Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. စီးပွားရေးဖွံ့ဖြိုးမှုပုံစံ ချမှတ်ကျင့်သုံးနိုင်အောင်  မြန်မာကို ကိုရီးယားကူညီမည်

(The Korea Herald မှ 19 Jun 2013  ရက်စွဲပါ “Korea to  help  Myanmar adopt  development model” သတင်းကို ဘာသာပြန်ဆိုသည်)

  1. Exim Bank ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံတွင် ဖွင့်မည်

(19 June 2013 ရက်စွဲပါ The Hindu Business Time မှ Exim Bank to open office in Myanmar ကိုဘာသာ ပြန်ဆိုသည် )

  1. မြန်မာနိုင်ငံတွင် မွတ်စလင် ဆန့်ကျင်ရေးအကြမ်းဖက်မှုကို ကိုင်တွယ်ဖို့လိုအပ်

(UPI မှ 19 June 2013 ရက်စွဲပါ “ UN official: Myanmar must deal with anti – Muslim violence” သတင်းကို ဘာသာပြန်ဆိုသည်။)


စီးပွားရေးဖွံ့ဖြိုးမှုပုံစံ ချမှတ်ကျင့်သုံးနိုင်အောင်  မြန်မာကို ကိုရီးယားကူညီမည်

(The Korea Herald မှ 19 Jun 2013  ရက်စွဲပါ “Korea to  help  Myanmar adopt  development model” သတင်းကို ဘာသာပြန်ဆိုသည်)

လက်ရှိ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်းဟေး၏ဖခင် ကွယ်လွန်သူသမ္မတ ပတ်ချုံးဟီးလက်ထက် ၁၉၇၀ ခုနှစ်များ ကာလတွင် ကိုရီးယားစီးပွားရေးတက်လာအောင် အသုံးပြုခဲ့သော ဖွံ့ဖြိုးရေးပုံစံကို မြန်မာနိုင်ငံတွင် ချမှတ်ကျင့်သုံးနိုင်ရန် ကူညီသွားမည်ဟု ကိုရီးယားဒုတိယဝန်ကြီးချုပ် ဘဏ္ဍရေးဝန်ကြီး ဟွန်အူဆွတ်က ပြောကြားလိုက်သည်။

မစ္စတာဟွန်ဦးဆောင်သော တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူများအဖွဲ့သည် မြန်မာအစိုးရ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီး ဒေါက်တာကံဇော်အပါအဝင် မြန်မာတာဝန်ရှိသူများနှင့် အစည်းအဝေးများ ဆက်တိုက်ပြုလုပ်ရန် အတွက် ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ ရောက်ရှိလာသည်။             

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရန် အားထုတ်ကြိုးပမ်းနေမှုကို ပံ့ပိုးအားပေးရန်အတွက် ကျယ်ပြန့်သော စီးပွားရေး အကူအညီများ ပေးအပ်သွားရန် ကိုရီးယားနိုင်ငံက စီစဉ်ထားသည်ဟု ဟွန်ကဆိုပါသည်။

ထို့အပြင် မြန်မာတို့၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် လမ်းညွှန်ကဏ္ဍမှပါဝင်မည့် စီးပွားရေးတွေးခေါ်ရှင်အုပ်စု Think Tank ထူထောင်ဖွဲ့စည်းခြင်းကိုလည်း ကူညီဦးမည်ဟု သိရှိရသည်။

ကိုရီးယား-မြန်မာ နှစ်နိုင်ငံသည် အိုင်တီ၊ စွမ်းအင်ရင်းမြစ်၊ အခြေခံအဆောက်အဦးစနစ်၊ ရုပ်သံထုတ်လွှင့်မှု စသောကဏ္ဍများတွင် အသိပညာမျှဝေခြင်းမှတဆင့် နီးကပ်စွာပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ၏ ရေအားလျှပ်စစ် ဖြန့်ဖြူးရေးဓါတ်အားလိုင်းများ အပါအဝင် စွမ်းအင်နှင့် ကားလမ်း အခြေခံ အဆောက်အဦးစနစ် တိုးတက် ရေးအတွက် စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှတစ်ဆင့် ငွေကြေးအကူအညီများ ပေးသွားမည်   ဖြစ်ကြောင်း ကိုရီးယားဘဏ္ဍာရေးဝန်ကြီးက ဆက်လက် ပြောကြားသည်။

ကိုရီးယားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများကိုလည်း မြန်မာနိုင်ငံသို့ စီးပွားရေးလမ်းကြောင်း ဖောက်ကြရန်နှင့် ဒလတွင် ဒေသတွင်းအခြေစိုက် ထူထောင်ကြရန် တိုက်တွန်းအားပေးသွားမည်ဟု သိရှိရသည်။


Exim Bank ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံတွင် ဖွင့်မည်

(19 June 2013 ရက်စွဲပါ The Hindu Business Time မှ Exim Bank to open office in Myanmar ကိုဘာသာပြန် ဆိုသည် )

Export – Import Bank of India (Exim Bank) သည် ရန်ကုန်တွင် ကိုယ်စားလှယ်ရုံး ဖွင့်ရန် မြန်မာအစိုးရ၏ ခွင့်ပြုချက်လည်း ရရှိခဲ့ပြီးဖြစ်သည်။ လိုင်စင်အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေကြေးအဖွဲ့အစည်းများ ကြီးကြပ်ရေးဌာန ဒုတိယညွှ့န်ကြားရေးမှူးချုပ် ဦးသိန်းဇော်က Exim Bank အမှုဆောင်ဒါရိုက်တာ David Rasquinha အားပေးအပ်ခဲ့သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်ရေး သည် ၂၀၀၇ - ၀၈ ခုနှစ်တွင် ဒေါ်လာ တစ်ဘီလီယံရှိခဲ့ရာမှ ယခုအခါ ဒေါ်လာ တစ် ဒသမ ကိုး ဘီလီယံသို့ ရောက်ရှိနေပြီဖြစ်သည်။


  1. မြန်မာနိုင်ငံတွင် မွတ်စလင် ဆန့်ကျင်ရေးအကြမ်းဖက်မှုကို ကိုင်တွယ်ဖို့လိုအပ်

(UPI မှ 19 June 2013 ရက်စွဲပါ “ UN official: Myanmar must deal with anti – Muslim violence” သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် ဘာသာကွဲ၊လူမျိုးကွဲ ရိုဟင်ဂျာများ အပေါ် အကြမ်းဖက်မှုကို ကိုင်တွယ် ရန် ပျက်ကွက်မှုသည် နိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂတာဝန်ရှိသူ ကပြောကြားလိုက်ပါသည်။

ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး နေဗီပီလေ က မြန်မာနိုင်ငံ အစိုးရသည် အကြမ်းဖက်မှု ကိုင်တွယ်ခြင်းကို ဦးစားပေးလုပ်ဆောင်ဖို့လိုသည်ဟု ဗုဒ္ဓဟူး နေ့က ပြောကြားခဲ့သည်။

“မြန်မာသမ္မတက သူ့နိုင်ငံမှာ ဘာသာကွဲ၊ လူမျိုးကွဲပြည်သူတွေအကြား သီးခံစိတ်ရှည် ကြဖို့၊ အပြန်အလှန် လေးစားမှုရှိဖို့၊ အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ လိုအပ်နေတဲ့အပေါ်မှာ အရေးပါတဲ့ ကြေညာချက်အချို့ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေး စိတ်ရင်းစေတနာ ကောင်းကတော့ ရှိနေပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီစေတနာကို ခိုင်မာတဲ့လက်တွေ့ဆောင်ရွက်ချက်တွေ အဖြစ် ကူးပြောင်းဖို့ အစိုးရကို တိုက်တွန်းအားပေးဖို့ လိုပါတယ်”ဟု ကော်မရှင်နာ မင်းကြီး ပီလေ ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်ရှိနေသော ဘင်္ဂါလီဘာသာစကား ပြောဆိုသူ ရိုဟင်ဂျာ ၈၀၀,၀၀၀ (ရှစ်သိန်း) ခန့်သည် နိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အများစုနေထိုင်ကြသည်။ နယ်စပ်တစ်ဖက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်တွင် နေထိုင်နေ သော ရိုဟင်ဂျာ အရေအတွက်မှာ ၃၀၀,၀၀၀ (သုံးသိန်း) ခန့်ရှိသည်။ ဘင်္ဂလားဒေ့ရှ် မျိုးရင်းတစ်ခုဖြစ်သော ဘင်္ဂါလီများ (ရိုဟင်ဂျာများ) တို့ မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် သတ်မှတ်ရန် ငြင်းပယ်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ၎င်း ရိုဟင်ဂျာ များကို လက်ခံလိုခြင်းမရှိပေ။

