်ပေးခြင်းကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သောလက ကမ္ဘာ့ဘဏ်နှင့် ADB သို့ပေးရန်ကြွေးဟောင်းများကို ဂျပန်နိုင်ငံ၏ ပေါင်းကူးချေးငွေ အစီအစဉ်ဖြင့် မြန်မာအစိုးရက ပြန်လည် ပေးဆပ်နိုင်ခဲ့သောကြောင့် ၎င်းကမ္ဘာ့ငွေကြေးအဖွဲ့နှစ်ခုစလုံး မြန်မာ နိုင်ငံ ကို ငွေပြန်ချေးရန် လမ်းပွင့်သွားပြီး ဖြစ်သည်။

“ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအသစ် ပြန်စဖို့အခွင့်အလမ်းရသွားတာပါ” ဟု ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးရေး ချေးငွေအစီအစဉ် international Finance Corp (IFC) ၏ စီအီးအို ဂျင်ယုံချိုင်းက ပြောကြားပါသည်။

စီးပွားရေးနိမ့်ကျနေသော မြန်မာနိုင်ငံတွင် အသေးစားလုပ်ငန်းများအား ကူညီရန် ရည်မှန်းသည့် အသေးစားချေးငွေ ဘဏ်သစ်အတွက် ဒေါ်လာနှစ်သန်း ကူညီရန် IFC က ယခင်လတွင် ကတိပေးထားပါသည်။

လက်ရှိမြန်မာအစိုးရသစ်က နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို လွှတ်တော်သို့ ဝင်ခွင့် ပေးခြင်း အပါအဝင် အပြောင်းအလဲများ တစ်သီတစ်တန်း ပြုလုပ်ပြခဲ့သောကြောင့် အနောက်အုပ်စုနိုင်ငံများကလည်း အသိအမှတ်ပြု တုန့်ပြန်ကာ Sanctions များ ဆိုင်းငံ့ဖြေလျှော့ ရုပ်သိမ်းပေးလျက်ရှိသည်။

ထို့အပြင် တရုတ်၊ အန္ဒိယ၊ အာဆီယံ သုံးပွင့်ဆိုင်အကြားအတွင်း ကောင်းစွာ တည်ရှိပြီး၊ သယံဇာတ ပေါများသည့်အပြင် လူဦးရေသန်း ၆၀ ရှိသော ခေါင်းပြူစ မြန်မာဈေးကွက်ကို မျက်စိကျနေသည့် နိုင်ငံတကာ ကုမ္ပဏီများကလည်း ရင်းနှီးမြှုပ်နှံရန်အတွက် တန်းစီနေကြပြီ ဖြစ်သည်။

ယခုကဲ့သို့ အခွင့်အလမ်းအကောင်းဆုံး အချိန်မျိုးတွင် လက်ရှိ မြန်မာအစိုးရနှင့် တပ်မတော် ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့အဖွဲ့အစည်း အာဏာစက် တည်မြဲရေးကို အားထုတ်နေခြင်းထက် တိုင်းပြည် နှင့် ပြည်သူတို့၏ အကျိုးစီးပွားကိုသာ ဦးစားပေးသင့်သည်ဟု ပြည်တွင်းမှ အကဲခတ် လေ့လာသူ အချို့က ပြောကြားသည်။

---------------------------------------------------------------------------------

မြန်မာနှင့်ကချင်သူပုန်တို့ဆွေးနွေးရာတွင် တရုတ်က တက်ကြွသောကဏ္ဍမှပါဝင်

(5 February 2013 ရက်စွဲပါ VOA News မှ China takes active role in talks between Burma and Kachin rebels ကို ဘာသာပြန်ပါသည်)

Photo Credit - AP

တရုတ်က ၎င်းသည် မြန်မာအစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုရရှိရေး ကြိုးပမ်းနေသော ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် နေရာတစ်ခုမှ ပါဝင်လိုကြောင်း ပြောကြားလိုက်ပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောကြားရာတွင် ဖေဖော်ဝါရီလ (၄) ရက်နေ့က ရွှေလီတွင်ကျင်းပသော ဆွေးနွေးပွဲတွင် မြန်မာသမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ KIA ဒုစစ်ဦးစီးချုပ် ဆွမ်လွတ်ဂွမ်မော် နှင့် အခြားပုဂ္ဂိုလ်များ တက်ရောက်ကြောင်း ပြောကြားခဲ့ပါသည်။

