ဘာသာပြန်သတင်းများ
(Bangkok Post မှ 31 Jan 2014 ရက်စွဲပါ “Myanmar workers face arrest threat” သတင်းကို ဘာသာပြန်ဆိုသည်)
(29 Jan 2014 ရက်စွဲပါ The Haffington Post မှ ကမ္ဘာ့ဘဏ်အုပ်စုဥက္ကဌ Jim Yong Kim ရေးသားသော Myanmar : A critical moment for the country’s future ကို ဘာသာပြန်ဆိုပါသည်)
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ
(Bangkok Post မှ 31 Jan 2014 ရက်စွဲပါ “Myanmar workers face arrest threat” သတင်းကို ဘာသာပြန်ဆိုသည်)
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာသည် ဖမ်းဆီးခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေ ကြရပြီး၊ ၎င်းတို့၏ သက်တမ်းကုန်နေသော အလုပ်သမားဗီဇာကို သက်တမ်းတိုးခွင့် ရမည့်အဆိုပြုချက်မှာ လွှတ်တေိာာ်ဖျက်သိမ်းထားခြင်းကြောင့် နှောင့်နှေးရပ်တန့်နေသည်ဟု သိရှိရသည်။
လွန်ခဲ့သော နှစ်လက လွှတ်တော်ဖျက်သိမ်းခဲ့ပြီးနောက်တွင် ပြည်ပအလုပ်သမားများနှင့် ပတ်သက်သည့် အစိုးရ၏ မူဝါဒသည် ရှင်းလင်းပြတ်သားမှု မရှိတော့ဟု အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ယက် LPN မှ ဒါရိုက်တာ ဆုပ်ပေါင်းဆရာလူး က ပြောကြားသည်။
မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် လေးနှစ်အလုပ်လုပ်ပြီးပါက မိခင်တိုင်းပြည်သို့ အနည်းဆုံး သုံးနှစ်ပြန်လုပ်နေထိုင်ပြီးမှ ထိုင်းနိုင်ငံသို့ ပြန်လာ၍ အလုပ်လုပ်နိုင်သည်။ နှစ်နိုင်ငံအစိုးရများ လက်မှတ် ထိုးထားသော နားလည်မှုစာချွန်လွှာ MOU တွင် ယင်းစည်းကမ်းချက်ကို ဖော်ပြထားသည်။
သို့ရာတွင် အဆိုပါ လေးနှစ်ပြည့်သွားသော အလုပ်သမားများအား ၎င်းတို့တိုင်းပြည်သို့ ပြန်စရာမလိုပဲ ထိုင်းနိုင်ငံတွင် ဆက်လက်အလုပ်လုပ်ခွင့်ပေးရန် အဆိုပြုချက်ကို ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနက ထိုင်းအစိုးရ ထံ တင်ပြခဲ့သည်။
အစိုးရ၏ အာဂျင်ဒါထဲတွင် ၎င်းအဆိုပြုချက် ပါဝင်လာပြီး များမကြာမှီတွင် လွှတ်တော်ကို ဖျက်သိမ်းလိုက်ရာ ယာယီအစိုးရတွင် ခွင့်ပြုရန်လုပ်ပိုင်ခွင့် အာဏာမရှိသောကြောင့် အဆိုပြုချက်မှာ သောင်မတင်ရေမကျ အခြေအနေ သို့ ဆိုက်ရောက်သွားသည်။
ယခုအခါ လေးနှစ်ပြည့်သွားသော အလုပ်သမားများမှာ အာဏာပိုင်များ၏ ဖမ်းဆီးခြင်း၊ ပြန်ပို့ခြင်း တို့ကို ရင်ဆိုင်နေရသည်။
“မြန်မာအာဏာပိုင်တွေက သူတို့ရဲ့ မြန်မာအလုပ်သမားတွေ (လေးနှစ်အလုပ်လုပ်ခွင့်ဗီဇာသက်တမ်း ကုန်သူများ) ကို ထိုင်းနိုင်ငံမှာ တရားစွဲမခံရပဲ ဆက်နေလို့ရတယ်လို့ ပြောနေပေမယ့် ကျွန်တော်တို့ ထိုင်းရဲ တွေက ဗီဇာသက်တမ်း ကျန်တဲ့အလုပ်သမားတွေကိုစတင်ဖမ်းဆီးနေပါပြီ” ဟု ဆုပ်ပေါင်း က ပြောကြားသည်။
“ဗီဇာသက်တမ်းတိုး အဆိုပြုချက် နှောင့်နှေးကြန့်ကြာနေစဉ်ကာလအတွင်း မြန်မာအလုပ်သမားများကို ဖမ်းဆီးမှုရပ်ဆိုင်းရန် ထိုင်း အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ထိုင်း ရဲတပ်ဖွဲ့ကို တောင်းဆိုသင့်ကြောင်း၊ ပြည်ပ အလုပ်သမားများသည် ထိုင်း စီးပွားရေးကဏ္ဍအတွက် အလွန်အရေးပါကြောင်း၊ ၎င်းတို့ အမြောက်အများ အိမ်ပြန် သွားပါက စီးပွားရေးနှင့် စက်မှုကဏ္ဍကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ကြောင်း” LPN ဒါရိုက်တာ ဆုပ်ပေါင် က ဆက်လက်ပြောဆိုသည်။
မစ္စတာဆုပ်ပေါင်း က ဆက်လက် ၍ “ထိုင်း အသေးစားလုပ်ငန်းများအရ အများစုသည် ၎င်းတို့၏ လုပ်ငန်းမှ ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့် ဗီဇာသက်တမ်းတိုးခြင်းကို ပြုလုပ်လိုခြင်း မရှိကြကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ကုမ္မဏီများနှင့် အစိုးရရုံးများအကြား ခရီးဝေးလွန်းခြင်း၊ ဌာနဆိုင်ရာ ကြိုးနီစနစ်များ ရှုတ်ထွေးလွန်းခြင်းတို့ကြောင့် ဖြစ်ကြောင်း” ထောက်ပြပြောဆိုသည်။
အလုပ်သမား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပရာစစ်ခရစ်ပေါ ကမူ ဗီဇာသက်တမ်းကုန်အလုပ်သမားများ အား ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးနေခြင်းကို ရပ်ဆိုင်းဖို့ တောင်းဆိုရန် ၎င်းတို့ဌာနတွင် အခွင့်အာဏာမရှိဟု ထုချေ ရှင်းလင်းသည်။
အကယ်၍ မြန်မာအစိုးရ အနေဖြင့် ၎င်းတို့၏ အလုပ်သမားများကို စိုးရိမ်ပူပန်ပါက ယာယီအစိုးရထံ တိုက်ရိုက်တင်ပြ ညှိနှိုင်းလုပ်ဆောင် ရပေလိမ့်မည်။
ထိုင်း အလုပ်သမားဦးစီးဌာန အနေဖြင့်မူ ဆိုင်ရာဥပဒေအချို့ ပြင်ဆင်ပေးရမည့် အဆိုပြုချက်ကို ထိုင်း အစိုးရထံ ယခင်နှစ်ကုန်ပိုင်းတွင် တင်ပြကာ ဗီဇာသက်တမ်းကုန် အလုပ်သမားများ ရင်ဆိုင်နေရသည့် ပြဿနာကို ဖြေရှင်းပေးရန် ကြိုးစားခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ယာယီအစိုးရသည် ဥပဒေများကို ပြင်ဆင်ရန်အခွင့်အာဏာမရှိသောကြောင့် ထိုသို့ပြုလုပ်ပါ က အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်ပေလိမ့်မည်။ သို့ဖြစ်ရာ ဥပဒေပြင်ဆင်မှု မှန်သမျှ အစိုးရသစ်၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းရလိမ့်မည်ဟု အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးတွင် ပရာစစ် က ရှင်းလင်း ပြောကြားသည်။
မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးပါသောအချိန်
(29 Jan 2014 ရက်စွဲပါ The Haffington Post မှ ကမ္ဘာ့ဘဏ်အုပ်စုဥက္ကဌ Jim Yong Kim ရေးသားသော Myanmar : A critical moment for the country’s future ကို ဘာသာပြန်ဆိုပါသည်)