လောလောဆယ်တွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၁၄၀,၀၀၀ ခန့်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ၊ ယာယီဒုက္ခသည် စခန်းများတွင် နေထိုင်ကြရပြီး၊ အချို့ရိုဟင်ဂျာများမှာ စက်လှေများ ဖြင့် ပင်လယ်ဖြတ်ကူး ထွက်ပြေးလျက်ရှိသည်။

ရခိုင် - ရိုဟင်ဂျာ အဓိကရုဏ်းမှ အစပြုခဲ့သော မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု သည် မြန်မာနိုင်ငံတွင်း အခြားဒေသများသို့ ကူးစက်ပျံနှံ့သွားကာ မတ်လအတွင်းက မိတ္တီလာမြို့ အကြမ်းဖက်မှုဖြစ်စဉ်တွင် မွတ်စလင် ၄၃ ဦးသေဆုံး ခဲ့ရပြီး မေလ အတွင်းက လားရှိုးမြို့ အကြမ်းဖက်မှုဖြစ်စဉ်တွင် ဗလီနှင့် ဈေးဆိုင်များ မီးလောင်ပျက်စီး သွားခဲ့သည်။

အကြမ်းဖက်မှု ကျုးလွန်သူများကို အာဏာပိုင်များက ဖမ်းဆီးအပြစ်ပေးနေသော်ငြား လည်း နောက်ကွယ်မှ နိုင်ငံရေး ပယောဂဆရာများ၏ ကြိုးကိုင်မှုကို ဖော်ထုတ်နိုင်ခြင်း မရှိဟု ပြည်တွင်းမှ လေ့လာစောင့်ကြည့်သူများက ပြောဆိုကြ သည်။

 

 


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

 

 

“အရင်လုပ်ပြီးသား အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်တွေကို နိုင်ငံတကာရှေ့မှာ ထပ်ပြီး အတည်ပြုမှာ ဖြစ်တဲ့အတွက် အားလုံးနဲ့ သဘောတူညီချက် ရရင် ဇူလိုင်လအတွင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲဒီ လက်မှတ်ရေးထိုးပွဲမှာ မစ္စတာ ဘန်ကီမွန်း၊ မစ္စတာ ဗီဂျေ နမ်ဘီယား၊ မစ္စ ဟီလာရီကလင်တန်၊ မစ္စတာ တိုနီဘလဲ၊ မစ္စတာ ဂျင်မီကာတာ၊ မစ္စ ကက်သရင်း အက်စတန် တို့ကို ဖိတ်ကြားသွားဖို့ သမ္မတကြီးက ဆန္ဒရှိနေပါတယ်”

၂၀၁၃ ဇွန်လ ၂၁ ရက်နေ့ထုတ် မြန်မာ့ပို့စ် ဂလိုဘယ် အမှတ် (၁၁၄) တွင် ပါရှိသော “ကမ္ဘာ့သြဇာ အကြီးဆုံး ပုဂ္ဂိုလ်များကို ဇူလိုင်လတွင် ကျင်းပမည့် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပွဲ တွင် ဖိတ်ကြားမည်ဟု ၀န်ကြီး ဦးအောင်မင်းပြော” သတင်းမှ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 “ကျွန်တော်တို့ အနေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ မူမရှိဘူး။ ဒါပေမဲ့ ညွန့်ပေါင်းကို ပစ်ပယ်တာ မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ Landslide နိုင်ခဲ့ရင်တောင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ပြည့်ဝတဲ့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ ပြည်သူထောက်ခံတဲ့ အဖွဲ့တွေနဲ့ အမြဲပဲ လက်တွဲ လုပ်ကိုင်သွားမှာပါ”

၂၀၁၃ ဇွန်လ ၂၀ ရက်နေ့ THE VOICE နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကြံ့ခိုင်ရေးနှင့် မပူးပေါင်းနိုင်ဟု ဦးဝင်းတင်ပြော” သတင်းမှ NLD ပါတီ၏ နာယက အဖွဲ့ဝင် ဦးဝင်းတင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်တာတွေကို ဒီနေ့ကစပြီး ပညာပေးဖို့ လေ့လာမှု၊ ညှိနှိုင်းမှုတွေကို စဉ်ဆက်မပြတ် လုပ်သွားဖို့ ယာယီကော်မတီကနေ တတ်နိုင်သလောက် ရိုးရိုးသားသား ရှေ့လုပ်ငန်းစဉ်မှာ ရေးဆွဲသွားဖို့ သဘောထားရှိပါတယ်”