“အခုဆွေးနွေးတာဟာ နှစ်ဖက်ပဋိပက္ခအရှိန်မြင့်လာပြီးနောက်ပိုင်း ပထမဆုံးတိုက်ရိုက်တွေ့ဆုံတာဖြစ်ပါတယ်။” ဟု ပြောခွင့်ရအမျိုးသမီး Hua Chunying က ဖေဖော်ဝါရီလ (၅) ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနညွှန်ကြားရေးမှူးချုပ် Luo Zhaohui သည် ဆွေးနွေးပွဲ မစတင်မီ နှစ်ဖက်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲတွင် မျက်မြင်သက်သေအဖြစ် တက်ရောက်ခဲ့ကြောင်း Hua က ထည့်သွင်းပြောကြားခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုကလည်း နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုကို အားပေးခဲ့ပါသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Vietoria Nuland က ဇန်နဝါရီလ (၁၄) ရက်နေ့က ပြောကြားရာတွင်  အမေရိကန်ပြည်ထောင်စုသည် နှစ်ဖက်ဆွေးနွေးနိုင်ရေးအတွက် ပြင်းထန်သောစစ်ပွဲများရပ်ဆိုင်းရန် မြန်မာအစိုးရနှင့်လည်းကောင်း၊ KIOနှင့် လည်းကောင်း လုပ်ဆောင်လျက်ရှိသည်ဟု ဆိုပါ သည်။

(၁၉) လကြာမြင့်ခဲ့ပြီဖြစ်သော ကချင်သူပုန်များနှင့် မြန်မာစစ်တပ်ကြားတိုက်ပွဲသည် ယခုနှစ်အစောပိုင်းတွင် ပိုမိုပြင်းထန်လာရာ မြန်မာ စစ်တပ်က လေကြောင်းအင်အားကို အသုံးပြုခဲ့ပါသည်။ လေကြောင်းမှ ကချင်စစ်တပ်နေရာယူထားမှုများကို တိုက်ခိုက်ခြင်းသည် တိုက်ပွဲအရှိန် အရေးကြီးနေကြောင်း ပြဆိုပါသည်။

--------------------------------------------------------------------------------------

ကုလအခွင့်အရေး  ကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာဦးမည်

(UPI News မှ 5 February 2013 ရက်စွဲပါ “UN rights official to visit Myanmar” သတင်းကို ဘာသာပြန်ပါသည်)

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်ဖြစ်သော မတ်စ်အိုဂျာကင်တာနားက မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်ပဋိပက္ခနှင့် အခြားစိန်ခေါ်မှုများကို အကဲဖြတ်ရန်အတွက် မြန်မာနိုင်ငံသို့ လာမည့်အပတ်တွင် သွားမည်ဟု ပြောကြားသည်။

“မြန်မာနိုင်ငံဟာ စတင်လက်စ ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်နေတဲ့အတွက် လက်ရှိလူ့အခွင့်အရေး အနေအထားကို အကဲဖြတ်ဖို့နဲ့ ၊ တိုးတက်ပြောင်းလဲမှုတွေ ကျန်ရှိတဲ့စိန်ခေါ်မှုတွေကို သိရှိတုန့်ပြန်ဖို့အရေးကြီးပါတယ်။” ဟု ကင်တာနားက ကြေညာချက် ထုတ်ပြန်သည်။

ကင်တာနားက ဆက်လက်၍ “မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုသော ကချင်သူပုန်များနှင့် အစိုးရစစ်တပ်တို့ အခြေအတင် ဖြစ်နေသော ကချင်ပြည်နယ်မှ တိုက်ပွဲများနှင့်ပတ်သက်၍ အထူးစိုးရိမ်ပူပန်ကြောင်း၊ တိုင်းရင်းသားပြဿနာဖြေရှင်းရေးနှင့် အပစ်ရပ်စဲရေးအတွက် မိမိ၏ ပြောရေးဆိုခွင့်ကို  အသုံးပြုတောင်းဆိုတိုက်တွန်းသွားမှာဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။

တနလာင်္နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် ကင်တာနားသည် ၅ ရက်ကြာ နေထိုင်မည်ဟု သိရှိရသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် စတင်ခဲ့သော မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုတုန့်ပြန်သည့်အနေဖြင့် အရေးယူ ဒဏ်ခတ်မှု Sanction များ ဖြေလျှော့ပေးရန် ကမ္ဘာ့ခေါင်းဆောင်များက ဝိုင်းဝန်းဖိအားပေးခဲ့ကြသည်။ သို့သော်လည်း နိုင်ငံရေးအကျဉ်းသားများ၏ အဆင့်အတန်း၊ ဆင်ဆာပိတ်ပင်မှုနှင့် တိုင်းပြည်တွင် ဆူပွက်နေသော ပဋိပက္ခများက စိုးရိမ်စရာ ပြဿနာများ အသစ်ပြန်ဖြစ်အောင် မီးမွှေးလျက်ရှိသည်။

“မြန်မာအစိုးရက လုပ်ပြသော နိုင်ငံရေး အပြောင်းအလဲများကို နိုင်ငံတကာ အသိုင်းအဝိုင်းက လိုသည်ထက်ပို၍ အမွှန်းတင်ခဲ့ကြသည်။” ဟု နယူးယောက်အခြေစိုက် Human Rights Watch အုပ်စုက ယခင်အပတ်က ပြောကြားခဲ့သည်။

*********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၆.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“အခွန်တိုးကောက်တာထက် Tax base လို့ခေါ်တဲ့ အခွန်ကောက်ခံတဲ့ နည်းလမ်းတွေမှာ လွတ်ကွက် ၊ဟာကွက် မရှိအောင်ကြိုးစားနေတယ်။ ကိုယ်တိုင် အခွန်ဆောင်တဲ့ စနစ်ကို သွားနိုင်အောင်သွားရမယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ အညီအခွန်ကို လိုလိုလားလား ပေးဆောင်လာတဲ့ စနစ် ဖြစ်အောင် ပြုပြင်ဆောင်ရွက် သွားမယ်။”

ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၅) အမှတ် (၆) တွင်ပါရှိသော “နိုင်ငံတကာက တင်နေတဲ့ မြန်မာ့အကြွေး ဝန်ကြီးဌာနတွေဆပ်မယ်” သတင်းမှ ဒေါက်တာကံဇော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××

“UNDP ကတောင် အဆင်းရဲဆုံးလို့ ပြောနေတယ်။ အခု ပဋိပက္ခကြောင့်ဆို ပိုတောင်ဆင်းရဲသွားပြီ၊ ဒီတော့အကူအညီမပေးတာဟာ အလွန်တရာကို လိုအပ်နေတဲ့နေရာကို ချန်ထားခဲ့သလိုပါပဲ။”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ်    Popular News Journal အတွဲ (၅) အမှတ် (၆) တွင် ပါရှိသော “ကျေးလက် ဆင်းရဲမှု လျှော့ချရေး ဂျပန် ကူညီမည့် နေရာများတွင် ရခိုင်ပြည်နယ် မပါ” သတင်းမှ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဖြစ်သူ ဦးတင်ထူးအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားသူကြီးကို ဒီအမှုတက်လာရင်၊ ဒီပြစ်ဒဏ်တွေပေးပါဆိုတာက မဖြစ်သင့်တော့ဘူး။ တရားသူကြီးကသာ ရဲတပ်ဖွဲ့ကို ညွှန်ကြားရမှာ၊ အခုဟာက ရဲတပ်ဖွဲ့က တရားသူကြီးကို ညွှန်ကြားနေတာ။”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၆) တွင်ပါရှိသော “တရားစီရင်ရေးကို နောက်ကွယ်မှ ချုပ်ကိုင်နေမှု အန္တရာယ် လွှတ်တော်မှ ကာကွယ်ပေးစေလို” သတင်းမှ ရှေ့နေများကွန်ယက်မှ ဦးအောင်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“တိုင်းရင်းသားရေးရာနဲ့ ပတ်သက်တဲ့မူတွေ ပြင်ရမယ်။ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဖြစ်ပါတယ်။ ပြီးတော့ တရားစီရင်ရေး မဏ္ဍိုင်နဲ့ပတ်သက်လို့ တရားလွှတ်တော်ချုပ်နဲ့ ပတ်သက်တာတွေကိုလဲ ပြင်ရပါမယ်။ နောက်ပြီးတော့ ခေတ်မမှီတော့တဲ့ တရားစီရင်ရေး ဥပဒေများကိုလည်း ပြင်ရပါမယ်။ ဥပဒေအများစုက လွတ်လပ်ရေးမရခင်က ပြဋ္ဌာန်းခဲ့တာ ဖြစ်တဲ့အတွက် အဲဒီ Indian Act တွေကိုပဲ သုံးစွဲနေရပါတယ်။ ဒီ သုံးချက်ပါပဲ။”

ဖေဖော်ဝါရီ ၇ရက် နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ(၉) အမှတ်(၆) တွင်ပါရှိသော “ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ကဏ္ဍသုံးရပ်အား ပြင်ဆင်ရန် ကြိုးပမ်းမည်ဟု သူရဦးအောင်ကို ပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌသူရဦးအောင်ကို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုလုပ်ချင်ရင် နိုင်ငံရေးပါတီထောင်မှာပေါ့။ နိုင်ငံရေးလှုပ်ရှားမှု မပါတာကြောင့် အသင်းအဖွဲ့အနေနဲ့ ဖွဲ့စည်းတာပေါ့။ လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေလုပ်မယ်ပေါ့။ နိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးမှုကိုပဲ ဦးစားပေးဆောင်ရွက်ခဲ့တဲ့အတွက် သူတို့ပြောတဲ့ နိုင်ငံရေးလှုပ်ရှားမှုမျိုး ကျွန်တော်တို့အနေနဲ့ မဖြစ်နိုင်ပါဘူး။ ဖြစ်လာစရာလည်း အကြောင်းမရှိဘူး။ သူ (ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်) ထောက်ခံချက်မပေးရင် လောလောဆယ် မှတ်ပုံတင်က မကျနိုင်ဘူး။ သူ့ထက်ကြီးတဲ့သူကပေးမှ ရလိမ့်မယ်။”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ (၉) အမှတ် (၆)တွင် ပါရှိသော“လယ်သမားအသင်းဖွဲ့စည်းခြင်း နိုင်ငံရေးရည်ရွယ်ချက် လုံးဝမပါရှိကြောင်း ယင်းအသင်းဥက္ကဋ္ဌ ပြောကြား” သတင်းမှ ယာယီဥက္ကဋ္ဌဒေါက်တာ စိုးထွန်း၏ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive