Transparency Myanmar

transparency.myanmar@gmail.com

အောက်တိုဘာ ၂၈

မြန်မာ့အမျိုးသမီး လက်ရွေးစင်အသင်းနှင့် ချစ်ကြည်ရေးပွဲစဉ်များ ကစားလျက်ရှိသော မြောက်ကိုးရီးယား ၁၆ နှစ်အောက် အမျိုးသမီးအသင်း တာဝန်ရှိသူများမှာ ဘောလုံးပွဲစဉ်အပြီးတွင် မီဒီယာများနှင့် တွေ့ဆုံခြင်းမရှိခဲ့ကြောင်း ယင်းပွဲစဉ်သို့သွားရောက် သတင်းယူခဲ့သော သတင်းထောက်တစ်ဦးက ယနေ့ပြောကြားသည်။

ပရိသတ်များကို အခမဲ့ကြည့်ရှုခွင့်ပြုသော ယင်းနေ့ပွဲစဉ်တွင် လာရောက်သတင်းယူသော သတင်းထောက် ၁၀ ဦး ခန့်သာရှိသဖြင့် ပွဲပြီးသတင်းစာရှင်းလင်းပွဲ မပြုလုပ်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယူဆခဲ့သော်လည်း မြောက်ကိုးရီးယားသံအမတ်၏ ခွင့်ပြုချက်မရခဲ့၍ ဖြစ်ကြောင်းကို သတင်းထောက်တစ်ဦး၏ ပြန်လည်ပြောပြချက်အရ သိရှိခဲ့ကြောင်း အထက်ပါ သတင်းထောက်က ဆက်လက်ပြောကြားသည်။

"သတင်းစာ ရှင်းလင်းပွဲအတွက် အာလုံးပြင်ပြီးသွားပြီ သတင်းထောက်တွေတောင် ခန်းမထဲရောက်နေပြီ။ နောက်တော့မှ မလုပ်တော့ဘူးဖြစ်သွားတာ"ဟု ရန်ကုန်အခြေစိုက် အားကစားမီဒီယာ တစ်ခုမှ သတင်းထောက်ကပြောဆိုသည်။

အာဏာရှင်အုပ်စိုးပြီး သတင်းလွတ်လပ်ခွင့် လုံးဝမရှိသော ကွန်မြူနစ်နိုင်ငံ မြောက်ကိုးရီးယားမှ ၁၆ နှစ်အောက် အမျိုးသမီး ဘောလုံးအသင်း၏ ချစ်ကြည်ရေးခရီးစဉ်မှာ နျူကလီယာ လက်နက်များထုတ်လုပ်ရန်လက်တွဲနေသည်ဟု နိုင်ငံတကာကသံသယရှိနေသော ကမ္ဘာပေါ်တွင် သီးသန့်အဆန်ဆုံးနှစ်နိုင်ငံ၏ ဆက်ဆံရေးအတွက် ဘောလုံးပွဲတခုထက် အဓိပ္ပါယ်ပိုမည်ဟု နိုင်ငံရေးလေ့လာသူတို့ဆိုပါသည်။

အာဏာရှင် ဦးနေ၀င်းလက်ထက် ၁၉၈၃ ခုနှစ်က တောင်ကိုးရီးယား သမ္မတ ချန်ထူးဝမ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြောက်ကိုရီးယားတို့က ဗုံးဖောက်ခွဲမှုဖြင့် သံတမန် ဆက်သွယ်မှု ဖြတ်တောက်ခဲ့သည်။ယင်းနောက် လက်ရှိစစ်အစိုးရ လက်ထက်တွင် ပြန်လည်ဆက်သွယ် ခဲ့ပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပတ်သက်၍ ပထမဆုံး လူသိရှင်ကြား ပြုလုပ်သော အစီအစဉ် တစ်ခုလည်းဖြစ်သည်။

ယင်းပွဲစဉ်တွင် ၁၆ နှစ်အောက် မြောက်ကိုရီးယားအသင်းမှာ မြန်မာ လက်ရွေးစင် အမျိုးသမီးအသင်းကို ခြေအသာဖြင့်ကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။ ကမ္ဘာပေါ်တွင် သတင်းလွတ်လပ်ခွင့် အနည်းဆုံး နှစ်နိုင်ငံ၏ ဒုတိယမြောက် နှင့် တတိယမြောက် ချစ်ကြည်ရေး ပွဲစဉ်များကို အောက်တိုဘာ ၂၉ နှင့် ၃၁ ရက်နေ့များတွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

 



--
Posted By icypress to Sensible Rumour at 10/29/2009 10:27:00 AM

0 comments:

Post a Comment