မြန်မာနိုင်ငံသည် ပဋိပက္ခများ၊ မရေရာမှုများနျင့် အထီးကျန်မှုများမှ သာယာဝပြော၍ ငြိမ်းချမ်းသော အနာဂတ်ဆီသို့ ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ထွက်ပေါ်လာနေပြီ ဖြစ်ပါသည်၊ ၎င်းသည် အသွင်ကူးပြောင်းမှု သုံးခုကို လုပ်ဆောင်နေဆဲ ဖြစ်ပါသည်။ စစ်တပ်အစိုးရမှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းကာလကို ဖြတ်သန်းနေပါသည်။ နယ်စပ်ဒေသများတွင် ပဋိပက္ခဖြစ်နေရာမှ ငြိမ်းချမ်းရေးသို့လည်း အသွင်ကူးပြောင်း ရေးကာလကို ထက်သန်နေ ပါသည်။ ဗဟိုချုပ်ကိုင်မှုမှ ဈေးကွက်စီးပွားရေးသို့ ဦးတည်ဖြတ်သန်းနေပါသည်။
စာရေးသူ မြန်မာနိုင်ငံတွင် နှစ်ရက်တာလည်ပတ်စဉ်အတွင်း ကမ္ဘာ့ဘဏ်အုပ်စုက နှစ်များစွာ ပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြှုပ်နှံမှုအစီအစဉ်အတွက် ဒေါ်လာ (၂) ဘီလီယံ တန်ဖိုးရှိအကူအညီပေး၍ ကြေညာခဲ့ပါသည်။ အဆိုပါ ရန်ပုံငွေ ထောက်ပံ့မှုသည် မြန်မာနိုင်ငံ၏ ဦးစားပေးများဖြစ်သော စွမ်းအင် ကျန်းမာရေးနှင့် စိုက်ပျိုးရေးတို့တွင် နီးစပ်စွာ ကူညီလုပ်ကိုင်မှု ပိုမိုလာမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀% သည် လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ခြင်းမရှိပေ။ ရွာများတွင် ပြည်သူများနျာ ရေကို လက်နှင့်တင်ရပါသည်။ ကလေးများသည် ဖယောင်းတိုင်မီးနှင့် စာကျက်ရပါသည်။ ထင်းမီးနှင့် ချက်ပြုတ် ကြရပါသည်။ မြို့ပြများတွင် တိုးတက်မှုကို ကျယ်ပြန့်စွာ ခံစားရသော်လည်း၊ ကျေးရွာများတွင်မူ နှေးကွေးစွာ ခံစားကြရပါသည်။ ရွာများတွင် ဆင်းရဲမွဲတေမှု ပိုမိုသိပ်သည်းပြီး အလုပ်အကိုင်များမှာလည်း ရှားပါးလှပါသည်။
အစိုးရ၏ စိတ်ချရပြီးတက်နိုင်မည့် လျှပ်စစ်မီး အသုံးပြုနိုင်ရေး ကတိတဝတ်များကို အထူးသဖြင့် ကျေးရွာများတွင် အသုံးပြုနိုင်ရေးနှင့် ပတ်သက်၍ ကျွန်ုပ်တို့အနေဖြင့် မျှဝေလုပ်ဆောင်ပေးမည် ဖြစ်ပါသည်။ ထို့ကြောင့် လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ထုတ်လုပ်ခြင်း ပို့လွှတ်ခြင်းနှင့် ဖြန့်ဝေခြင်းတို့တွင် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရန် လုပ်ဆောင်ပေးသွား မည်ဖြစ်ပါသည်။
ထို့အပြင် ကျွန်ုပ်တို့၏ ရင်းနှီးမြှုပ်နှံမှုများသည် ထပ်ဆောင်းအနေဖြင့် ပုဂ္ဂလိက ကဏ္ဍကို ရန်ပုံငွေ ထောက်ပံ နိုင်ရေးကိုလည်း ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ပါသည်။ အဆိုပါ ရန်ပုံငွေ အလှူရှင်များမှ လှူဒါန်းငွေ၊ ပုဂ္ဂလိက ကဏ္ဍမှ ကူညီမှု၊ အစိုးရမှ မူဝါဒပြုပြင်ပြောင်းလဲရေးများ လျင်မြန်စွာ လုပ်ဆောင်ပေးခြင်းတို့ဖြင့် ၂၀၂၀ တွင် လူဦးရေး၏ ၅၀% က လျှပ်စစ်မီးအသုံးပြုနိုင်ရေးကို တိုးမြှင့်နိုင်ရန် ဖြစ်ပါသည်။ သို့မှသာ ၂၀၃၀ တွင် ကမ္ဘာနှင့်အညီ လျှပ်စစ်ဓါတ်အားအသုံးပြုနိုင်ရေး အစိုးရ၏ ရည်မှန်းချက်တို့အတွက် အုတ်မြစ်ချပေးနိုင် မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အား တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် တိုင်းသူပြည်သားများ၏ ဘဝများကို တိုးတက်မှုရှိစေသည်သာမက ပိုမိုကောင်းမွန်သော စီးပွားရေးဝန်းကျင်ကို ဖန်တီးပေးပြီး တစ်ဖက်မှ အလုပ်အကိုင်များကို ဖန်တီးပေးနိုင်ပါသည်။ ၎င်းသည် တိုင်းပြည်ကို တိုးတက်ပြီး၊ ဆင်းရဲမွဲတေမှုကို လျော့ချ နိုင်ပါသည်။
မြန်မာနိုင်ငံသည် ၎င်း၏ ပြည်သူများအပေါ်တွင် ရင်းနှီးမြှုပ်နှံရန်လည်း လိုအပ်နေပါသည်။ ကျန်းမာသန်စွမ်း သော ကလေးငယ်များသည် ကျောင်းတွင် ပိုမိုသင်ယူနိုင်စွမ်း ရှိမည်ဖြစ်ပြီး၊ ကျန်းမာသန်စွမ်းသော အရွယ်ရောက်ပြီး သူများသည်လည်း ထုတ်လုပ်မှုစွမ်းအား ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။ လူအများကို ဒုက္ခရောက်စေနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဥပဒေများမှ ကာကွယ်ပေးနိုင်ခြင်း သည်လည်း ဆင်းရဲမွဲတေမှုကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။
အရေးကြီးဆုံးအချက်မှာ ပြည်သူ၏ ကျန်းမာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အိမ်ထောင်စုများအတွက် အားကောင်းသော စီးပွားရေးအရ ရလဒ်များကိုရရှိစေသည်သာမက တိုင်းပြည်အတွက်ပါ အကျိုးရှိစေပါသည်။ မကြာမီက ထုတ်ဝေသော Lancet ကျန်းမာရေး ဂျာနယ်၏ လေ့လာတွေ့ရှိချက်အရ အချို့တိုင်းပြည်များ၏ စီးပွားရေး အရ တိုးတက်မှု၏ ၂၅% နီးပါးသည် ကျန်းမာရေးအရ ရလဒ်များ ပိုမိုကောင်းမွန် လာခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ ကျန်းမာရေးကဏ္ဍတွင် တစ်ဒေါ်လာရင်းနှီးမြှုပ်နှံ ခြင်းသည် ကဏ္ဍမျိုးစုံမှ (၉) ဒေါ်လာမှ ဒေါ်လာ (၂၀) ထိ ပြန်လည်ရရှိနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေး တွင် ရင်းနှီးမြှုပ်နှံခြင်းသည် စီးပွားရေးတိုးတက်မှုကို အရေးပါစွာ အထောက်အကူပြုနိုင်သည် ဆိုသည့်အချက်ကို ငြင်းချက်ထုတ် လိမ့်မည်မဟုတ်ဟု ဆိုချင်ပါသည်။
မြန်မာနိုင်ငံအတွက်မူ ဤသည်မှာ သတင်းကောင်းဖြစ်လိမ့်မည် ထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ၂၀၃၀ တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍနှင့် အကြုံးဝင် စေရန် ရည်မှန်းထားခြင်း ကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အဆိုပါ ရည်မှန်းချက်ကို ပြင်းထန်စွာ ထောက်ခံသည့်နည်းတူ အခြားဖွံ့ဖြိုးတိုးတက်ရေး လုပ်ဖော်ကိုင်ဖက်များကလည်း ထောက်ခံကြပါလိမ့်မည်။ အလှူရှင်များကလည်း နောက် သုံးနှစ်မှ လေးနှစ်အတွက် စုစုပေါင်း ဒေါ်လာ သန်း (၈၀၀) ပေးအပ်ရန် ကတိပြုထားပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့ ကမ္ဘာ့ဘဏ်၏ အပိုင်းမှနေ၍ အစိုးရ၏ ကျန်းမာရေး ရည်မှန်းချက်ကို ကူညီနိုင်ရန် ဒေါ်လာ သန်း (၂၀၀ ) ရင်းနှီးမြှုပ်နှံရေး စီစဉ်ထားပါသည်။
နောက်ထပ် ရင်းနှီးမြှုပ်နှံမည့် အဓိကသော့ချက်ကျသော နယ်ပယ်မှာ ပထမနှစ်ခုနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍဖြစ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှု လျော့ချပြီး ချမ်းသာကြွယ်ဝမှု မြှင့်တင်ရန် ရည်မှန်းချက် အောင်မြင်စေလိုပါက စိုက်ပျိုးရေးနှင့် ပတ်သက်သော ရလဒ်ကောင်းများ တိုးတက်ရေးကို အာရုံပြုရမည် ဖြစ်ပါသည်။ GDP ၏ ၄၃% သည် စိုက်ပျိုးရေးကြောင့် ဖြစ်ပြီး၊ အလုပ်အကိုင်များ၏ ၅၄% မှာ စိုက်ပျိုးရေးကဏ္ဍတွင် ရှိပါသည်။ လူဦးရေ၏ ၇၀% ကျော်၏ စားဝတ်နေမှုအတွက် စိုက်ပျိုးရေးမှ အသက်မွေးဝမ်းကျောင်း ပြုစေပါသည်။ မြန်မာနိုင်ငံတွင် သဘာဝတရားအရ မြေပေါသည်။ ရေပေါသည် ဆိုသည့် အားသာချက်ရှိသော်လည်း ထုတ်လုပ်နိုင်မှုမှာ နိမ့်ကျနေဆဲဖြစ်ပါသည်။ အဆိုပါ ကိစ္စသည် အစိုးရအတွက် ပြဿနာဖြစ်နေပြီး ၎င်းကိစ္စကို ၎င်း၏ ပါတနာများ၏ အကူအညီများဖြင့် ဖြေရှင်းရမည် ဖြစ်ပါသည်။
ယခုအချိန်သည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်ထားနိုင်သော အချိန်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အာရှတွင် အားကောင်းမောင်းသန်နိုင်ငံတစ်ခု အဖြစ် နေရာကို ပြန်ရနိုင်ပါသည်။ မြန်မာနိုင်ငံမှ ခေါင်းဆောင်များသည် ပြည်သူများကို တစ်ခါမျှ မပေးခဲ့ဘူးသော စီးပွားရေးအရ အခွင့်အလမ်းများ ပေးနိုင်ပါသည်။
သို့သော် မြန်မာနိုင်ငံတွင် အဓိကစိန်ခေါ်မှုများ ရှေ့တွင်ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။ လျှပ်စစ်ဓါတ်အား ပိုမိုသုံးစွဲနိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် စိုက်ပျိုးရေးထုတ်လုပ်မှု အရေးပါစွာ တိုးတက်ရေးတို့ ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်အနည်းက ၎င်းတို့ကို ခက်ခဲသော အိမ်မက်အဖြစ် ဆိုနိုင်သော်လည်း ယခုအခါ အလားအလာကောင်းများ ရှိနေပြီ ဖြစ်ပါသည်။ ယခုအခါ တိုင်းပြည်ခေါင်းဆောင်များက လေးလေးနက်နက် လုပ်ဆောင်ပေး မှုပေါ်တွင်သာ မူတည်နေပြီး ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ခြေလှမ်းတိုင်းအတွက် ကူညီရန် အဆင့်ရှိနေပါသည်။