၂၀၁၃ ဇွန်လ ၂၀ ရက်နေ့ Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တိုင်းရင်းသားပေါင်းစုံ နှီးနှော ဖလှယ်ပွဲ ယာယီလုပ်ငန်းကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်မည်ဟု ဆို” သတင်းမှ NLD (LA) မှ ဦးထွန်းအောင်ကျော် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“အာမခံတယ်။ သံရုံး ၀န်ထမ်းယူတယ်ဆိုတာ ကျွန်တော်လည်း အဖြစ်မခံဘူး။ ဒီအချိန်မှုာ သူတို့ ဒုက္ခရောက်လို့ ပြန်တဲ့အချိန် ပိုဆိုးတာပေါ့။ ကျွန်တော် ၀န်ထမ်းတွေလည်း မှာထားပါတယ်။ ဖြစ်လာလို့ ရှိရင် သံရုံးဝန်ထမ်းက ယူတယ်လို့ တိတိကျကျ စွပ်စွဲလို့ရှိရင် သံအမတ်ကြီးလည်း သံအမတ်ကြီး ရာထူးကနေ ထွက်သွားပါမယ်။ ကျွန်တော် အဲလောက်အထိ အာမခံတယ်။ ရဲရဲတင်းတင်း အာမခံပါတယ်။ သံရုံးက ပါတယ် ဆိုရင် ရာထူးက ထွက်သွားတဲ့အထိ တာဝန်ခံပါတယ်။”

၂၀၁၃ ဇွန်လ ၂၀ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာ အလုပ်သမားများ ဌာနေ ပြန်ခွင့်အတွက် လာဘ်ယူမှုတွင် သံရုံးမှ ပါဝင်ပတ်သက်သည် ဆိုပါက ရာထူးမှ ထွက်ပေးသည်အထိ တာဝန်ခံ နိုင်ကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ပြောကြား” သတင်းမှ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်လတ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“အခုက သမ္မတဖြစ်ဖို့ ကိစ္စတွေကို ပြောဆိုတာတွေ များလာတော့ အခြေခံဥပဒေ ပြင်နိုင်ဖို့အတွက် လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ဒီလွှတ်တော်ကာလမှာ ဖွဲ့စည်းပြီး ကော်မရှင် အသက်ဝင် လှုပ်ရှားလာဖို့ဟာ အရေးတကြီး ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်”

၂၀၁၃ ဇွန်လ ၂၀ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အခြေခံဥပဒေ လေ့လာသုံးသပ် ရေး ကော်မရှင်ဖွဲ့စည်းရေး လာမည့် လွှတ်တော်တွင် အရေးကြီး ဆုံးဖြတ်ရမည့် အကြောင်းအရာ ဖြစ်” သတင်းမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် တပ်မတော်သားများ ထောက်ခံပေးရန် ဦးတင်ဦး ပြောကြား

ဇွန်လ ၁၉ ရက် ရွှေဂုံတိုင်ရုံးချုပ်၌ ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်မြောက် မွေးနေ့အခမ်းအနား၌ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် တပ်မတော်သားများက ထောက်ခံပေးရန် ဒီချုပ်နာယက ဦးတင်ဦးက တိုက်တွန်းပြောကြား သွားခဲ့သည်ဟုသိရှိရသည်။


ရန်ကုန်မြစ်ဖြတ် ချစ်ကြည်ရေးတံတား တောင်ကိုရီးယားမှ တည်ဆောက်ပေးမည်

တောင်ကိုရီးယားအစိုးရမှ မြန်မာ-တောင်ကိုရီးယား ချစ်ကြည်ရေးတံတား တစ်စင်းကို ရန်ကုန်မြစ်ဖြတ် တံတား တည်ဆောက်ပေးရန် သဘောတူလိုက်ပြီဖြစ်ပြီး အဆိုပါချစ်ကြည်ရေးတံတားသည် တောင်ကိုရီးယားနိုင်ငံ၏ ပုံရိပ်အား မြန်မာပြည်သူများအတွင်း မြှင့်တင်ပေးနိုင်လိမ့်မည်ဟု တောင်ကိုရီးယားအစိုးရ အနေဖြင့် ယုံကြည်နေကြောင်း ယွန်ဟပ် သတင်းစာတွင် ဖော်ပြထားချက်အရ သိရှိရသည်။

မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိနေသည့် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်သည့် အဖွဲ့နှင့် မြန်မာအစိုးရ သက်ဆိုင်ရာဝန်ကြီးဌာနတို့ ဆွေးနွေးအပြီးတွင် အဆိုပါ သဘောတူညီချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး တံတား ၏ တစ်ဖက်ခြမ်းတွင် တောင်ကိုရီးယား စက်မှုဇုန်တစ်ခုကို အကောင် အထည် ဖော်သွားမည်ဖြစ်ကာ ကိုရီးယား ကုမ္ပဏီများ ထိုစက်မှုဇုန်တွင် လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုနိုင်ရန်လည်း တောင်ကိုရီးယားက မြန်မာအစိုးရအား ဆက်လက် တိုက်တွန်း သွားမည်ဟု သိရှိရသည်။


ADB ဘဏ်မှ မြန်မာနိုင်ငံ၏ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း သုံးမည်

အာရှဒေသ ဖွံ့ဖြိုးရေး ဘဏ် (ADB) မှ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းကို လာမည့် ၂၀၁၄ ခုနှစ်တွင် သုံးစွဲသွားမည် ဖြစ်ကြောင်း အာရှဒေသဖွံ့ဖြိုးရေး ဘဏ်မှ သဘာဝပတ်ဝန်းကျင်၊ သယံဇာတ နှင့် စိုက်ပျိုးရေးဌာနမှ အကြီးတန်း သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူ Mrs. Pavit Ramachandran ၏ ပြောကြားချက်အရ သိရသည်။

အာရှ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ဧရာဝတီတိုင်းအတွက် ကန်ဒေါ်လာ ၄ သန်း၊ ကရင်ပြည်နယ်အတွက် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း၊ ရှမ်းပြည်နယ်အတွက် ၂ ဒသမ ၅ သန်းနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အပူပိုင်းဒေသများအတွက် ကန်ဒေါ် လာ သုံးသန်းကို လာမည့် ၂၀၁၄ တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်များအတွက် သုံးစွဲသွားမည် ဖြစ်ကြောင်း အဆိုပါဘဏ်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။


ထိုင်းပါလီမန် ဥက္ကဋ္ဌ နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌတို့အဖွဲ့အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တွေ့ဆုံ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ထိုင်း ပါလီမန်ဥက္ကဋ္ဌနှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ H.E.Mr. Somsak Kiatsuranont ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇွန်လ ၁၉ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ခေါင်းဆောင်များ အချင်းချင်းအပြင် တပ်မတော် နှစ်ရပ်အကြား အပြန်အလှန် လည်ပတ်မှုများဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်နိုင်ရေး၊ နှစ်နိုင်ငံ အကျိုးစီးပွားကို လက်တွေ့ကျကျဖော်ဆောင်နိုင်မည့် ထားဝယ် အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်နေမှု၊ မြန်မာနိုင်ငံ၌ လက်နက် ကိုင် ပဋိပက္ခများအား ချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေး၊ မြန်မာနိုင်ငံ၌ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေးတွင် ကူညီပံ့ပိုးပေးရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


ကမ္ဘာပေါ်တွင် ဒုက္ခသည် အများဆုံး ၁၀နိုင်ငံတွင် မြန်မာပါဝင်

မြန်မာနိုင်ငံသည် ကမ္ဘာ့ ဒုက္ခသည်အများဆုံးရှိသော ၁၀ နိုင်ငံတွင် ပါဝင်ပြီး အဆင့် ၇ နေရာတွင် ရပ်တည်နေ ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံ စာတွင်  ဖော်ပြထားချက်အရ သိရှိရသည်။ ၂၀၁၂ ခုနှစ်အထိ တစ်ကမ္ဘာလုံးတွင် အိုးအိမ် စွန့်ခွာ တိမ်းရှောင်နေရသော ဒုက္ခ သည်ပေါင်း ၄၅ ဒသမ ၂ သန်းရှိပြီး မြန်မာနိုင်ငံတွင် ဒုက္ခသည် လေးသိန်းကျော် ရှိကြောင်း ယင်းအစီရင်ခံစာ တွင် ဖော်ပြပါရှိသည်။

သို့သော် မြန်မာနိုင်ငံ၌ ဒုတိယမြောက် အဆင်းရဲဆုံး ပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ် တစ်ခုတည်း၌ ပင် ရွှေ့ပြောင်းဒုက္ခသည် (IDPS) ခြောက်သိန်းခန့်ရှိကြောင်း အစိုးရ၏ ယမန်နှစ် သတင်းထုတ်ပြန်ချက်အရ သိရသည်။


နိုင်ငံတော်သမ္မတ အစီအစဉ်ဖြင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၃၀ ကို စင်ကာပူသို့ လေ့လာရေးခရီး စေလွှတ်မည်

နိုင်ငံတော်သမ္မတ အစီအစဉ်ဖြင့် ၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သော လူရည်ချွန် ကျောင်းသား ကျောင်းသူ အယောက် ၃၀ ကို စင်ကာပူနိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်မည်ဖြစ်ကြောင်း သိရှိရသည်။ နေပြည်တော် အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုမှ လူရည်ချွန် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူ တစ်ဦးစီကို ရွေးချယ်ကာ နိုင်ငံခြားသို့ ပထမဆုံးအကြိမ် လေ့လာရေးခရီး စေလွှတ်သည့် အစီအစဉ်ဖြစ်သည်။

အစိုးရသစ် လက်ထက်၌ ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာ ကဏ္ဍ၌ ကင်းထောက်လူငယ်အဖွဲ့ ပြန်လည် ဖွဲ့စည်းခြင်း၊ ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ လူရည်ချွန် ရွေးချယ်၍ ပြည်တွင်း လေ့လာရေး ခရီးများ စေလွှတ်ခြင်း စသည့် အစီအစဉ်များ ဆောင်ရွက်ခဲ့သည်။


မြန်မာ့ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေး ယူရို ၁၀ သန်း EU ထောက်ပံ့မည်

မြန်မာနိုင်ငံကို အထူးအခွန် သက်သာခွင့် ပြန်လည်ပေးအပ်ခဲ့သော ဥရောပသမဂ္ဂ (EU) သည် မြန်မာနိုင်ငံ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရို ၁၀ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ ပြည်ပရေးရာ ဆိုင်ရာ အလုပ်အမှုဆောင် အရာရှိချုပ် Mr.David O’ Sullivan ၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ငွေများကို EU ပြန်လည်ပေးအပ်သော အထူးအခွန်သက်သာခွင့် အရ မြန်မာနိုင်ငံမှ ထွက်သော ပြည်တွင်း ထွက်ကုန်များ EU နိုင်ငံများသို့ တင်ပို့ရာတွင် အဆင့်မြင့်၍ အရည်အသွေး ပြည့်မီနိုင်စေရန်အတွက် ကုန်ပစ္စည်း ထုတ်လုပ် သည့် စက်မှုလုပ်ငန်းများ စက်ရုံများတွင် နည်းပညာ အထောက်အပံ့ပေးအပ်ရန် သုံးစွဲသွားမည်ဟု သိရှိရသည်။


ကြံ့ခိုင်ရေးနှင့် မပူးပေါင်းနိုင်ဟု ဟံသာဝတီ ဦးဝင်တင်ပြောကြား

NLD ပါတီ၏ နာယက အဖွဲ့ဝင် ဦးဝင်းတင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နေရာအမျိုးစု အနိုင်ရပါက ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပူးပေါင်းကာ အစိုးရအဖွဲ့ ဖွဲ့စည်းမည် မဟုတ်ကြောင်း ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၈ နှစ်မြောက် အခမ်းအနား အပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရှိရသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၎င်း၏ အမေရိက ခရီးစဉ်အတွင်း ၂၀၁၅ ခုနှစ်တွင် သမ္မတ ပြုလုပ်လိုကြောင်း၊ ရွေးကောက်ပွဲအပြီး၌ NLD နှင့် ညွန့်ပေါင်း အစိုးရဖွဲ့ ရန် ဖြစ်နိုင်ခြေရှိပြီး အတိအကျ ပြောရန်မူ စောလွန်းနေသေးကြောင်း၊ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive