Transparency Myanmar

transparency.myanmar@gmail.com

Op-Ed
Document Op-Ed

Snapshot of the item below:
Op-Ed

*

*

၇.၂.၂၀၁၃

အတွေးအမြင်

ထာဝရ အကျိုးစီးပွားနှင့် ထာဝရ ငြိမ်းချမ်းရေး

အယ်ဒီတာအာဘော်

အကျိုးစီးပွားဟုဆိုလိုက်လျှင် ယေဘူယျအားဖြင့် ကိုယ့်အကျိုးစီးပွား၊ သူ့အကျိုးစီးပွားဟူသော  အဓိပ္ပာယ်ဖွင့်ဆိုကြခြင်း များပေလိမ့်မည်။ သို့သော် အကျိုးစီးပွားဟူသော သဘောတရားကို  ထိုသို့သောကျဉ်းမြောင်းလွန်းသည့် ဘောင်အတွင်း၌သာ ကန့်သတ်အနက်ဖွင့်လျှင် အကျိုးစီးပွားများစွာဖြင့် လည်ပတ်နေသည့် လူ့အဖွဲ့အစည်းဝယ် အရေးကိစ္စများမြောင်ကို ငြိမ့်ညောင်းပြေပြစ်စွာဖြင့် ညှိနှိုင်းအဖြေရှာနိုင်မည်မဟုတ်။ ထို့ပြင် အကျိုးစီးပွားကို ကိုယ်အသာရရေးဆိုသည့် ရှုထောင့်တစ်ခုတည်းဖြင့် မြင်ကြည့်လိုက်လျှင် အဆိုးမြင်ရာ ရောက်ပေလိမ့်မည်။ လူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားမှာ လူ့အဖွဲ့အစည်းကောင်းဖို့အတွက်ဖြစ်နေလျှင် (ဥပမာ- အစိုးရ ဝန်ထမ်းတစ်ဦး၏ အကျိုးစီးပွားမှာ လာဘ်ယူ၍ ကောင်းသည့် နေရာတစ်ခုရဖို့အတွက်မဟုတ်ဘဲ ပြည်သူ့အကျိုးကိုအမှန်တကယ်ပြုလိုသည့် ရိုးသားကြိုးစားသည့်ပြည်သူ့ဝန်ထမ်းတစ်ဦး ဖြစ်ချင်သောဆန္ဒရှိခြင်းမျိုး) အကောင်းမြင်ရမည်ပင် ဖြစ်သည်။

နိုင်ငံရေးနယ်ပယ်တွင် ရန်သူ၊ မိတ်ဆွေတွေခွဲကာ အုပ်စုဖွဲ့ရကြေးဆိုလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ အိမ်မက်သဖွယ်ပင်ဖြစ် နေပေဦးမည်။ ရန်သူ၊ မိတ်ဆွေဖြစ်နေစေကာမှာ အကျိုးစီးပွားခြင်းတူညီသည်များရှိပါက လက်တွဲလုပ်ဆောင်ရမည်သာဖြစ်သည်။ အထူးသဖြင့် တစ်တိုင်း ပြည်လုံးနှင့်သက်ဆိုင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးလို ကိစ္စရပ်မျိုးတွင် ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင်ပတ်သက်နေသည့် လူပုဂ္ဂိုလ်အားလုံး၏ အကျိုးစီးပွားမှာ စစ်မှန်သောငြိမ်းချမ်းရေးကို ရလိုမှုသာဖြစ်ရပေမည်။ မြန်မာပြည်တွင် မှီတင်းနေထိုင်သော ညီနောင်တိုင်းရင်သားများအားလုံး၏ ဘုံအကျိုးစီးပွားမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်လာပြီဆိုလျှင် ထာဝရငြိမ်းချမ်းရေးမှာ လက်တစ်ကမ်းမှာပင် ရှိတော့ပေမည်။

ယခုအခါတွင်  ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် အားလုံးပါဝင်နိုင်အောင် ဆောင်ရွက်နေသည့် အစိုးရ၏ ကြိုးပမ်းနေမှုများသည် အမျိုးသား အင်အားစုကြီးတစ်ရပ်လုံး၏အားဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို အခိုင်အမာအုတ်မြစ်ချတည်ဆောက်တော့မည်ဟူသောသဘောပင်ဖြစ်သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူများဟုဆိုလိုက်သည်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ၏ ခေါင်းဆောင်ပိုင်းလောက်ကိုသာ ဆိုလိုခြင်းမဟုတ်။ သန်း ၆၀ သော ပြည်သူများထဲမှ ပြည်သူတစ်ဦးချင်းစီလည်း ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အရေးပါသည်ကို ပြောလိုပါသည်။ ပြည်ထောင်စု ငြိမ်းချမ်း ရေးသည် ပြည်သူတစ်ဦးချင်းစီ၏ ထာဝရအကျိုးစီးပွားဖြစ်လာမည်ဆိုလျှင် မလှမ်းတော့သည့် အနာဂတ်တွင် ထာဝရငြိမ်းချမ်းရေးမှ ဆီးကြိုနှုတ်ဆက်ရင်း ငြိမ်းချမ်းရေးပန်းများ ဝေဆာနေတော့မည်ဖြစ်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၇.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. Standard Chartered Bank  မြန်မာနိုင်ငံတွင်ကိုယ်စားလှယ်ရုံး တရားဝင်ပြန်ဖွင့်

(7 February 2013 ရက်စွဲပါ Bernama မှ Stanchart Officially re-open representative office in Myanmar ကိုဘာသာပြန်ပါသည်)

  1. မဲခေါင်မြစ်အတွင်း တရုတ်-လာအို-မြန်မာ-ထိုင်း ပူးတွဲကင်းလှည့်ရေး အစီအစဉ်

(6 February 2013 ရက်စွဲပါ People’s daily online မှ Luo Zheng ရေးသားသော China-Laos-Myanmar-Thailand joint patrol on Mekong river ကို ဘာသာပြန်ပါသည်)

  1. မြန်မာနိုင်ငံမှ ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ဘန်ကီမွန်းကြိုဆို

(Bernama News မှ 7 February 2013 ရက်စွဲပါ “Ban hails Joint statement on peace in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင် မော်တော်ကားထုတ်လုပ်မှုကို Suzuki ပြန်စတော့မည်

(Japan Today မှ 7 feb 2013 ရက်စွဲပါ “Suzuki to resume auto production in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

Standard Chartered Bank  မြန်မာနိုင်ငံတွင်ကိုယ်စားလှယ်ရုံး တရားဝင်ပြန်ဖွင့်

(7 February 2013 ရက်စွဲပါ Bernama မှ Stanchart Officially re-open representative office in Myanmar ကိုဘာသာပြန်ပါသည်)

Photo Credit by Online

Standard Chartered Bank (Stanchart) သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၎င်း၏ကိုယ်စားလှယ်ရုံးကို တရားဝင်ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်ပါသည်။ အာဆီယံဈေးကွက်တွင် (၁၀) နိုင်ငံစလုံး၌ရှိသော တစ်ခုတည်းသောအဓိကနိုင်ငံတကာဘဏ်ဖြစ်ရန် လုပ်ဆောင်ခဲ့ပါသည်။

Stanchart က ၎င်း၏ထုတ်ပြန်ကြေညာချက်တွင် ငွေကြေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံကိုကမ္ဘာ့စီးပွားရေးအသိုင်းအဝိုင်းနှင့် ပြန်လည် ချိတ်ဆက်ရာတွင် အဓိကကျသောနေရာမှကူညီနိုင်သည်ဟု ဖော်ပြထားပါသည်။

“တိုင်းပြည်၏ကူးသန်းရောင်းဝယ်ရေးနှင့် သန်စွမ်းသောငွေကြေးကဏ္ဍဖြစ်ရန် ကြိုးပမ်းမှုများတွင် နည်းပညာအကူအညီပေးခြင်းဖြင့် အထောက် အကူပြုကြားခံပစ္စည်းအဖြစ် လုပ်ဆောင်ပေးနိုင်ပါသည်။” ဟု ဖော်ပြထားပါသည်။

အရှေ့တောင်အာရှဒေသတစ်လွှားတွင် ကုန်သွယ်မှုနှင့် စီးပွားရေးအောင်မြင်ရေးအတွက် တိုင်းပြည်တစ်ခုချင်း စီးပွားရေးကြီးပွားတိုးတက်မှုသည် မောင်းနှင်အားဖြစ်ကြောင်း အမှုဆောင်အရာရှိ Peter Sands က ပြောဆိုမှုကို ကြေညာချက်တွင် ကိုးကားဖော်ပြထားပါသည်။

“မြန်မာပြည်မှာကျွန်တော်တို့ရောက်ရှိလာခြင်းဟာတစ်ကမ္ဘာလုံးကကျွန်တော်တို့ရဲ့ဖောက်သည်ကွန်ယက်ကြီးကိုအခွင့်အလမ်းတွေချိတ်ဆက်မိ အောင် အကူအညီပေးနိုင်ရုံမက မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် တိုးတက်ရေးကြိုးပမ်းမှုကို ဝင်ရောက်လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။” ဟု၎င်းက ဆိုပါသည်။

ကိုယ်စားလှယ်ရုံးသည် ဆူးလေဘုရားအနီး Centre point Tower တွင်ရှိကာ Tina Singhasacha က အုပ်ချုပ်ပါသည်။

Stanchart သည် ဈေးကွက် (၇၀) တွင် ရုံးပေါင်း (၁၇၀၀) ရှိခြင်းကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ထူထောင်ထားခြင်းဖြင့် ၎င်း၏ နိုင်ငံတကာမှ ဖောက်သည်များ မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို အသင့်ရယူနိုင်ရန် အထောက်အကူပြုမည် ဖြစ်ပါသည်။

----------------------------------------------------------------------------------------------

မဲခေါင်မြစ်အတွင်း တရုတ်-လာအို-မြန်မာ-ထိုင်း ပူးတွဲကင်းလှည့်ရေး အစီအစဉ်

(6 February 2013 ရက်စွဲပါ People’s daily online မှ Luo Zheng ရေးသားသော China-Laos-Myanmar-Thailand joint patrol on Mekong river ကို ဘာသာပြန်ပါသည်)

Photo Credit by People’s Daily Online

မဲခေါင်မြစ်သည် ကမ္ဘောဒီးယားတွင် ‘အမေ’ ဟု အဓိပ္ပါယ်ရပြီး (၂၁၃၉) ကီလိုမီတာ ရှည်လျားကာ အရှေ့တောင်အာရှတွင် အကြီးဆုံးမြစ် ဖြစ်ပါသည်။ သို့သော် ၂၀၁၁ ခုနှစ်အောက်တိုဘာ (၅) ရက်နေ့တွင် မြစ်အတွင်း၌ တရုတ်သဘောင်္သား (၁၃) ယောက် အသတ်ခံရသော ဝမ်းနည်းဖွယ် ဖြစ်ရပ်ကြုံတွေ့ခဲ့ရပါသည်။

စာရင်းဇယားများအရ မဲခေါင်မြစ်အတွင်း ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း တရုတ်ကုန်သွယ်သောသင်္ဘောများအပေါ် ပုံစံမျိုးစုံဖြင့်တိုက်ခိုက်မှု များ စုစုပေါင်း (၃၅) မှုခန့်ရှိရာ (၁၅) ဦးသေဆုံးပြီး၊ (၃၁) ဦး ဒဏ်ရာရရှိကာ စီးပွားရေးအရ ယွမ်တစ်သန်းကျော်ဆုံးရှုံးခဲ့ရပါသည်။

၂၀၁၁ အောက်တိုဘာ (၅) ရက် ဝမ်းနည်းဖွယ်ဖြစ်ရပ်ဖြစ်ပြီး (၆၆) ရက်အကြာတွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ပူးတွဲ ကင်းလှည့်ရေးကို စတင်နိုင်ခဲ့ပါသည်။ “လုံခြုံရေးပုဂ္ဂိုလ်များ၏ တာဝန်ကဘာလဲ” ၊ “ပြီးခဲ့သည့်နှစ်အတွင်း မဲခေါင်မြစ်အတွင်းသို့ လုံခြုံရေးနှင့် ပတ်သက်၍ ဘာတွေတိုးတက်ခဲ့သလဲ” ဆိုသည့်မေးခွန်းများကို သိနိုင်ရန်၊ သတင်းထောက်သည် (၈) ကြိမ်မြောက်ကင်းလှည့်ခရီးစဉ်တွင် လိုက်ပါသတင်းယူခဲ့ပါသည်။

ကုန်သွယ်သည့်သင်္ဘောပေါ်သို့ လုံခြုံရေးတာဝန်ရှိသူများနှင့်တက်ရောက်ပြီး၊ သင်္ဘောကပ္ပတိန် Li Gang  နှင့် စကားပြောခဲ့ပါသည်။ ၂၀၁၁ အောက်တိုဘာ (၅) ရက်နေ့ကအဖြစ်အပျက်ကို ပြန်ပြောင်းပြောပြခဲ့ရာ ထိုအဖြစ်အပျက်ကြောင့် သုံးလခန့်အထိ မြစ်အတွင်းအလုပ်လုပ်ရန် ကြောက်နေ ခဲ့ ပြီး သင်္ဘောအား ရောင်းချပစ်ရန်အထိစိတ်ကူးခဲ့ကြောင်း ပြောပါသည်။ “အခုရောကြောက်သေးလား” ဟု သတင်းထောက် က မေးမြန်း ခဲ့ပါသည်။ Li Gang က ပြုံး၍ ပြောကြားရာတွင် “မကြောက်တော့ပါဘူး ပူးတွဲကင်းလှည့်တဲ့ သင်္ဘောတွေရှိတဲ့အတွက် လုံခြုံတယ်လို့ ခံစားရပါတယ်” ဟု ဆိုပါသည်။

မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်ရေးစတင်လုပ်ဆောင်ပြီး ရက်အနည်းငယ်အကြာတွင် ၎င်းမြင်တွေ့ကြားသိရသည်များကို ပြောပြရာတွင် သတင်းထောက်တွင် ခံစားမှုမျိုးစုံဖြစ်ရပါသည်။ မဲခေါင်မြစ်အတွင်း ကင်းလှည့်ရခြင်းမှာ စစ်မက်ဖြစ်ပွားနေသောနေရာတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရသော တာဝန်မျိုးမဟုတ်ပေ။ Aden ပင်လယ်ကွေ့အတွင်း ပင်လယ်ဓမြရန်မှ ကာကွယ်ရန်ရေကြောင်းစောင့်ရှောက်မှုပေးခြင်းမျိုးလည်း မဟုတ်ပေ။ သို့သော် ၎င်းသည် ကြီးမားသောကဏ္ဍမှ ပါဝင်နေပါသည်။ ဒေသတွင်း တည်ငြိမ်မှုကို စောင့်ရှောက်ခြင်း၊ မဲခေါင်မြစ်အတွင်းသွားလာနေသော သင်္ဘောများ၏ လုံခြုံရေးကိုအကာအကွယ်ပေးခြင်းနှင့် ထိုဒေသတွင်နေထိုင်သောလူအများ၏ လုံခြုံရေးကိုအကာအကွယ်ပေးခြင်းများကို တာဝန်ယူထားပါသည်။ အထက်ကဆိုခဲ့သော ငြိမ်းချမ်းရေးထိန်းသိမ်းမှုနှင့် ရေကြောင်းစောင့်ရှောက်မှုပေးခြင်းတို့ကဲ့သို့ပင် စွန့်စား၍ အန္တရာယ်များသော တာဝန်ယူရခြင်းရှိပါသည်။

-------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံမှ ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ဘန်ကီမွန်းကြိုဆို

(Bernama News မှ 7 February 2013 ရက်စွဲပါ “Ban hails Joint statement on peace in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Bernama News

မြန်မာအစိုးရနှင့်ကေအိုင်အေအဖွဲ့တို့၏ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းသူများက ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်းကို ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး၊ ကချင်ပြည်နယ်တွင် စစ်မှန်သောစဉ်ဆက်မပြတ်ငြိမ်းချမ်းရေးရအောင် ဆက်လက်အားထုတ် ကြိုးပမ်းကြရန် သက်ဆိုင်ရာအုပ်စုများကို တိုက်တွန်းလိုက်ပါသည်။

“မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနဲ့ကေအိုင်အေကိုယ်စားလှယ်အဖွဲ့ နှစ်ဖက်စလုံးက ကချင်ပြည်နယ်မှာအကြမ်းဖက် တိုက်ခိုက်မှုတွေလျှော့ချဖို့နဲ့ ဒီလိုလျှော့ချတာကိုအကဲခတ်စောင့်ကြည့်သွားကြဖို့အတွက် လုပ်ငန်းဆောင်တာအားလုံးကိုလုပ်ဆောင်သွားကြဖို့ သဘောတူ ညီခဲ့ကြတယ်လို့ ပူးတွဲကြေညာချက်ထုတ်ပြန်တာကို အထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပါတယ်။ ” ဟု ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း Xinhua သတင်းဌာနက ကိုးကားထုတ်ပြန်ပါသည်။

နိုင်ငံရေးဒိုင်ယာလော့ဒ် ဆွေးနွေးရန်ပြင်ဆင်သည့်အနေဖြင့် ကေအိုင်အေကိုတိုက်ခိုက်မှုရပ်ဆိုင်းကြောင်း မြန်မာအစိုးရက ဇန်နဝါရီလ ၁၈ ရက်နေ့ တွင်ကြေညာပြီးနောက် ၁၇ ရက်အကြာတွင် တရုတ်နယ်စပ် ရွှေလီမြို့၌ မြန်မာအစိုးရနှင့်ကေအိုင်အေ နှစ်ဖက်စလုံး၏ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

မြန်မာအစိုးရက လဂျားယန်နယ်မြေတွင် မိမိတပ်ဖွဲ့များတိုက်ခိုက်နေမှုကို ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာ ထားသည်။

မြန်မာအစိုးရက ကေအိုင်အေ ဌာနချုပ်အခြေစိုက် လိုင်ဇာမြို့ကို မသိမ်းဟု ပြောကြားထားသော်လည်း လိုင်ဇာမြို့အဝင်အထိ တပ်စွဲပိတ်ဆို့ထား သောကြောင့် လိုင်ဇာကို မြို့ပျက်ဖြစ်အောင် အဆက်ဖြတ်ထားခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း နယ်စပ်မှစစ်ရေးအကဲခတ်များက မှတ်ချက်ပေးကြသည်။

အောက်တိုဘာလက နောက်ဆုံးဆွေးနွေးပွဲတွင် မြန်မာ့စစ်တပ်ဖက်မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ပါဝင်ခဲ့သော်လည်း ကေအိုင်အေဘက်မှ စစ်တပ်ကိုယ်စားလှယ် မတက်ရောက်သောကြောင့် ဆွေးနွေးမှုပျက်ပြားကာ တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ထုတ်ဖော်ပြောဆိုထားသည်။

ယခု နောက်ဆုံးအချီဆွေးနွေးပွဲတွင်မူ ကေအိုင်အေဖက်မှ ဗိုလ်ချုပ်ဂွမ်မော် ပါဝင်တက်ရောက်ခဲ့သော်လည်း မြန်မာစစ်တပ် (တပ်မတော်) ဖက်မှ အဆင့်မြှင့်ကိုယ်စားလှယ် တက်ရောက်ခြင်းမရှိဟု သိရှိရသည်။

--------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် မော်တော်ကားထုတ်လုပ်မှုကို Suzuki ပြန်စတော့မည်

(Japan Today မှ 7 feb 2013 ရက်စွဲပါ “Suzuki to resume auto production in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit by Japan Today

ဂျပန်ကားထုတ်လုပ်သူ Suzuki က မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုပြန်လည်စတင်တော့မည်ဟု ဗုဒ္ဓဟူးနေ့ကပြောကြားလိုက်ရာ တစ်ချိန်က တံခါးပိတ် မြန်မာဈေးကွက်သို့ ခြေချနေသည့် အာရှဒုတိယစီးပွားရေး အင်အားကြီးဂျပန်၏ နောက်ဆုံးခြေလှမ်းတစ်ခုပင် ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံတွင် Marati Suzuki လုပ်ငန်းဖြင့် ကြီးကြီးမားမားအောင်မြင်မှုရနေသော ကားငယ်ထုတ်လုပ်သူ Suzuki (Myanmar) Motor ကို ပြန်လည်စတင်ရန်အတွက် ဒေါ်လာ၇ သန်းရင်းနှီးမြှုပ်နှံမည်ဟု ဆိုပါသည်။

၁၉၈၈ မှ ၂၀၁၀ အတွင်း မြန်မာအစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခဲ့သော စက်ရုံတွင် မေလမှစ၍ ထုတ်လုပ်မှုပြန်လည်စတင်မည်ဟု Suzuki ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထိုစက်ရုံကို ကန်ထရိုက်သက်တမ်းကုန်လွန်ချိန်တွင် ပိတ်ထားခဲ့သည်ဟု ဆိုသော်လည်း ထိုအချိန်တွင်သက်တမ်းတိုး သဘောတူညီချက်များ မရခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းကရှင်းလင်းခြင်း မပြုပါ။

ကနဦးတွင် ပြည်တွင်းဈေးကွက်အတွက် လစဉ် Carry မီနီထရပ်အစီး ၁၀၀ မျှသာ ထုတ်လုပ်သွားဦးမည်ဖြစ်ပြီး၊ ပြည်တွင်းဝန်ထမ်း ၉၀ ခန့်အထိ အသုံးပြုမည်ဟု သိရှိရသည်။

၎င်းကဆက်လက်၍ “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေး အားထုတ်မှုတွေကြောင့် နိုင်ငံခြားကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံရေး လှုပ်ရှားမှုတွေ ကလည်း အင်တိုက်အားတိုက်ရှိနေပါတယ်။ မော်တော်ကားဈေးကွက်ကလည်း အသွင်ပြောင်းကာလလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဈေးကွက်ဖွံ့ဖြိုး လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပြီး အဲလိုအချိန်မှာ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေချင်ပါတယ်” ဟု ပြောကြားပါသည်။

အင်္ဂါနေ့တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သော ဂျပန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေး စည်းရုံးလှုပ်ရှားသူ ကီဒန်ရင်အဖွဲ့၏ အကြီးအကဲက မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ငွေကြေးနှင့်ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

ထိုအတောအတွင်း တိုကျိုအာဏာပိုင်များကလည်း မြန်မာတို့ပေးရန်ရှိသော ကြွေးမြီ ယန်းငွေ ဘီလျံ ၅၀၀ အနက်မှ ဘီလျံ ၃၀၀ (ဒေါ်လာ ၃.၂ ဘီလျံ)ကို လျှော်ပေးမည်ဖြစ်ကြောင်း ပြောကြားထားပြီးဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဓါတ်အားစနစ်ကို ကူညီအဆင့်မြှင့်တင်ပေးရန် ကျေးလက်ဖွံ့ဖြိုးရေးကို မြှင့်တင်ရန် နှင့် သဘောတူထားသော စက်မှုဇုံကို ထောက်ပံ့ရန်အတွက် ယန်းငွေဘီလျံ ၅၀ ထပ်မံချေးဦးမည်ဟု ဂျပန်အစိုးရက ယခင်လက ပြောကြားထားသည်။

မြန်မာနိုင်ငံသည် ယခင်တပ်မတော်အစိုးရလက်ထက်က စီမံခန့်ခွဲမှုအလွဲများကြောင့် စီးပွားရေးပြိုလဲကျသွားပြီဖြစ်သော်လည်း လက်ရှိအစိုးရသစ် က ကြီးကြီးမားမား နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအပြောင်းအလဲများ ပြုလုပ်နေပြီဖြစ်သောကြောင့် နိုင်ငံရပ်ခြားကုမ္ပဏီများ အသစ်တဖန်ပြန်လည် စိတ်ဝင်စားလာအောင်နှိုးဆွပေးလျက်ရှိသည်။

သို့သော် ယခင်အစိုးရ လက်ထက်က နေရာတကာတွင် တင်းကြပ်ထားသော စည်းမျဉ်းစည်းကမ်း ချုပ်ချယ်မှုများကို လက်ရှိအစိုးရက ထိရောက်စွာ ဖြေလျှော့ရှင်းလင်းခြင်း မပြုသေးဟု အကဲခတ်လေ့လာသူအချို့က မှတ်ချက်ပေးထားသည်။

*********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၇.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“အဓိက ကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲကို ခြွင်းချက်မရှိ ရပ်ဖို့ပါ။ ကချင်စစ်သားတစ်ယောက် ကျရင်လည်း ပြည်ထောင်စု သားတစ်ဦး ဆုံးရှုံး တာပဲ။ မြန်မာစစ်သားတစ်ယောက် ကျလည်း ပြည်ထောင်စုသားပဲလေ။ ဘယ်သူ့ဘယ်သူ ထိခိုက်ထိခိုက် ပြည်ထောင်စုသားပဲ။ လွတ်လပ်ရေး ရတာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ပြီ။ လွတ်လပ်ရေးရဲ့ အရသာကို တိုင်းရင်းသားတွေ မခံစားရသေးဘူး။ ပင်လုံစာချုပ်မှာပါတဲ့ အခွင့်အရေးတွေ မခံစားရ သေး ဘူးလေ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းကြတာဆိုတာပါ။”

ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် Unity Journal အတွဲ (၂) အမှတ် (၆) တွင် ပါရှိသော “နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ (ရှမ်း/ကယားပြည်နယ်) သဘောထားထုတ်ပြန်” သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလှ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တာဝန်အရှိဆုံးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ဖြစ်တယ်။ အခြေခံ ဥပဒေမှာ တပ်မတော်အပေါ်မှာ အစိုးရလွှတ်တော် က အမိန့်ပေးပိုင်ခွင့်မရှိဘူး ဖြစ်နေတယ်။ ဥပဒေကို ပြင်ဆင်နိုင်မှသာ ငြိမ်းချမ်းရေးအတွက် တံခါးပွင့်နိုင်မှာပါ”

ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် Unity Journal အတွဲ (၂) အမှတ် (၆) တွင် ပါရှိသော “ပြည်တွင်းငြိမ်းချမ်းရေးတံခါးပွင့်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်လိုအပ်ဟုဆို” သတင်းမှ ကယန်းပြည်သစ်ပါတီဗဟိုကော်မတီ အတွင်းရေးမှူး ဦးစောလွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေးဆိုတာက တရားစီရင်ရေး တစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်ပါဘူး။ လယ်ယာမြေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်၊ နိုင်ငံသား အခွင့် အရေးနဲ့ပတ်သက်လာရင် ဒါမှမဟုတ်လည်း အထွေထွေ အုပ်ချုပ်ရေး၊ ရပ်ကျေးအုပ်ချုပ်ရေး ရွေးတာတွေနဲ့ပတ်သက်ပြီးတော့ ဥပဒေနဲ့မညီတာတွေ၊ အဲဒီလို ကိစ္စတွေကိုလည်း ကျွန်တော်တို့အနေနဲ့ လုပ်နေပါတယ်။”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၃၂) တွင်ပါရှိသော “နိုင်ငံသား အခွင့်အရေးများကိုပါ တရားဥပဒေ စိုးမိုးရေး ကော်မတီ တစ်ပြိုင်တည်းဆောင်ရွက်” သတင်းမှ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“အခွန်ကိုလည်းလိမ်မယ်။ ကျွန်တော်တို့ကိုလည်း လိမ်မယ်၊ ကျွန်တော်တို့ကတော့ ဒါကိုဘယ်လို စစ်မလဲဆို တဲ့ စနစ်ကတော့ မရှိဘူး။ သူ့ကို ဘယ်လိုလုပ်မလဲ၊ သူ့ကို မှန်ကန်စွာ ထွက်ဆိုစေရန် ဘယ်လိုလုပ်မလဲ၊ သဘောတရားက ကျမ်းကျိန်တာတောင်မှ လိမ်လို့ရတယ်။ ဒီလိုဟာမျိုးလည်း လိမ်မယ်၊ မလိမ်ဘူးဘယ်လိုမှ ပြောလို့မရဘူး။ သူ့ရဲ့ ဂုဏ်သိက္ခာကို သူ ဘယ်လိုလုပ်မလဲ၊ ဒါပဲရှိတယ်။”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၃၂) တွင်ပါရှိသော “လူမှုဖူလုံရေးသို့ မည်သူမဆိုဝင်ရောက်နိုင်” သတင်းမှ လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“သတင်းတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ခွင့်ပေးရမယ်။ သတင်းထောက်တွေ မေးရင် ဘယ်နေရာကို မေးရမယ်။ ဘယ်သူကတော့ ပြောရေးဆိုခွင့် ရှိသူ အဲဒီိကိုမေးလို့ရှိရင်တော့ အဲဒါနဲ့ပတ်သက်ပြီး ဖြေမယ်ဆိုတာမျိုးတွေပေါ့။ ဒါမျိုးတွေရှိရင် မီဒီယာတွေ ဘက်ကလည်း တစ်ဖက်သတ် ရေးတယ်ဆိုတာ ဖြစ်မှာမဟုတ်ဘူး။”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၃၂) တွင်ပါရှိသော “ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်ရန်စီစဉ်နေ” သတင်းမှ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အတွင်းရေးမှူး The Voice Weekly Journal မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive